ညောင်ဦးလေဆိပ်လမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး


ညောင်ဦး နိုဝင်ဘာ ၂၀

ညောင်ဦးမြို့ လေဆိပ်မီးပွိုင့်လမ်းဆုံတွင် နိုဝင်ဘာ ၁၉ ရက် ည ၈ နာရီခွဲအချိန်က မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် တိုက်မှုဖြစ်ပွားရာ မော်တော်ဆိုင်ကယ်စီးနင်းလာသူတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၉ ရက်၊ ည ၈ နာရီခွဲအချိန်က ကျောက်ပန်းတောင်းဘက်မှ ညောင်ဦးဘက်သို့ ယာဉ်မောင်း ရဲသူအောင် မောင်းနှင်ပြီး ဘေးမှ ယာဉ်နောက်လိုက် ဦးတင့်လွင်လိုက်ပါလာသော 3B /---- နံပါတ်ပါ HINO TRUCK အမျိုးအစား မော်တော်ယာဉ်သည် မီးပွိုင့်မီးစိမ်းနေသဖြင့် ပုဂံမြို့သစ်ဘက်သွားရာလမ်းသို့ ချိုးကွေ့ မောင်းနှင်စဉ် ညောင်ဦးဘက်မှ ကျောက်ပန်းတောင်းဘက်သို့ ဇော်သိုက် မောင်းနှင်ပြီး အလယ်မှ သက်နိုင်ဝင်း ၊ နောက်မှ ဖိုးထက်ဝင်း လိုက်ပါလာသော ၄၇ယ /----- နံပါတ်ပါ ZHAN SHENG CZI-125 အမျိုးအစား မော်တော်ဆိုင်ကယ်သည် မီးပွိုင့် မီးစိမ်းနေသဖြင့် ဆက်လက်မောင်းနှင်ခဲ့ရာ ဝင်ရောက်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူ ဇော်သိုက် သည် နဖူးပေါက်ပြဲဒဏ်ရာ၊ ညာပေါင်ပြဲဒဏ်ရာများရရှိပြီး အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့သည်။ ယင်း မော်တော် ဆိုင်ကယ်အလယ်မှ စီးနင်းလိုက်ပါလာသူ သက်နိုင်ဝင်းတွင် ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ ၊ ယာခြေဖမိုး ပွန်းပဲဒဏ်ရာ(စိုးရိမ်ရ)နှင့် နောက်မှလိုက်ပါလာသူ ဖိုးထက်ဝင်းတွင် အောက်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ ၊ မေးစေ့ ပေါက်ပြဲ ဒဏ်ရာ(စိုးရိမ်ရ)တို့ အသီးသီးရရှိခဲ့ပြီး ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်သူ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် နေသူ ယာဉ်မောင်း ရဲသူအောင် အား ညောင်ဦးမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ညောင်ဦးလေဆိပ်လမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး ညောင်ဦးလေဆိပ်လမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.