မအူပင်မြို့နယ်ရှိ သစ္စာမုနိ စေတီတော်မြတ်ကြီး၏ အလှူခံပုံး ခိုးယူသူ ၃ ဦးကို ပတ်ဝန်းကျင် အကူအညီဖြင့် ဖမ်းဆီး


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် မအူပင်တွံ့တေးသွားကားလမ်းဘေးတွင် တည်ထားပူဇော်သည့် သစ္စာမုနိ စေတီတော်မြတ်ကြီး၏ ဘုရားအလှူခံပုံး ခိုးယူသည့် လူငယ် ၃ ဦးကို ပတ်ဝန်းကျင် အကူအညီဖြင့် ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် ရမန်ယူထားကာ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း လေးအိမ်စုနယ်မြေ ရဲစခန်းမှ သိရှိရသည်။

 ဖြစ်စဉ်မှာ အောက်တိုဘာ ၂၉ ရက် ညပိုင်းက မအူပင်မြို့နယ်၊ ထနီးကျေးရွာ၊ မအူပင်တွံတေးသွား ကားလမ်းဘေးတွင် တည်ထားပူဇော်ထားသည့် သစ္စာမုနိစေတီတော်မြတ်ကြီးအတွင်းထားရှိ အလှူခံထားသည့် အလှူခံပုံးကို လူငယ် ၃ ဦးမှ ဖောက်၍ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။''အလှူခံပုံးကို ဖောက်ယူသွားတဲ့ လူငယ် ၃ ဦးက အသက် ၂၀ အရွယ်တွေပါ။ ပတ်ဝန်းကျင် အကူအညီနဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ် လက်ရှိမှာတော့ ရုံးထုတ်ရမန်ယူထားပြီးဖြစ်တဲ့အတွက် တရားစွဲဆိုသွားဖို့ ဆောင်ရွက်နေပါ တယ်''ဟု လေးအိမ်စုနယ်မြေရဲစခန်းမှ ရဲအုပ် အောင်ကျော်မိုးက ပြောသည်။ခိုးယူမှု ဖြစ်ပွားသည့်အချိန်မှာ မိုးရွာနေသည့်အတွက် ဘုရားရင်ပြင်တွင် လူသူကင်းရှင်းချိန် ကောင်းကျော်ကို၊ သန့်ဇင်လင်း၊ ဗန်ဒီး လူငယ် ၃ ဦးရောက်ရှိလာပြီး ဘုရားစေတီ လှိုင်ဂူအတွင်းထဲသို့ဝင်ရောက်ပြီး ၎င်းတို့ ၃ ဦး ပြန်ထွက် လာချိန်တွင် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက မသင်္ကာသဖြင့် ဘုရားစေတီ လှိုင်ဂူအတွင်း ဝင်၍ ကြည့်ရှုစစ်ဆေးရာ အလှူခံပုံးကို ဖောက်ကာအတွင်းမှာ ငွေများကို နှိုက်ယူသွားကြောင်း သိရှိကာ ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့ရာမှ ၎င်းတို့ ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အလှူခံပုံးဖောက်ကာ ခိုးယူသည့် ဘုရားအလှူငွေမှာ စုစုပေါင်း ၁၀၀'၂၅၀ ကျပ်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူ ကောင်းကျော်ကို၊ သန့်ဇင်လင်း၊ ဗန်ဒီးတို့အား လေးအိမ်စုနယ်မြေရဲစခန်းမှ (ပ)၈၇၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၂၉၅ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper
မအူပင်မြို့နယ်ရှိ သစ္စာမုနိ စေတီတော်မြတ်ကြီး၏ အလှူခံပုံး ခိုးယူသူ ၃ ဦးကို ပတ်ဝန်းကျင် အကူအညီဖြင့် ဖမ်းဆီး မအူပင်မြို့နယ်ရှိ သစ္စာမုနိ စေတီတော်မြတ်ကြီး၏ အလှူခံပုံး ခိုးယူသူ ၃ ဦးကို ပတ်ဝန်းကျင် အကူအညီဖြင့် ဖမ်းဆီး Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.