သန်လျင်၌ စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား တစ်ဦးသေဆုံး


ရန်ကုန် နိုဝင်ဘာ ၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ အေးသစ္စာရပ်ကွက်၊ ဓမ္မရုံလမ်းမပေါ်၌ နိုဝင်ဘာ၁ ရက် ည ၈ နာရီ မိနစ် ၅၀ အချိန်က စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားရာ တစ်ဦးသေဆုံးကြောင်း သန်လျင်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲမှူး ဝဏ္ဏရှိန် သည် ခေတ္တစခန်းမှူးတာဝန်ထမ်းဆောင်နေစဉ် သန်လျင်မြို့၊ အေးသစ္စာရပ်ကွက် ဓမ္မရုံလမ်းမပေါ်တွင်ဓားထိုးမှုဖြစ်ကြောင်း သိရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ဓားထိုးခံရသူမှာ အောင်မျိုးကျော် အသက် (၃၅) နှစ်၊ ဓမ္မရုံလမ်း၊ အေးသစ္စာရပ်ကွက်၊ သန်လျင်မြို့နယ်နေသူဖြစ်ကာ ၄င်းသည် ဓမ္မရုံလမ်းထိပ်တွင် စိုးထိုက်ဝင်း အသက် (၃၇) နှစ်၊ အေးသစ္စာရပ်ကွက်၊ သန်လျင်မြို့နယ်နေသူနှင့် တင်ထိုက်ဝင်း အသက် (၄၀) နှစ်၊ မြို့မမြောက်ရပ်ကွက်၊ သန်လျင်မြို့နယ်နေ ညီအကို ၂ ဦးနှင့် စကားများရန်ဖြစ်ရာမှ တင်ထိုက်ဝင်း မှ လက်သီးဖြင့်ထိုးပြီး စိုးထိုက်ဝင်းမှ အသင့်ယူဆောင်လာသော အရိုး ၅ လက်မ၊ အသွား ၇ လက်မရှိ လက်ကိုင်ရိုးအနက်တပ်ဆင်ထားသော စတီးဓားဖြင့် ထိုးလိုက်ကြောင်းသိရသည်။

ထိုသို့ဓားဖြင့်ထိုးလိုက်သဖြင့် အောင်မျိုးကျော် တွင် ရင်ညွှန့်တည့်တည့်ထိုးသွင်းဒဏ်ရာ (၁) ချက်ရရှိကာ လဲကျသွားစဉ် စိုးထိုက်ဝင်းနှင့် တင်ထိုက်ဝင်း တို့ ညီအကို ၂ ဦးမှာ ထွက်ပြေးသွားပြီး ဓားဖြင့်အထိုးခံရသူ အောင်မျိုးကျော် အား သန်လျင်အထွေထွေဆေးရုံးသို့ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။

အဆိုပါအမှုအား သန်လျင်မြို့မရဲစခန်းမှ အခင်းဖြစ်နေရာမှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်း၊ သက်သေများနှင့် ပတ်ဝန်းကျင်များ စုံစမ်းစစ်ဆေးခဲ့ရာ ည ၁၁ နာရီ မိနစ် ၄၅ အချိန်တွင် ဓားဖြင့်ထိုးသူ စိုးထိုက်ဝင်း နှင့် တင်ထိုက်ဝင်း တို့အား သက်သေခံထိုးခဲ့သောဓားနှင့်အတူ ဖမ်းဆီးရမိသဖြင့် သန်လျင်မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သန်လျင်၌ စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား တစ်ဦးသေဆုံး သန်လျင်၌ စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွား တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 06:38 Rating: 5
Powered by Blogger.