ညောင်ပင်သာမြို့ရှိ ကားဂိတ်အနီး ၁၂ ဘီးယာဉ် ဘရိတ်ပေါက်ပြီး လမ်းဘေးရှိဆိုင်များ ဝင်တိုက်မိရာ လူ ၁ ဦးသေဆုံး


ပဲခူးတိုင်းဒေသကြီး၊ ညောင်ပင်သာမြို့ရှိ ကားဂိတ်အနီး ရန်ကုန်- မန္တလေး ပုံမှန်ကားလမ်း မိုင်တိုင်အမှတ် ၁၃၆/၂ နှင့် ၁၃၆/၃ ကြားတွင် ရာဘာများ တင်ဆောင်လာသည့် ၁၂ ဘီးယာဉ် ဘရိတ်ပေါက်ပြီး အရှိန်မထိန်း နိုင်ဘဲ လမ်းဘေးရှိ ဆိုင်များကိုဝင်တိုက်မိရာ လူ ၁ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။


အဆိုပါ ယာဉ်သည် နိုဝင်ဘာ ၁၅ ရက် ညနေ ၅း၀၀ နာရီဝန်းကျင်က လမ်းဘေးရှိ မုန့်ဟင်းခါးဆိုင်၊ ဖိနပ်ဆိုင်နှင့် ဖုန်းဆိုင်များသို့ အဆင့်ဆင့် ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
ကညွတ်ကွင်းမြို့ဘက်မှ ဖြူးမြို့ဘက်သို့ ယာဉ်မောင်း ဌေးနိုင် ၄၉ နှစ် မောင်းနှင်လာသည့် ရာဘာများတင် ဆောင်လာသော အပြာ၊ အနီစင်း ၁၂ ဘီးယာဉ်မှာ ပုံမှန်ကားလမ်းဘေး မုန့်ဟင်းခါးဆိုင်တွင် ရပ်၍ စကားပြော နေသည့် ဦးဌေးနိုင် ၄၅ နှစ်နှင့် ဒေါ်အေးအေးသန်း ၅၉ နှစ် တို့အား ဝင်ရောက်တိုက်မိကာ မုန့်ဟင်းခါး ဆိုင်မှ တဆင့် ဖိနပ်ဆိုင်၊ ထိုမှတဆင့် ဖုန်းဆိုင်အတွင်းသို့ ရောက်ရှိကာ ဖုန်းဆိုင်အတွင်းရောက်ရှိနေသည့် မောင်ပြုံးမောင်မောင် ၁၅ နှစ်အား ဝင်ရောက်ပွတ်တိုက်မိခဲ့ကြောင်း သိရသည်။

"သုံးဘီးယာဉ်က ဖြတ်ကွေ့တော့ လမ်းဘေးကို ကားကိုကွေ့လိုက်တာ ဘရိတ်ပေါက်ပြီးတော့ လမ်းဘေးမှာရှိတဲ့ ဆိုင်သုံးဆိုင်ဆင့်တိုက်ပြီး ဖုန်းဆိုင်မှာ ကားကရပ်သွားတယ်။ သေဆုံးသွားတဲ့သူက ဖြူးဆေးရုံကို ပို့တယ် ဖြူး ကနေ နေပြည်တော် ဆေးရုံအပို့ ဖြူးအထွက်လောက်မှာ သေဆုံးသွားတယ်။ လက်ရှိမှာ ဖမ်းဆီးစစ်ဆေး ဆောင်ရွက်နေပါတယ်။" ဟု ညောင်ပင်သာမြို့ နယ်မြေခံ ရဲစခန်းမှ စခန်းမှူး ရဲအုပ် တင်စိုးက ပြောသည်။

လက်ရှိတွင် ၁၂ ဘီးယာဉ်မောင်းနှင်းသူအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး ဥပဒေအရအမြန်ဆုံး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ တိုက်မိမှုကြောင့် ဦးဌေးနိုင်ကို ဆေးရုံသို့ ပို့ဆောင်နေစဉ် သေဆုံးသူ ဒေါ်အေးအေးသန်း၊ ပြင်ပလူနာ မစိုးရိမ်ရ ပြုံးမောင်မောင်တို့ ဒဏ်ရာရရှိခဲ့ကာ ညောင်ပင်သာတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ပျက်စီးဆုံးရှုံးမှုတန်းဖိုး ကျပ်သိန်း ၃၀၀ ခန့်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်းသူ ဌေးနိုင်အား ညောင်ပင်သာမြို့ နယ်မြေခံ ရဲစခန်းမှ ယာဉ် (ပ)၃၅/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper/
ညောင်ပင်သာမြို့ရှိ ကားဂိတ်အနီး ၁၂ ဘီးယာဉ် ဘရိတ်ပေါက်ပြီး လမ်းဘေးရှိဆိုင်များ ဝင်တိုက်မိရာ လူ ၁ ဦးသေဆုံး ညောင်ပင်သာမြို့ရှိ ကားဂိတ်အနီး ၁၂ ဘီးယာဉ် ဘရိတ်ပေါက်ပြီး လမ်းဘေးရှိဆိုင်များ ဝင်တိုက်မိရာ လူ ၁ ဦးသေဆုံး Reviewed by THITHTOOLWIN on 07:02 Rating: 5
Powered by Blogger.