သီရိလင်္ကာ ကာကွယ်ရေး ဦးစီးချုပ် လူသတ်မှုတွေ ဖုံးကွယ်မှု စွပ်စွဲချက်နဲ့ အဖမ်းခံရ

ဗိုလ်ချုပ်ကြီးရာဗင်ဒရာကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထား
သီရိလင်္ကာမှာ ပြည်တွင်းစစ် အတွင်းက သတ်ဖြတ်မှုတွေကို ဖုံးကွယ်ပေးခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိပ်တန်း စစ်ခေါင်းဆောင်တစ်ဦးကို ရမန်နဲ့ ချုပ်မိန့်ပေးလိုက်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ရာဗန်ဒရာ ဝီဂျာဂရာနာရဒီဟာ သူ့ကို ဖမ်းဝရမ်း ထုတ်ခံရပြီးနောက်မှာ တရားရုံးမှာ အမှုလာရင်ဆိုင်ခဲ့ရပါတယ်။

ခွဲထွက်ရေး တမီလ် ကျား သူပုန်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ သီရိလင်္ကာ ပြည်တွင်းစစ် အဆုံးသတ်ပိုင်း ကာလတွေ အတွင်းမှာ လူငယ် ၁၁ ယောက်ကို သတ်ဖြတ်ခဲ့တယ် ဆိုပြီး စွပ်စွဲခံရတဲ့ အဓိက သံသယ တရားခံ ရေတပ်ထောက်လှမ်းရေး အရာရှိ တစ်ယောက်ကို ဗိုလ်ချုပ်ကြီး ရာဗင်ဒရာက ကာကွယ် ပေးခဲ့တယ် ဆိုပြီး အစိုးရရှေ့နေတွေက ပြောပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ဗိုလ်ချုပ်ကြီးရာဗင်ဒရာကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

မြို့တော် ကိုလံဘိုမှာ ရှိတဲ့ တရားရုံးက သူ့ကို ဒီဇင်ဘာ ၅ ရက်နေ့ အထိ ရမန်ယူပြီး ချုပ်မိန့် ချမှတ်ထားပါတယ်။

ရေတပ်ဗိုလ်ချုပ်ကြီးလည်း ဖြစ်တဲ့ ရာဗင်ဒရာကို ဖမ်းဆီးဖို့ အတွက် ဝရမ်း ၃ စောင် နိုဝင်ဘာလ အစောပိုင်း ကတည်းက ထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့ကျမှ စစ်ယူနီဖောင်း ဝတ်စုံ ပြည့် ဝတ်ဆင်ပြီး ရေတပ် အရာရှိတွေနဲ့ ထောက်ခံသူတွေ ဝန်းရံကာ အောက်တရားရုံး ရှေ့မှောက်မှာ အစစ်ဆေးခံခဲ့တာပါ။

သူ့ရဲ့ အာမခံ လျှောက်ထားမှုကို တရားရုံးက ပယ်ချခဲ့ပါတယ်။ တရားရုံး ကြားနာမှုကို လာရောက် သတင်းယူတဲ့ သတင်းထောက် တချို့ တိုက်ခိုက်ခံခဲ့ရတယ်လို့လည်း သတင်းထောက်တွေက ပြောပါတယ်။

သီရိလင်္ကာ ပြည်တွင်းစစ် အဆုံးပိုင်း အချိန်မှာ ကျား သူပုန် ခေါင်းဆောင်ပိုင်းအပါအဝင် တမီလ် လူမျိုး သောင်းနဲ့ ချီ သတ်ဖြတ်ခံခဲ့ရပါတယ်။ ပြည်တွင်းစစ် အတွင်းမှာ နှစ်ဖက်လုံးက ကြမ်းကြုတ် ရက်စက်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုပြီး စွပ်စွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေက ဒီ့အတွက် စုံစမ်းပြီး တရားစွဲဆို စစ်ဆေးဖို့ ကာလ ရှည်ကြာ တောင်းဆိုခဲ့ကြပေမယ့် အခု အချိန်အထိတော့ ဒါက မဖြစ်မြောက်သေးပါဘူး။

ရေတပ်ဗိုလ်ချုပ်ကြီး ရာဗန်ဒရာ ကာကွယ်ပေးခဲ့တယ် ဆိုတဲ့ ရေတပ်အရာရှိကိုတော့ သြဂုတ်လကတည်းက ဖမ်းဆီးထားပါတယ်။ အဲဒီ ရေတပ်အရာရှိ သတ်ဖြတ်ခဲ့တယ်လို့ ဆိုတဲ့ တမီလ် အများစုပါတဲ့ လူငယ် ၁၁ ယောက်ရဲ့ အလောင်းကိုတော့ အခု အချိန် အထိ ရှာမတွေ့သေးပါဘူး။

၂၀၀၈-၀၉ ခုနှစ်တွေ တုန်းက ကိုလံဘိုက ပြန်ပေးဆွဲ ငွေတောင်းမှုတွေ အများစုက ရေတပ် အရာရှိတွေ ဦးဆောင်တဲ့ အဖွဲ့တစ်ခုက ကျူးလွန်ခဲ့တာလို့ အရင်တုန်းက တရားရုံး စစ်ဆေးချက်တွေမှာ ရဲအရာရှိတွေက ထွက်ဆိုခဲ့ဖူးတာ ရှိပါတယ်။
 ပြည်တွင်းစစ်ရဲ့ နောက်ဆုံးကာလတွေမှာ တမိလ် အရပ်သားတွေ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေ အတွက် မေးခွန်းများစွာ ကျန်ရှိနေဆဲ
ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတွေက ဘာတွေလဲ

၂၆ နှစ် ကြာ ဖြစ်ပွားခဲ့တဲ့ သီရိလင်္ကာ ပြည်တွင်းစစ်မှာ နှစ်ဖက် အကျအဆုံးက လူ ၁၀၀,၀၀၀ ထက် မနည်း ရှိခဲ့ပါတယ်။ တမီလ် ကျားသူပုန်တွေက သူတို့ဟာ သီရိလင်္ကာ မြောက်ပိုင်းမှာ နေထိုင်ကြတဲ့ လူနည်းစု တမီလ် လူမျိုးတွေ အတွက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ပွဲရဲ့ နောက်ဆုံးပိုင်း လတွေ အတွင်းမှာ သေဆုံးခဲ့ရတဲ့ သောင်းဂဏန်းအထိရှိတဲ့ အရပ်သား အများ သေဆုံးခဲ့ရမှု အတွက် တိကျတဲ့ စာရင်းဇယားတွေ အခုအချိန်အထိ မရှိသေးပါဘူး။

စစ်ပွဲရဲ့ အဆုံးပိုင်း လတွေမှာ တမီလ် ကျားသူပုန် (LTTE) အဖွဲ့ ထိန်းချုပ်ထားတဲ့ အရှေ့မြောက်ပိုင်းဒေသမှာ တမီလ်လူမျိုး သိန်းနဲ့ချီဟာ ပိတ်မိနေခဲ့တာပါ။

အဲဒီ အချိန်မှာ အစိုးရ စစ်တပ်က အရပ်သားနဲ့ သူပုန် မခွဲခြားဘဲ အမြောက်တွေ ပစ်၊ ဗုံးတွေကြဲခဲ့လို့ လူအမြောက်အမြား သေဆုံးစေခဲ့တယ် ဆိုပြီး စွပ်စွဲခံရသလို သူပုန်ဘက်ကလည်း အရပ်သားကို လူသားဒိုင်းသဖွယ် အသုံးချခဲ့ပြီး ထွက်ပြေးသူတွေကို ပစ်သတ်ခဲ့တယ်လို့ စွပ်စွဲ ခံခဲ့ရပါတယ်။

အခုအချိန်အထိ ကျန်ရှိနေသေးတဲ့ စွပ်စွဲချက်တွေကတော့ အစိုးရတပ်ဟာ သူပုန်အဖွဲ့ခေါင်းဆောင်တွေကို ဖမ်းဆီးမိချိန် သို့မဟုတ် သူတို့ လက်နက်ချ ပြီး ချိန်မှာ သတ်ဖြတ်ခဲ့တယ် ဆိုတာပါ။

သီရိလင်္ကာ ပြည်တွင်းစစ် အတွင်း အရပ်သားတွေကို ပိုမို အကာအကွယ် ပေးခဲ့သင့်တယ်လို့ ၂၀၁၂ ခုနှစ်မှာတော့ ကုလသမဂ္ဂက ဝန်ခံ ခဲ့ပါတယ်။

စစ်ပွဲအတွင်းက ရက်ရက်စက်စက် ပြုမူခဲ့တာတွေကို ချယ်နယ်လ် ၄ သတင်းဌာနနဲ့ ကုလသမဂ္ဂက အမြာက်အမြား မှတ်တမ်းတင်ခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှု တစ်ခု အရ စစ်ပွဲရဲ့ အဆုံးသတ် ၅ လ အတွင်းမှာ လူ ၄၀၀,၀၀၀ အထိ သေဆုံးခဲ့နိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။ သေဆုံးခဲ့သူ အရေအတွက်က ဒီ့ထက်လည်း ပိုနိုင်တယ်ဆိုပြီး ပြောဆိုကြသူတွေလည်း ရှိပါတယ်။

BBC Burmese
https://www.bbc.com/burmese
သီရိလင်္ကာ ကာကွယ်ရေး ဦးစီးချုပ် လူသတ်မှုတွေ ဖုံးကွယ်မှု စွပ်စွဲချက်နဲ့ အဖမ်းခံရ သီရိလင်္ကာ ကာကွယ်ရေး ဦးစီးချုပ် လူသတ်မှုတွေ ဖုံးကွယ်မှု စွပ်စွဲချက်နဲ့ အဖမ်းခံရ Reviewed by THITHTOOLWIN on 18:19 Rating: 5
Powered by Blogger.