အနောက်ရဲမူဆလင်ဒုက္ခသည်စခန်း ရုန်းရင်းဆန်ခတ်မှု ဖြစ်စဉ်အသေးစိတ်

(ဓာတ်ပုံ- ယူအန်)

နိရဉ္စရာ၊ နိုဝင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲမူဆလင် ဒုက္ခသည်စခန်းတွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့ နံနက် ၈ နာရီကျော်က မြန်မာနိုင်ငံရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်နှိမ်နှင်းခဲ့ရသည့် အထိ  ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာမှ သက်ဆိုင်ရာ တာဝန်ရှိသူများသို့ လေ့လာစုံစမ်း မေးမြန်းခဲ့ရာ ဖြစ်စဉ်မှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်၊ ကျောက်တန်းမြို့နယ်တွင် နိုဝင်ဘာ ၁၆ ရက်နေ့က ဖမ်းမိခဲ့သည့် ဘင်္ဂလီ လူမျိုး ၁၀၆ ယောက်အား စစ်ဆေးချက်အရ ၎င်းတို့သည် အနောက်ရဲ မူဆလင် ဒုက္ခသည်စခန်းမှ ဆာဘေ (၃၅) နှစ် (ဘ) အိစ္စလမ်၊ အဘူဆော့ယော် (၃၉) နှစ် (ဘ) နော်ရာလောင် တို့အား ပိုက်ဆံများ ပေး၍ လာခဲ့ရခြင်း ဖြစ်ကြောင်း၊  မလေးရှားတွင် အလုပ်လုပ်ရန် သူတို့နှစ်ဦးအား မခကြေးငွေ ပိုက်ဆံပေးခဲ့ရကြောင်း ထွက်ဆိုခဲ့သဖြင့် အထက်တာဝန်ရှိသူများမှ ၎င်းအနောက်ရဲမူဆလင် ဒုက္ခသည် စခန်းမှ ၎င်းလူကုန်ကူးသူ ၂ ဦးအား ဖမ်းဆီးရန် ညွှန်ကြားခဲ့သည်ဟု သိရသည်။

သို့အတွက် နိုဝင်ဘာ ၁၈ ရက်နေ့  နံနက် ၈ နာရီခွဲ  အချိန်တွင် ဆင်တက်မော်ရဲကင်းစခန်း စခန်းမှူး ရဲအုပ်ကျော်စိန်နှင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး၊ ဆင်တက်မော် အခြေချ ရဲတပ်ရင်း (ရစဖ) တပ်ရင်းမှ  ရဲမှူး ဖြိုဇေယျာစိုး အပါအ၀င် ရဲတပ်ဖွဲ့ဝင်၂၀ ဦး၊ အနောက်ရဲ လုံခြုံရေး ရဲကင်းမှ ရဲအရာခံ ခင်မောင်အေးပါ ရဲတပ်ဖွဲ့ဝင် ၆ ဦး တို့  ပူးပေါင်းပြီး အနောက်ရဲမူဆလင် ဒုက္ခသည်စခန်းသို့ တရားခံများကို ဖမ်းဆီးရန် သွားခဲ့ကြကြောင်း၊ ထိုသို့သွားစဉ် လမ်းတစ်ဝက်တွင် ပေါက်တောမြို့နယ် ရဲတပ်ဖွဲ့မှူးတို့  အဖွဲ့ ပူးပေါင်းလာကြောင်း၊ ၎င်းရဲတပ်ဖွဲ့သည် အနောက်ရဲ ကယ်ဆယ်ရေး စခန်းတွင် ဆာဘေနှင့် အဘူဆော့ယော်တို့ကို ဖမ်းဆီးရမိကြောင်း၊ ထိုသို့ ဖမ်းဆီးရမိစဉ် ကလေး၊ လူကြီး၊ အမျိုးသမီးများ အပါအ၀င် လူပေါင်း  ၄၀၀ ခန့်က ၀ိုင်းဝန်းပြီး ကျောက်ခဲ၊ မြေခဲများနှင့် ရဲတပ်ဖွဲ့ဝင်များကို ပစ်ပေါက်ကြကြောင်း၊ ရဲမှူး ဖြိုးဇေယျာစိုးတွင် နောက်ကျောကုန်းတွင် ကျောက်ခဲ ထိမှန်ခဲ့ကြောင်း၊ သို့သော် ဒဏ်ရာပြင်းထန်စွာ မရကြောင်း၊ နောက်ပိုင်းတွင် ပြင်ပလူများပါ ပါဝင်လာခဲ့ပြီး  ဓားတုတ် လက်နက်များ ကိုင်ဆောင်၍  ၀ိုင်းဝန်းလာသဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း၊ သို့သော် ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ ဓါးဖြင့် ခုတ်ခံရခြင်း မရှိကြောင်း၊ ပထမပိုင်းတွင် ထိန်းသိမ်းသည့် အနေဖြင့် သေနတ်ကို မိုးပေါ်ထောင်ပစ်ကြောင်း၊ သို့သော် ၎င်းလူအုပ်က နောက်မဆုတ်သဖြင့် နောက်ဆုံး ခန္ဓာအောက်ပိုင်း ခြေထောက်ကို ချိန်ရွယ် ပစ်ခတ်ခဲ့ရကြောင်း၊ ခြေထောက်ကို ပစ်သည့်အတွက် အထက်ပိုင်း ရင်ဝကို ကျည်ဆံထိမှန်မှု မရှိခြင်း ဖြစ်ကြောင်း၊ သို့သော် တစ်ဦးတွင် ၀မ်းဗိုက်ကို နည်းနည်း ရှပ်ထိမှန်သွားခဲ့ကြောင်း၊ ကျန်လူများမှ ခြေထောက်ကို ထိမှန်ခဲ့ကြကြောင်း၊ ထိုသို့ ထိန်းသိမ်း ထားခဲ့ရကြောင်း၊  ထိန်းသိမ်းပြီး ဖောက်ထွက် ခဲ့ရကြောင်း၊ ထိုသို့ ဖောက်ထွက်သည့် ကြားထဲက ရဲတပ်ဖွဲ့ လေးယောက် ပျောက်ကျန်နေခဲ့ကြောင်း၊ မနည်း လိုက်ရှာပြီး ပြန်ကယ်တင်ခဲ့ရကြောင်း၊ အနောက်ရဲ ဒုက္ခသည်စခန်း၏ တောင်ဘက်တွင် တည်ရှိသည့် အနောက်ရဲမူဆလင်ဒေသခံ ရွာထဲကို ရဲတပ်ဖွဲ့က ဆုတ်ခွာ ရောက်ရှိသွားခဲ့ကြောင်း၊ ၎င်းအနောက်ရဲ ဒုက္ခသည် စခန်းမှ လူအုပ်သည် ၎င်းရွာထဲအထိ လိုက်ပါလာရာ  ဒေသခံ မူဆလင် ရွာသားများက ၎င်းလူအုပ်ကို ရွာထဲ အ၀င်မခံရာမှ မူဆလင်ရွာသားများနှင့် ဒုက္ခသည်များ အကြားတွင် ပြသနာ ဖြစ်ပွားခဲ့ကြကြောင်း၊ သတ်လား၊ ပြုလားထိ အခြေအနေကို ရောက်သွားခဲ့ရကြောင်း၊ သို့သော်လည်း တစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်မှု မဖြစ်ပေါ်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ၎င်းအနောက်ရဲမူလင် ကျေးရွာကို ကျော်လွန်ပြီး ရွာတောင်ဘက်တွင် ရှိသည့် အနောက်ရဲ ကင်းစခန်းကို ရောက်ရှိလာခဲ့ကြောင်း၊ သို့သော် မူဆလင် ဒုက္ခသည် လူအုပ်မှာ ၎င်းရဲကင်းခစန်းထိ လိုက်လာခြင်းမရှိ ကြောင်း သက်ဆိုင်ရာ ရဲတာဝန်ရှိသူ တစ်ဦးက ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိရဉ္စရာ သတင်းဌာနသို့  ပြောကြားသည်။

ရဲတပ်ဖွဲ့၏ နှိမ်နှင်း ပစ်ခတ်စဉ် ဒဏ်ရာသူ ၄ ဦးရှိပြီး ၎င်းတို့မှာ အာမီဒင် (ညာဘက်တင်သားဒဏ်ရာရ)၊ ရှက်ကာဆိမ်း (ညာဘက်ခြေသလုံးဒဏ်ရာရ) ၊ ဆော်ဒူရာမန် (ဘယ်ဘက်ပေါင် ဒဏ်ရာရ) ၊ အဒူဆလင် (၀မ်းဗိုက် ဒဏ်ရာရ) တို့ ဖြစ်ကြသည်။

ဒဏ်ရာပြင်းထန်၍ စစ်တွေသို့ ယူဆောင်သွားရသူမှာ အနောက်ရဲမူဆလင်ဒုက္ခသည် စခန်းက မဟုတ်ဘဲ စစ်တွေ ဘောဒူဖ ဒုက္ခသည်စခန်းမှ အာမီဒင်ဖြစ်ပြီး လာရောက်လည်ပတ်စဉ် ကျည်ဆံထိမှန်ခဲ့သည်ဟု ဆိုသည်။ သူ၏ ညာဘက်တင်ပါးထဲတွင် ကျည်ဆံဝင်နေရာမှ ခွဲစိတ်ထုတ်ယူရန် UNHCR မှ စစ်တွေ ဆေးရုံကြီးသို့ ယူဆောင်သွားသည်ဟု သိရသည်။

လောလောဆယ်တွင် ရဲတပ်ဖွဲ့ဝင်များကို ၀ိုင်းဝန်းတိုက်ခိုက်သူများထဲမှ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးခြင်း မရှိသေးကြောင်း၊ လောလောဆယ် ၀င်ဖမ်းပါက ရုန်းရင်းဆန်ခတ် ပြန်၍ ဖြစ်မည်၊ ပြန်၍ ပစ်ခတ်ရမည် ဖြစ်ကြောင်း၊  သို့အတွက် အထက်ကလည်း ဖမ်းဆီးရန် ညွှန်ကြားချက်များ မထုတ်သေးကြောင်း၊ ထိုပြသနာကြောင့် ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ဒကစမှူး၊ ရဲမှူးချုပ်မြ၀င်း တို့ နိုဝင်ဘာ ၂၀ ရက်နေ့က ပေါက်တောမြို့နယ်ရှိ မူဆလင် ဒုက္ခသည် စခန်းများသို့ ရောက်ရှိလာပြီး စည်းရုံးရေး၊ လုံခြုံရေး၊ တရားဥပဒေလိုက်နာရန်ဟောပြောမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

၎င်းအမှုဖြစ်စဉ်နှင့် ပတ်သက်၍ တုတ်ဓားလက်နက် ကိုင်ဆောင်၍ တိုက်ခိုက်သူများထဲမှ ဦးဆောင်သည့် လူ ၇ ဦးကို ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်စေမှု ရာဇသတ်ကြီး ပုဒ်မ (၁၄၇) နှင့် (၁၄၈)၊ ၀တ္တရားနှောင့်ယှက်မူ ပုဒ်မ (၃၅၃) တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် တရားခံအဖြစ် စွပ်စွဲခံထားရသူ  နှစ်ဦးဖြစ်ကြသည့် ဆာဘေ (၃၅) နှစ် (ဘ)အိစ္စလမ်နှင့်  အဘူဆော့ယော်(၃၉) နှစ် (ဘ) နော်ရာလောင်တို့အား ပေါက်တောမြို့နယ် ရဲစခန်းတွင် အမှုအမှတ် ပ ၁၉၉/ ၂၀၁၈၊ လူကိုကျွန်ပြု ၊ အဓမ္မစေခိုင်း တစ်ဖက်နိုင်ငံ ပိုက်ဆံယူပြီး ရောင်းစားသည့် အမှု ရာဇသတ်ကြီး ပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်ဟု သိရသည်။

Narinjara
https://www.facebook.com/Narinjara-151742128171206/
အနောက်ရဲမူဆလင်ဒုက္ခသည်စခန်း ရုန်းရင်းဆန်ခတ်မှု ဖြစ်စဉ်အသေးစိတ် အနောက်ရဲမူဆလင်ဒုက္ခသည်စခန်း ရုန်းရင်းဆန်ခတ်မှု ဖြစ်စဉ်အသေးစိတ် Reviewed by THITHTOOLWIN on 11:33 Rating: 5
Powered by Blogger.