ဇနီးထံအရက်ဖိုးတောင်း၍ မရသောကြောင့်နေအိမ်မီးရှို့မှု လွိုင်ကော်တွင်ဖြစ်ပွား


လွိုင်ကော် နိုဝင်ဘာ ၁
=================
ကယားပြည်နယ် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်တွင် ခင်ပွန်း ဖြစ်သူကဇနီးဖြစ်သူထံမှ အရက်ဖိုးတောင်းမရသောကြောင့် နေအိမ်ကို မီးရှို့သောဖြစ်ရပ်တစ်ခု အောက်တိုဘာ ၃ဝရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ နံနက် ၉နာရီ ကလွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် နေ ဒေါ်စန္ဒာမိုး (၃၇နှစ်)သည် ရပ်ကွက်အတွင်း လှည့်လည်လျက် အဝတ်လျှော်သည့်လုပ်ငန်းလုပ်ကိုင်ပြီး နေအိမ်သို့ပြန်လာရာ နေ အိမ်အတွင်းရှိပစ္စည်းများမီးလောင်နေသည်ကိုတွေ့ရှိရ၍ နေအိမ်ပေါ် သို့တက်ရောက်ကြည့်ရှုခဲ့ရာခင်ပွန်းဖြစ်သူဦးနောင်နောင် (၃၉နှစ်)အား တွေ့ရှိရပြီး ဒေါ်စန္ဒာမိုးကမီးလောင်နေသောပစ္စည်းများကို ဝင်ရောက် သယ်ယူနေစဉ်ခင်ပွန်းဖြစ်သူဦးနောင်နောင်က''နင့်အတွက်ဘာမှ မကျန်အောင်မီးရှို့ပစ်မယ်''ဟုဆိုပြီး ဒေါ်စန္ဒာမိုးအားနေအိမ်ပေါ်မှ တွန်းချခဲ့သည်ဟုပြောသည်။ ဒေါ်စန္ဒာမိုးက အနီးဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခံခဲ့ရာအနီးဝန်းကျင်နေသူများက မီးငြှိမ်း သတ်ခဲ့သောကြောင့်နံနက်၁၁နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။ အဆိုပါ မီးလောင်မှုကြောင့် နေအိမ်တစ်လုံးနှင့် အတွင်း ပစ္စည်းများမီးလောင်ကျွမ်းခဲ့ပြီး နေအိမ် တန်ဖိုးငွေကျပ်၁၁၂၅ဝဝနှင့် အတွင်းပစ္စည်းတန်ဖိုးငွေကျပ် ၃ဝဝဝဝဝ စုစုပေါင်းငွေကျပ် ၄၁၂၅ဝဝ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်အား လွိုင်ကော် မြို့မရဲစခန်းမှ ဆက်လက်စစ်ဆေး ရာ ခင်ပွန်းဖြစ်သူ ဦးနောင်နောင်က ဇနီးဖြစ်သူ ဒေါ်စန္ဒာမိုးထံမှ အရက်ဖိုးတောင်း၍မရသောကြောင့်နေအိမ်အတွင်းရှိစောင်၊ ခြင် ထောင်များကိုမီးရှို့လိုက်ရာမှ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ထိုဖြစ်စဉ်နှင့်စပ်လျဉ်း၍ လွိုင်ကော်မြို့မရဲစခန်းမှ(ပ) ၂၄/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆အရ အမှုဖွင့်လှစ်ပြီး အမှုစစ် အရာရှိ ရဲအုပ်ဆန်းကိုကိုအေးက တရားစွဲဆိုတင်ပို့နိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ကြီးမြင့်နိုင်(လွိုင်ကော်)
The Union Daily
https://www.facebook.com/pg/uniondaily.net
ဇနီးထံအရက်ဖိုးတောင်း၍ မရသောကြောင့်နေအိမ်မီးရှို့မှု လွိုင်ကော်တွင်ဖြစ်ပွား ဇနီးထံအရက်ဖိုးတောင်း၍ မရသောကြောင့်နေအိမ်မီးရှို့မှု လွိုင်ကော်တွင်ဖြစ်ပွား Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.