စဉ်ကိုင် ရဲစခန်းက ပန်ဒါ အလုပ်သမားသပိတ် ခေါင်းဆောင်တွေကို တရားစွဲဖို့ပြင်ဆင်

အလုပ်ထုတ်ခံရတဲ့ ပန်ဒါစက်ရုံအလုပ်သမားတွေကို ပုလိပ်ရဲစခန်းရှေ့မှာ ၂ဝ၁၈ နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်။
မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ် ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့အထည်စက်ရုံမှာ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၂ ရာကျော် ဆန္ဒပြတောင်းဆိုကြပြီးတဲ့နောက် အဲဒီလူတွေကို အလုပ်ပြန်ခန့်မယ်လို့ အလုပ်ရှင်ဘက်က နိုဝင်ဘာလ ၈ ရက်နေ့ညက သဘောတူလိုက်တဲ့အတွက် အလုပ်သမားတွေက သပိတ် ပြန်လှန်လိုက်ပါတယ်။

ဒါပေမယ့် အလုပ်သမားခေါင်းဆောင်တွေဖြစ်တဲ့ မဇာခြည်ဝင်း၊ ဒေါ်အေးအေးခိုင်၊ ကိုဝင်းထွန်းညွန့်၊ ဦးဌေးအောင်တို့ ၄ ယောက်ကို စဥ့်ကိုင်မြို့နယ်ရဲစခန်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ပြီး တရားစွဲဖို့ပြင်ဆင်နေတယ်လို့ မဇာခြည်ဝင်းက RFA ကိုပြောပါတယ်။

အဲဒီအလုပ်သမားတွေဟာ မနေ့က သူတို့ကိစ္စကိုဖြေရှင်းပေးဖို့ တိုင်းအစိုးရရုံးကို ချီတက်တောင်း ဆိုကြတဲ့အခါ ပလိပ်ရဲစခန်းရှေ့မှာ တားဆီးခံကြရပါတယ်။ အဲဒီနောက် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း အပါအဝင် တာဝန်ရှိသူတချို့က ညှိနှိုင်းပေးခဲ့ကြတဲ့အတွက် ဒီနေ့မှာ အလုပ်ပြန်ခန့်မယ့် စာချုပ်ချုပ်မယ်လို့ သိရပါတယ်။ ဒီကြားထဲမှာ အလုပ်သမား တန်းလျားတွေမှာ သုံးထားတဲ့ ရေဖိုးနဲ့ လျှပ်စစ်ဖိုး ၃ လစာကို အလုပ်ရှင်ဘက်က လျော်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုထားကြပါတယ်။

မဆလ အစိုးရခေတ် ကတည်းက ရှိခဲ့တဲ့ ပလိပ်ချည်မျှင်နဲ့အထည်စက်ရုံကို စက်မှုဝန်ကြီးဌာနက ၂ဝ၁၃ ခုနှစ်ကစပြီး ပန်ဒါကုမ္ပဏီကို ငှားရမ်းလုပ်ကိုင်ခွင့် ချပေးခဲ့တာဖြစ်ပါတယ်။ စက်ရုံမှာ ဝန်ထမ်း တစ်ထောင်ကျော်နဲ့ လည်ပတ်နေပြီး တဝက်လောက်က အရင်ဝန်ထမ်းဟောင်းတွေ ဖြစ်ပါတယ်။ စက်ရုံမှာ EC စာချုပ်ဆိုတဲ့ အလုပ်ရှင်-အလုပ်သမားသဘောတူစာချုပ် မညီမျှလို့ဆိုပြီး၊ မပြေလည်မှုတွေ မကြာခဏဖြစ်နေတာ နှစ်နဲ့ချီနေပြီဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
စဉ်ကိုင် ရဲစခန်းက ပန်ဒါ အလုပ်သမားသပိတ် ခေါင်းဆောင်တွေကို တရားစွဲဖို့ပြင်ဆင် စဉ်ကိုင် ရဲစခန်းက ပန်ဒါ အလုပ်သမားသပိတ် ခေါင်းဆောင်တွေကို တရားစွဲဖို့ပြင်ဆင် Reviewed by THITHTOOLWIN on 10:22 Rating: 5
Powered by Blogger.