ပစိဖိတ် သမုဒ္ဒရာထဲက ပြင်သစ်ပိုင် နယူးကယ်လီဒိုးနီးယား ဆန္ဒခံပွဲမှာ လွတ်လပ်ရေးကို ပယ်ချ

လွတ်လပ်ရေး လိုလားသူတွေက တောင်းဆိုနေဆဲ
ပစိဖိတ် သမုဒ္ဒရာထဲက နယူးကယ်လီဒိုးနီးယား ကျွန်းစုမှာ လွတ်လပ်ရေး ဆန္ဒခံယူပွဲလုပ်တော့ မယူလိုတဲ့ဘက်က နိုင်သွားပါတယ်။

နောက်ဆုံးရလဒ်အရ ၅၆ ရာခိုင်နှုန်းကျော်က ပြင်သစ်နဲ့ ဆက်ပေါင်းချင်ပြီး ၄၄ ရာခိုင်နှုန်းလောက်က ခွဲထွက်ချင်တာဖြစ်လို့ ထင်ထားတာထက် ပိုပြီး အကြိတ်အနယ် ဖြစ်ခဲ့ပါတယ်။

မဲထွက်ပေးသူကလည်း ၈၁ ရာခိုင်နှုန်း ရှိပါတယ်။ လွတ်လပ်ရေး အတွက် ဆူပူလှုပ်ရှားမှုတွေ အဆုံးသတ်ဖို့ မဲဆန္ဒခံပွဲ လုပ်ပေးမယ်လို့ ၁၉၈၈ ကတည်းက သဘောတူထားခဲ့ကြတာ ဖြစ်ပါတယ်။

ပြင်သစ် သမ္မတ အီမန်ဝဲ မက်ခရွန်းကတော့ ဒါဟာ သမ္မတနိုင်ငံကို ယုံကြည်ကြောင်း ပြတာလို့ ကြုံးဝါးပါတယ်။

ဆန္ဒခံပွဲက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးသွားပေမယ့် တချို့နေရာမှာတော့ မဲပေးပြီးနောက် ဆူပူမှုတွေ ဖြစ်ခဲ့ပါတယ်။

ညိုမီယာ မြို့တော်မှာ ကားတွေနဲ့ ဆိုင်တဆိုင် မီးရှို့ခံရတယ်လို့ သတင်းစာတွေက ရေးပါတယ်။

လမ်းတွေကိုလည်း ဆန္ဒပြသူတွေက ပိတ်တာတွေ ရှိတယ်လို့ နယူးကယ်လီဒိုးနီးယား မဟာမင်းကြီးရုံးက ပြောပါတယ်။

ရလဒ်သဲကွဲလာပြီးနောက် ဆူပူမှုတွေဖြစ်

ဒီကျွန်းစုမှာ နီကယ် ကြွယ်ဝလို့ ပြင်သစ်ရဲ့ နိုင်ငံရေး စီးပွားရေးအရ မဟာဗျူဟာကျတဲ့ နယ်မြေ ဖြစ်ပါတယ်။ နီကယ်ဟာ အီလက်ထရောနစ် ပစ္စည်းတွေ ထုတ်လုပ်ရာမှာ မပါမဖြစ်တဲ့ သတ္တုဖြစ်ပါတယ်။

ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် မရသေးတဲ့ နယ်မြေ ၁၇ ခုမှာလည်း ဒီကျွန်းတွေ ပါပါတယ်။ ကိုလိုနီဘဝက မလွတ်သေးဘူးလို့ ဆိုနိုင်ပါတယ်။

သြစတြေးလျရဲ့ အရှေ့ဘက်မှာ ရှိတဲ့ ဒီနယ်မြေမှာ တိုင်းရင်းသား ကာနက် တွေက လူဦးရေရဲ့ ၄ဝ ရာခိုင်နှုန်းလောက် ရှိပြီး မဲပေးခွင့်ရှိသူက ၁၇၅,ဝဝဝ ရှိပါတယ်။

လူဦးရေရဲ့ ၂၇ ရာခိုင်နှုန်းရှိတဲ့ ဥရောပ နွယ်ဖွားတွေကတော့ ပြင်သစ်မျိုးချစ်စိတ် ထက်သန်ပြီး တချို့ ကနက်တွေကလည်း ပြင်သစ်နဲ့ ဆက်ပေါင်းချင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

ကျန်တဲ့ လူသုံးပုံတပုံမှာလည်း အများစုက လွတ်လပ်ရေးကို မလိုလားဘူးလို့ သိရပါတယ်။

ဒီကျွန်သားတွေဟာ ပြင်သစ် အစိုးရဆီက တနှစ်ကို ဒေါ်လာ သန်းတထောင့်ငါးရာလောက် အကူအညီတွေ ရကြပါတယ်။

ယဉ်ကျေးမှုစုံတဲ့ ငြိမ်းချမ်းနိုင်ငံလိုချင်တယ်လို့ လွတ်လပ်ရေး လိုလားသူတွေဆို
ဒီမဲပေးပွဲက သမ္မတနိုင်ငံကို ယုံကြည်မှုပြတာလို့ ဆိုသူ မက်ခရွန်
နယူးကယ်လီဒိုးနီးယားမပါတဲ့ ပြင်သစ်နိုင်ငံဟာ အလှတွေ လျော့သွားမယ်လို့တောင် မေလက ဒီကျွန်းတွေကို လာလည်တဲ့ သမ္မတ မက်ခရွန်းက ပြောခဲ့ပါတယ်။

၁၉ ရာစု အလယ်ပိုင်းကတည်းက ဒီနယ်မြေတွေကို ပြင်သစ်က သိမ်းပြီး အကျဉ်းစခန်းအဖြစ် အသုံးချခဲ့ဖူးပါတယ်။

၁၉၈ဝ ပြည့်လွန်နှစ်တွေမှာ ဒေသခံ ကနက်တွေနဲ့ ပြင်သစ်တပ်တွေကြား ထိခိုက်သေကြေတဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

တခါမှာတော့ ကနက်ခွဲထွက်ရေးသမားတွေက ပြင်သစ် စစ်သား ၄ ယောက်ကို သတ်ပြီး ၂၃ ယောက်ကို ဂူထဲမှာ ပြန်ပေးဆွဲခဲ့ဖူးပါတယ်။ လိုက်ပြီး နှိမ်နင်းရာမှာ ကနက် ၁၉ ယောက်နဲ့ စစ်သား ၂ ယောက် သေဆုံးခဲ့ရပါတယ်။

 မဲပေးခွင့်ရှိသူ ၈ဝ ရာခိုင်နှုန်း မဲပေး
၁၉၈၈ မှာတော့ အသတ်အဖြတ်တွေ ရပ်ဖို့နဲ့ လွတ်လပ်ရေး ဆန္ဒခံပွဲလုပ်ဖို့ လွတ်လပ်ရေး လိုလားတဲ့ဘက်နဲ့ မလိုလားတဲ့ဘက်က ကိုယ်စားလှယ်တွေ သဘောတူခဲ့ကြပါတယ်။

မခွဲဘူးလို့ မဲပေးခဲ့ရင်လည်း ၂ဝ၂၂ မတိုင်ခင်မှာ နောက်ထပ် မဲပေးပွဲ ၂ ခါ လုပ်နိုင်ပါသေးတယ်။

ထွက်မယ်လို့သာ မဲပေးခဲ့ရင်တော့ ဂျီဘူတီနဲ့ ဗာနူအာတူ နောက်ပိုင်း နယူးကယ်လီဒိုးနီးယားဟာ အနှစ် ၄ဝ နီးပါးမှာ ပြင်သစ်က ပထမဆုံး ခွဲထွက်တဲ့ နယ်မြေ ဖြစ်လာပါလိမ့်မယ်။

ပြင်သစ် လွှတ်တော်မှာလည်း သူတို့ဆီကနေ အောက်နဲ့ အထက်လွှတ်တော် အမတ် နှစ်ယောက်စီ စေလွှတ်ခွင့်ရပါတယ်။

နယူးကယ်လီဒိုးနီးယား လွှတ်တော်မှာတော့ ရဲ၊ ပညာရေးနဲ့ ဒေသတွင်းဥပဒေ ပြုရေးတွေ ဆောင်ရွက်နိုင်တဲ့ အုပ်ချုပ်ရေး အဖွဲ့ကို တင်မြှောက်ခွင့် ရှိပါတယ်။

BBC Burmese
https://www.bbc.com
ပစိဖိတ် သမုဒ္ဒရာထဲက ပြင်သစ်ပိုင် နယူးကယ်လီဒိုးနီးယား ဆန္ဒခံပွဲမှာ လွတ်လပ်ရေးကို ပယ်ချ ပစိဖိတ် သမုဒ္ဒရာထဲက ပြင်သစ်ပိုင် နယူးကယ်လီဒိုးနီးယား ဆန္ဒခံပွဲမှာ လွတ်လပ်ရေးကို ပယ်ချ Reviewed by THITHTOOLWIN on 10:21 Rating: 5
Powered by Blogger.