အတိုင်ပင်ခံပုဂ္ဂိုလ် ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၈၊ နိုဝင်ဘာ ၁၂ ရက်နေ့၊ စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မိန့်ခွန်းပြောကြားစဉ်
မြန်မာနိုင်ငံက မဖံွ့ဖြိုးသေးတဲ့ ကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းဝေးမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဖိတ်ခေါ်လိုက်ပါတယ်။

စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ မိန့်ခွန်း ပြောကြားရာမှာ ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။

လာရောက်ရင်းနှီးမြှုပ်နှံတဲ့အခါမှာလည်း ကိုယ့်စီးပွားရေးအောင်မြင်ဖို့သာ မကြည့်ဘဲ တာဝန်သိသိ ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ကြောင့် အရင်ကထက် လုပ်ကိုင်ရ လွယ်ကူလာသလို ကုမ္ပဏီတွေ မှတ်ပုံတင်ရတာလည်း အွန်လိုင်းကနေ လွယ်ကူစွာ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံတဲ့အခါ မြန်မာပြည်မှာရှိတဲ့ လူသားအရင်းအမြစ်တွေကိုပါ တိုးတက်ဖံွ့ဖြိုးအောင် ကူညီပေးကြဖို့လည်း သူမက ဆိုပါတယ်။ အတိုင်ပင်ခံဟာ မိန့်ခွန်းမှာ ရခိုင်အရေးနဲ့ ပတ်သက်လို့ ထည့်သွင်း ပြောကြားခဲ့ခြင်းမရှိပါဘူး။

အဲဒီ ထိပ်သီးအစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာလည်း တက်ရောက်နေတဲ့အတွက် ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံပြီး ဒုက္ခသည်တွေအရေး ဆွေးနွေးဖို့ရှိနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲဒီအခြေအနေကို နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ကို RFA က ဒီနေ့ မေးမြန်းရာမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ရှိ/မရှိ ကို မသိရှိကြောင်း နဲ့ အစည်းအဝေးမှာ ရခိုင်အရေးကိစ္စ ရှင်းလင်းတင်ပြမယ့် အခြေအနေ ရှိကောင်းရှိနိုင်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။

အဲဒီ ထိပ်သီးအစည်းဝေးကို မနေ့ကစပြီး လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့အထိ စင်္ကာပူနိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org
အတိုင်ပင်ခံပုဂ္ဂိုလ် ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ် အတိုင်ပင်ခံပုဂ္ဂိုလ် ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ် Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.