တရုတ်စက်ရုံတွေမှာ သေကြောင်းကြံစည်မှုများ တိုးပွါးလာ

Apple ကုမ္ပဏီအတွက် ပစ္စည်းများထုတ်လုပ်ပေးသည့် တရုတ်နိုင်ငံ Foxconn စက်ရုံ။
တရုတ်နိုင်ငံက အီလက်ထရောနစ်ပစ္စည်း စက်ရုံတွေမှာ ခက်ခဲကြပ်တည်းတဲ့ လုပ်ငန်းခွင်အခြေအနေကြောင့် အလုပ်သမားတွေ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုတွေ ဖြစ်ပေါ်လာနေတယ်လို့ ဒီကနေ့ထုတ်ဝေတဲ့ စစ်တမ်းတစောင်မှာ ဖော်ပြထားပါတယ်။

ဟောင်ကောင်အခြေစိုက် စီးပွားရေးအခွင့်အလမ်းညီမျှရေးအဖွဲ့နဲ့ အလုပ်သမားအခွင့်အရေး စောင့်ကြည့်မှု အဖွဲ့တဖွဲ့က ထုတ်ပြန်လိုက်တဲ့ ဒီစစ်တမ်းမှာ… ပြီးခဲ့တဲ့ ၈ နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှု ၁၆၇ မှု၊ သေကြောင်းကြံစည်ဖို့ လူသိရှင်ကြား ထုတ်ဖော်ပြောကြားမှုတွေကို လေ့လာပြီး ရေးသားထားတာပါ။

ဒီလေ့လာချက်အရ ကြီးကြပ်သူတွေဟာ အလုပ်သမားတွေရဲ့စိတ်ဖိစီးမှုတွေကို မသိကျိုးကျွန်ပြုနေရုံမက လုပ်ငန်းခွင်မှာ အသေးအဖွဲ အမှားအယွင်းလေးတွေကိုတောင် အပြစ်ပေးအရေးယူတာတွေ၊ အလုပ်သမားအဖြစ် စုဆောင်းစဉ်က ကတိပြုထားတဲ့အတိုင်း ဆုကြေးငွေ မပေးတာတွေ၊ လုပ်ငန်းခွင်လုံခြုံရေးအတွက် စိတ်ပူပန်နေကြတာတွေ၊ မကြာခဏ ဝန်ထမ်းအင်အားအတိုးအလျှော့ လုပ်တာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေအထိ ဖြစ်လာရတယ်လို့ ဖော်ပြထားပါတယ်။

အခုနှစ်အတွင်းမှာတင် Apple ကုမ္ပဏီအတွက် အီလက်ထရောနစ်ပစ္စည်းတွေ ထုတ်လုပ်ပေးနေတဲ့ Foxconn စက်ရုံက အလုပ်သမား ၁၃ ယောက် ကိုယ့်ကိုယ်ကိုသတ်သေခဲ့ကြပါတယ်။

အလုပ်သမားအရေး လှုပ်ရှားသူတွေကတော့ သူတို့ဟာ လုပ်ငန်းခွင်အခြေအနေ ဆိုးဝါးမှုနဲ့ အလုပ်သမားတွေအပေါ် ကြီးကြပ်သူတွေရဲ့ ဆိုးဝါးတဲ့ဆက်ဆံရေးတွေကြောင့် စိတ်ဖိစီးပြီး ကိုယ့်ကိုယ်ကို သတ်သေသွားကြတာလို့ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
တရုတ်စက်ရုံတွေမှာ သေကြောင်းကြံစည်မှုများ တိုးပွါးလာ တရုတ်စက်ရုံတွေမှာ သေကြောင်းကြံစည်မှုများ တိုးပွါးလာ Reviewed by THITHTOOLWIN on 11:43 Rating: 5
Powered by Blogger.