နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ဖို့ ကြိုးပမ်း

မောင်တော ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ်
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ချိန်ကစပြီး မောင်တောနယ်စပ် ကုန်သွယ်ရေးဂိတ်ကနေတဆင့် ဘင်္ဂလားဒေ့ရှ်ကုန်ပစ္စည်းတွေ တင်သွင်းမှု ရပ်ဆိုင်းနေတာကို ပြန်လည်စတင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကနေ လာမယ့်နှစ် စက်တင်ဘာလအထိ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာတော့ အမေရိကန်ဒေါ်လာ  ၈ သန်းအထိ တင်ပို့နိုင်ဖို့လျာထားတယ်လို့ မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်း တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးသာထွန်းစိန် က RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ မြန်မာပြည်မဘက်က လယ်ယာထွက်ပစ္စည်းတွေ၊ ရေထွက်ပစ္စည်း၊ ဝါး၊ ဆီးယို၊ ကွေကာ စတဲ့ အခြားပစ္စည်းတွေကို မောင်တောနယ်စပ်ကုန်သွယ်ရေးဂိတ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ဒန်အိုးဒန်ခွက်၊ အဝတ်အထည်၊ ဖိနပ် စတာတွေကို ပြန်လည်တင်သွင်းတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ မောင်တော နယ်စပ်ကုန်သွယ်ရေးဂိတ်ကနေ အမေရိကန်ဒေါ်လာ ၆ သန်း အထိတင်ပို့ဖို့ လျာထားခဲ့ပေမယ့် အမှန်တကယ်မှာ ကန်ဒေါ်လာ ၁၄ သန်းကျော်ဖိုးအထိ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org
နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ဖို့ ကြိုးပမ်း နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ဖို့ ကြိုးပမ်း Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.