သန်လျင်၌ ငွေကျပ် ၉၀ သိန်း ခိုးယူသွားသူများအား ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ


ရန်ကုန် အောက်တိုဘာ ၃၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ အုတ်ဖိုစုရပ်ကွက်၊ ဘူတာလမ်းသွယ်ရှိ နေအိမ်တစ်အိမ်တွင် ၂၀၁၈ ခုနှစ် ဇွန်လ ၂၃ ရက် နံနက် ၆ နာရီအချိန်ခန့်က အိမ်ရှင်ဖြစ်သူ ဒေါ်----- သည် သန်လျင်မြို့ဈေးတွင် ဈေးရောင်းအပြီး နေအိမ်သို့ ပြန်လည် ရောက်ရှိရာ နေအိမ် ပြူတင်းပေါက်တံခါးပွင့်နေပြီး ဘီဒိုအတွင်း ထားရှိသည့် ပစ္စည်းများ ဖရိုဖရဲဖြစ်နေသဖြင့် ကြည့်ရှုရာ ပလပ်စတစ် အိတ်ဖြင့် ထုတ်ထားသော ငွေစက္ကူ ရောရာ ကျပ် ၉၀ သိန်း နှင့် အခြားစာရွက်စာတမ်းအချို့ပျောက်ဆုံးနေကြောင်းသိရှိရ၍ ခိုးယူ သူအား ဥပဒေအရ အရေးယူစုံစမ်းပေးပါရန် သန်လျင်မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားသဖြင့် သန်လျင်မြို့မရဲစခန်းမှ (ပ) ၁၉၆၅/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ- ၃၈၀ ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်းသိရသည်။

ထိုသို့တိုင်တန်းမှုအား သန်လျင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် အခင်းဖြစ်နေရာနှင့် အနီးစပ်မြို့နယ်များတွင် လိုက်လံ စုံစမ်းမှုပြုလုပ်ခဲ့ရာတွင် မြို့ဟောင်းရပ်ကွက်နေ ရဲရင့်မိုး (ခ) ရဲရင့်မြင့်မိုရ် (ခ) သာအေး ဆိုသူမှာ အလုပ်အကိုင် အတည်တကျ မရှိဘဲ ငွေကြေးများအလွန်အကျွံသုံးစွဲနေကြောင်းသတင်းအရ အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၀၂း၀၀ နာရီအချိန်ခန့်က သန်လျင်မြို့၊ အုတ်ဖိုစုရပ်ကွက်တွင် ဖမ်းဆီးစစ်ဆေးရာမှ ပျောက်ဆုံး ငွေကျပ် ၉၀ သိန်းအား ဒလမြို့နယ်၊ သမ္မတကမ်းခြေ ရပ်ကွက် နေသူများဖြစ်သည့် ဇော်မျိုးဦး (ခ) ပီဂျေး၊ ကျော်ကျော်ထွန်း (ခ) ကျော်လေး၊ မရီရီဝင်း (ခ) မမြမြဝင်း တို့နှင့်ပူးပေါင်းခိုးယူ ခဲ့ကြောင်းစစ်ဆေးသိရှိရသဖြင့် ၄င်းတို့ (၃) ဦးတို့အား အောက်တို ဘာ ၁၈ ရက် နံနက် ၉ နာရီ အချိန်တွင် ဒလမြို့နယ်၊ သမ္မတ ကမ်းခြေနေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများအား ဆက်လက်စစ်ဆေးရာ ခိုးယူ ရရှိသောငွေကျပ် ၉၀ သိန်းအနက် ရဲရင့်မိုး ထံမှ ငွေစက္ကူရောရာ ၅ သောင်းကျပ်၊ Haojue 110 အပြာရောင်ဆိုင်ကယ်(၁)စီး၊ ဖိနပ် (၃)ရံ၊ အကျီင်္နှင့် ဘောင်းဘီတို့အားလည်းကောင်း၊ ဇော်မျိုးဦး၊ ကျော်ကျော်ထွန်း နှင့် မရီရီဝင်း (၃) ဦးထံမှ ငွေစက္ကူရောရာ (၂၀၃၀၀၀၀)ကျပ်၊ Sansonic တံဆပ်အပြာရောင် ရေခဲသေတ္တာ (၁)လုံး တို့အားလည်းကောင်း၊ ပြန်လည်သိမ်းဆည်းရမိသဖြင့် ရဲရင့်မိုး အပါ(၄)ဦးအား အခြားပြစ်မှုများ ရှိ/မရှိ တိုက်ဆိုင် စစ်ဆေးကာ ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သန်လျင်၌ ငွေကျပ် ၉၀ သိန်း ခိုးယူသွားသူများအား ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ သန်လျင်၌ ငွေကျပ် ၉၀ သိန်း ခိုးယူသွားသူများအား ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:32 Rating: 5
Powered by Blogger.