ကန်နှစ်ဝက်ရွေးကောက်ပွဲ မြန်မာနွယ်ဖွားတွေ ဘယ်လိုမဲပေးကြမလဲ


ဒီကနေ့ နိုဝင်ဘာလ ၆ ရက် နေ့မှာ ကျင်းပမယ့် အမေရိကန်ပြည်ထောင်စုရဲ့ သက်တမ်းဝက် ရွေးကောက်ပွဲတွေမှာ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်တဲ့ မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသားတွေကရော ဘယ်လိုမဲတွေ ပေးကြမယ်ဆိုတာကို ကြည့်ရအောင်ပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အမေရိကန်စံတော်ချိန် နိုဝင်ဘာလ ၆ ရက် အင်္ဂါနေ့မှာ ကျင်းပမယ့် သက်တမ်းဝက်ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာ ၄၃၅ နေရာစလုံးအပြင် အထက်လွှတ်တော် အမတ်နေရာ ၁၀၀ ထဲက ၃၅ နေရာနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ၃၆ နေရာအတွက် မဲပေး ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

အခုကျင်းပတဲ့ ရွေးကောက်ပွဲဟာ အမေရိကန် နိုင်ငံအတွက် သိပ်အရေးပါပြီး ရီပတ်ဘလစ်ကင်တွေဘက် ကြိုတင်မဲပေးတာကအစ သာနေ ပေမယ့် သူကတော့ ဒီမိုကရက်တစ်ပါတီဝင်မို့ ဒီမိုကရက်တွေကိုပဲ မဲပေးမယ်လို့ Pensylvania ပြည်နယ်မှာ နေထိုင်တဲ့ သမိုင်းသုတေသီ ဒေါ်ဖြူဖြူက ပြောပါတယ်။

"အန်တီက မနက်ဖြန်တော့မဲတော့သွားပေးမယ် ။ ဒီမိုကရက်က Susan wild ကို ဒီနိုဝင်လာ ၆ က အခုလာမယ့် Mid term ကအရမ်းအရေးကြီးတယ်။ ဘာဖြစ်လိုလဲဆိုတော့ ဒီသမ္မတအပေါ်မှာမူတည်တာပေါ့နော်။ Donald Trump က ပြောဆိုတာ လုပ်တာကိုင်တာတွေက အရင်သမ္မတတွေနဲ့ မတူဘူး သူ့ကိုပြန်ပြီး Check and Balance လုပ်ဖို့ အရေးကြီးတယ်ဆိုတဲ့သဘောပေါ့ ဒါပေမယ့် Pensylvania ကို ကြည့်မယ်ဆိုရင် အောက်ခြေ Grassroot ကစပြီး စည်းရုံးတာကို ကြည့်မယ်ဆိုရင် Republican တွေက ပိုသာတယ်။ တနိုင်ငံလုံးကို စမ်းစစ်ပြီး ကြည့်တဲ့အခါမှာ ကြိုတင်မဲပေးတဲ့လူတွေကြည့်ရင် Republican တွေကပိုများတယ်။"

Indiana ပြည်နယ်မှာ နေထိုင်တဲ့ ဒေါက်တာ ရိုဒင်းကတော့ သူတို့ပြည်နယ်မှာ က ရွေးကောက်ပွဲဟာ အကျိတ်အနယ် ယှဉ်ပြိုင်ဖို့ရှိပြီး ရီပတ်ဘလစ်ကင်တွေနိုင်ဖို့ များတယ်လို့ ပြောပါတယ်။

"အခုက Senate မှာ ၂ နေရာမှာ ၁ နေရာရွေးကောက်မှာကို အဲဒါတော်တော်လေးကို အမေရိကမှာ အ Hot ဆုံးဖြစ်နေတယ် ယှဉ်ပြိုင်မယ့် ၂ ယောက်ကတော့ ဒီမိုကရက်က အခုလက်ရှိဖြစ်နေတဲ့ Joe Donnelly နဲ့ ရီပတ်ပလီကန်က Mike Braun ပေါ့နော် အဲဒါ ကိုယ်မသာ သူမသာဖြစ်နေတယ်။ မနက်ဖြန်မှာ အဖြေသိရမှာပေါ့လေ။ ကျနော်တို့ Indiana ပြည်နယ်က အောက်လွှတ်တော်နေရာ ၉ နေရာရှိတယ်။ အများစု ခန့်မှန်းတာ ဒီမိုကရက်က ၂ နေရာလောက်ပဲ နိုင်မယ် ၊ ၇ နေရာကတော့ ရီပတ်ပလီကန်ကနိုင်မယ်လို့ ထင်ကြေးပေးနေကြတယ်။ ကျနော်တို့ Indiana ပြည်နယ်က Red state ပေါ့နော် ရီပတ်ပလီကန်တွေနိုင်တဲ့ ပြည်နယ်ဖြစ်တယ်။"

မေရီလန်းပြည်နယ်မှာ နေတဲ့ ဦးထွန်းအောင်ကတော့ မေရီလန်းနဲ့ လူဦးရေထူထပ်တဲ့ ကယ်လီဖိုးနီးယား ပြည်နယ်တွေမှာ ဒီမိုကရက်တွေ အသာစီး ရနိုင်ကြောင်းနဲ့ ဗာဂျီးနီးယားမှာတော့ ရီပတ်ဘလစ်ကင်က အသာစီးရဖို့ များပေမယ့် နေရာ အတော်များများမှာ အကျိတ်အနယ် ဖြစ်နေတယ်လို့ ပြောပါတယ်။

"မေရီလန်းပြည်နယ်မှာ နေတော့ မေရီလန်းကနေစပြောချင်တယ်။ မေရီလန်းကတော့ အစဉ်အလာအားဖြင့် ဒီမိုကရက်များတယ်၊ နိုင်တာများတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး Larry Hogan ကလွဲလို့ သူကတော့ ရီပတ်ဘလစ်ကင် ဒါပေမယ့် ရီပတ်ဘလစ်ကင်ပေမယ့် လွတ်လွတ်လပ်လပ်လုပ်တော့ သူက Trump ပြောတိုင်းလည်း မလုပ်ဘူး။ သူက ပေါ်ပြူလာ ဖြစ်တယ်ခေါ်ရမှာပေါ့လေ။ သူက ပြည်နယ်အုပ်ချုပ်ရေးမှူးပိုင်းမှာတော့ သူနိုင်မှာပဲ ။ ကျန်တဲ့အပိုင်းတွေမှာ Ben Cardin တို့ အထက်လွှတ်တော်အမတ်တို့ အောက်လွှတ်တော်အမတ်တို့ ကတော့ ဒီမိုကရက်တွေ သူတို့ကတော့ အပြတ်အသတ်နိုင်မှာပဲမေရီလန်းပြည်နယ်ရွေးကောက်ပွဲမှာ။ California ပြည်နယ်မှာက သူက ဇတ်လိုက်တွေများတယ် ဒီမိုကရက်များတယ်၊ ဗာဂျီးနီးယား မြောက်ပိုင်းကတော့ ဒီမိုကရက်များတယ်၊ တခြားနေရာတွေကတော့ Trump ကိုထောက်ခံတဲ့အမတ်က နိုင်ဖို့လမ်းများတယ်။ ဒါပေမယ့် အကြိတ်အနယ်ဖြစ်နေတယ် အိုဘားမားလည်း မဲတွေလိုက်ဆွယ်တယ်၊ ဒုသမ္မတဟောင်းလည်း ဒီမိုကရက်တွေအတွက်မဲလိုက်ဆွယ်တယ် ။ နောက်ပြီး Trump ကလည်း သူသန်တဲ့နေရာမှာ မဲလိုက်ဆွယ်တယ်။"

ဒီ ရွေးကောက်ပွဲတွေရဲ့ရလဒ်ဟာ သမ္မတ Donald Trump ရဲ့ ကျန်တဲ့ နှစ်နှစ်တာသက်တမ်းကာလမှာ အမေရိကန်ရဲ့နိုင်ငံရေး အာဏာချိန်ခွင်လျှာအပေါ် အရေးပါတဲ့ သက်ရောက်မှုရှိလာ နိုင်တာမို့ ရီပတ်ဘလစ်ကင် သမ္မတ Trump ကရော အတိုက်အခံ ဒီမိုကရက်တစ်ပါတီက သမ္မတဟောင်း Barack Obama နဲ့ ဒုသမ္မတဟောင်း Joe Biden တို့ ပါ အပြိုင်မဲဆွယ်နေကြတာပါ။

လက်ရှိမှာ ရီပတ်ဘလစ်ကင်ပါတီက သမ္မတနေရာရော လွှတ်တော်နှစ်ရပ်စလုံးကိုပါ ထိန်းချုပ်ထားတာပါ။ ဒါပေမဲ့ အောက် လွှတ်တော်ကို ဒီမိုကရက်တစ်ပါတီက ပြန်ထိန်းချုပ်နိုင်ပြီး အထက်လွှတ်တော်ကိုတော့ ရီပတ်ဘလစ်ကင် ပါတီက ဆက်ထိန်းထားနိုင်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ခန့်မှန်း နေကြပြီး အမေရိကန်ရောက် မြန်မာနွယ်ဖွား အမေရိကန်သားတွေကလည်း သူတို့ ပါတီတွေ အနိုင်ရဖို့ မဲသွားပေးကြမှာဖြစ်ပါတယ်။

ဒေါ်ခင်မျိုးသက် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ကန်နှစ်ဝက်ရွေးကောက်ပွဲ မြန်မာနွယ်ဖွားတွေ ဘယ်လိုမဲပေးကြမလဲ ကန်နှစ်ဝက်ရွေးကောက်ပွဲ မြန်မာနွယ်ဖွားတွေ ဘယ်လိုမဲပေးကြမလဲ Reviewed by THITHTOOLWIN on 09:48 Rating: 5
Powered by Blogger.