အောက်လွှတ်တော်မှာ ဒီမိုကရက်အသာစီးနိုင်ပြီး အထက်လွှတ်တော်မှာ ရီပတ်ဘလီကန်ပါတီ ထိန်းချုပ်ဆဲ

ဒီမိုကရက်တွေ အောင်ပွဲခံတဲ့ အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲ
အမေရိကန် သမ္မတ သက်တမ်းဝက် ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီဟာ အောက်လွှတ်တော်ကို နေရာအများအပြားနဲ့ အနိုင်ရ ထိန်းချုပ်ထားနိုင်ပါပြီ။

အောက်လွှတ်တော်မှာ ဒီမိုကရက်ပါတီ ကိုယ်စားလှယ်နေရာ အများအပြားနဲ့ အနိုင်ရတာဟာ ၈ နှစ် အတွင်းမှာ ပထမဆုံးဖြစ်ပြီး ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစီအစဉ်တွေကို ဟန့်တားနိုင်တော့မယ် အခြေအနေ ဖြစ်သွားပါတယ်။

ဒါပေမယ့် အထက်လွှတ်တော်မှာတော့ သမ္မတ ဒေါ်နယ်ထရမ်ရဲ့ ရီပတ်ဘလစ်ကန်ပါတီက ကိုယ်စားလှယ် နေရာအများနဲ့ ထိန်းချုပ်ထား နိုင်ဦးမှာ ဖြစ်ပါတယ်။

အခု ရွေးကောက်ပွဲဟာ သမ္မတ ထရမ့်အတွက် လူထု ထောက်ခံမှု ဘယ်လောက် ရှိသလဲ ဆိုတာကို သိနိုင်တဲ့ ပြည်သူဆန္ဒခံယူပွဲ ပုံစံအဖြစ် ရှုမြင်ကြပါတယ်။

သမ္မတ အိမ်ဖြူတော်မှာ ရှိမနေတဲ့ ပါတီ တစ်ခုရဲ့ သက်တမ်းဝက် ကာလ အောင်မြင်မှုအဖြစ် သမိုင်းဝင် လမ်းကြောင်း တစ်ခုအဖြစ် ဒီရွေးကောက်ပွဲက သက်သေပြုနိုင်ခဲ့ပါတယ်။

"မနက်ဖြန်ဟာ အမေရိကန်နိုင်ငံအတွက် နေ့သစ် ဖြစ်လာတော့မယ်" ဆိုပြီး ၂၀၀၇ ခုနှစ်ကနေ ၂၀၁၁ ခုနှစ် အထိ ကွန်ဂရက် လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးပြီး အခု အဲဒီနေရာကို ပြန်လည် ရယူနိုင်တော့မယ့် ဒီမိုကရက် ခေါင်းဆောင် နန်စီပလိုစီက ပြောပါတယ်။

အသက် ၂၉ နှစ်အရွယ် ဒီမိုကရက် လွှတ်တော်အမတ်လောင်း အလက်ဇန်းဒရား-အိုကာစီယို-ကော်တက်ဇ် (လယ်) က ထောက်ခံသူတွေနဲ့အတူ အောင်ပွဲခံနေပုံ
လွှတ်တော် လောကထဲက အမျိုးသမီး ဒီမိုကရက် အမတ်တွေရဲ့ ခြေလှမ်းတွေ

ဒီရွေးကောက်ပွဲမှာ အမျိုးသမီး အမတ်တွေ အတော်များများ အရွေးခံခဲ့ရပြီး "အမျိုးသမီးတွေရဲ့ နှစ်" လို့တောင် သတ်မှတ်ခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် အမျိုးသမီး ဒီမိုကရက် အမတ် နှစ်ဦး ဖြစ်တဲ့ အလက်ဇန်းဒရီးယား အိုကာဆီယို ကောတက်ဇ် နဲ့ အက်ဘီ ဖင်ကီနာ တို့ ဟာ အောက်လွှတ်တော် သမိုင်းမှာ အသက်အငယ်ဆုံး အမတ်တွေ ဖြစ်လာပါလိမ့်မယ်။

ဒါ့အပြင် အခု အရွေးခံရတဲ့အထဲမှာ အီလန် အိုလ်မာ နဲ့ ရာရှီဒါ တလေ့ဘ် တို့က ပထမဆုံး မွတ်ဆလင် အမျိုးသမီး အမတ် တွေ ဖြစ်ပြီး ရှာရီးစ် ဒေးဗစ်စ်နဲ့ ဒက်ဘရာ ဟာလန် တို့ဟာလည်း ကွန်ဂရက်မှာ ပထမဆုံး အမျိုးသမီး အမေရိကန် ဌာနေ တိုင်းရင်းသား အမတ်တွေ ဖြစ်လာပါလိမ့်မယ်။

မဲရလဒ်တွေအရ အောက်လွှတ်တော်ကို ထိန်းချုပ်ခွင့် ရမယ့် အမတ်နေရာ ၂၃ နေရာကို ဒီမိုကရက်တစ် ပါတီ ရသွားပါပြီ။ အောက်လွှတ်တော်အတွက် အမတ်နေရာ ၄၃၅ နေရာ အားလုံးအတွက် အမေရိကန် ပြည်သူတွေ မဲပေးခဲ့တာပါ။

အောက်လွှတ်တော်မှာ အမတ်နေရာ အများစု ရသွားပြီ ဖြစ်တဲ့ ဒီမိုကရက်တွေအနေနဲ့ သမ္မတ ထရမ့် အစိုးရအဖွဲ့နဲ့ စီးပွားရေး လုပ်ငန်းတွေ အပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်တော့မှာပါ။

ဒါ့အပြင် သမ္မတ ထရမ့်ရဲ့ ဥပဒေရေးဆွဲရေး အစီအစဉ်တွေ အထူးသဖြင့် မက္ကဆီကို နိုင်ငံနဲ့ နယ်စပ်တလျှောက်မှာ တံတိုင်းကြီးတခု တည်ဆောက်ဖို့ ကတိပြုထားတာကို ဒီမိုကရက်တွေ ကန့်ကွက် တားဆီးခွင့် ရလာနိုင်မှာပါ။

ဒါပေမယ့်လည်း ဒီလို ဖြစ်လာတာဟာ သမ္မတ ထရမ့်အတွက်တော့ ပိုကောင်းတယ်လို့ အကဲခတ်တချို့က ဆိုပါတယ်။ သူအဆိုပြုတဲ့ ဥပဒေကြမ်းတွေ အတည်ဖြစ်အောင် ဒီမိုကရက်တွေနဲ့ ညှိဖို့ ကြိုးစားရင် ကြိုးစား၊ သူ့အစီအစဉ်တွေ မအောင်မြင်ဘူး ဆိုရင်လည်း ဒါဟာ ဒီမိုကရက်တွေက တားဆီးကန့်ကွက်လို့ ဆိုပြီး စွပ်စွဲနိုင်မှာ ဖြစ်ပါတယ်။

ဆီးနိတ် အထက်လွှတ်တော်က အခြေအနေ

ဆီးနိတ် အထက်လွှတ်တော်မှာတော့ ရီပတ်ဘလီကန်က အမတ်နေရာ အများစုကို ပြန်ရခဲ့ပါတယ်။

သမ္မတ ထရမ့်က ဆီးနိတ် လွှတ်တော်ကို အဓိကထား အာရုံစိုက် မဲဆွယ် စည်းရုံးခဲ့တာ ဖြစ်ပြီး အခုလည်း ရီပတ်ဘလီကန်က ဆီးနိတ် လွှတ်တော်ကို ဆက်ထိန်းချုပ် ထားနိုင်မှာမို့ သမ္မတ ထရမ့်အနေနဲ့ သူ့ရဲ့ သမ္မတ လုပ်ပိုင်ခွင့်နဲ့ တရားရေးနဲ့ အုပ်ချုပ်ရေး ရာထူး ခန့်အပ်မှုတွေကို ဆက်လုပ်နိုင်မှာပါ။

ဆီးနိတ် အထက်လွှတ်တော်မှာ အမတ်နေရာ အများစု ရထားပြီးသား ဖြစ်တဲ့ ရီပတ်ဘလီကန်က အမတ်နေရာ ၉ နေရာပဲ ပြိုင်ခဲ့ပြီး ဒီမိုကရက်တွေ အနေနဲ့ နဂို ရှိထားတဲ့ အမတ်နေရာ ၂၆ နေရာကို ကာကွယ်ဖို့ ကြိုးစားခဲ့ရတဲ့အတွက် ဒီနှစ်မှာ အခက်အခဲတွေနဲ့ အတော်လေး ရင်ဆိုင်ခဲ့ရပါတယ်။

ရီပတ်ဘလီကန် တွေအတွက် အဓိက ထောက်ခံမဲ ရခဲ့တဲ့ ပြည်နယ်တွေကတော့ အင်ဒီယားနား၊ မစ်ဆူရီနဲ့ မြောက်ဒါကိုတာ ပြည်နယ်တွေ ဖြစ်ပါတယ်။

တက္ကဆက် ပြည်နယ်မှာလည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက သမ္မတလောင်း အဖြစ် ဝင်ပြိုင်ခဲ့သူ ရီပတ်ဘလီကန် အမတ် တက်ဒ် ခရုဇ် က ဒီမိုကရက် အမတ်လောင်း ဘီတို အိုရူခ် ကို အနိုင်ရခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
အောက်လွှတ်တော်မှာ ဒီမိုကရက်အသာစီးနိုင်ပြီး အထက်လွှတ်တော်မှာ ရီပတ်ဘလီကန်ပါတီ ထိန်းချုပ်ဆဲ အောက်လွှတ်တော်မှာ ဒီမိုကရက်အသာစီးနိုင်ပြီး အထက်လွှတ်တော်မှာ ရီပတ်ဘလီကန်ပါတီ ထိန်းချုပ်ဆဲ Reviewed by THITHTOOLWIN on 21:51 Rating: 5
Powered by Blogger.