၂ဝ၁၉ ခုနှစ်အတွင်း မြရည်နန္ဒာတန်ဖိုးမျှအိမ်ရာ တိုက်ခန်းပေါင်း ၁၉၃၇ ခန်းကို အမှန်တကယ် နေထိုင်သူများအား ထပ်မံရောင်းချမည်


မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ချမ်းမြသာစည်မြို့ နယ်တွင် အကောင်အထည်ဖော် တည်ဆောက်နေသည့် မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ တိုက်ခန်းပေါင်း ၁၉၃၇ ခန်းကို တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများနှင့် အငြိမ်းစားများအား ဦးစားပေး၍ လာမည့် ၂ဝ၁၉ ခုနှစ်အတွင်း ထပ်မံရောင်းချပေးသွားမည်ဖြစ်သည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက မြရည်နန္ဒာရပ်ကွက်တွင် လက်ရှိတည်ဆောက်နေသည့် တန်ဖိုးမျှအိမ်ရာ တိုက်ခန်း ၃၁၂ခန်းမှာ လာမည့်ဒီဇင်ဘာလတွင် ပြီးစီးမည်ဖြစ်ပြီး ဆက်လက်၍လည်း ၂ဝ၁၉ ခုနှစ် စက်တင်ဘာလအထိ တိုက်ခန်းပေါင်း ၁၅၁၂ခန်းကို ဆောက်လုပ်ရန် စီစဉ်လျက်ရှိသည့်အပြင် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ရောင်းချခဲ့သည့် မြရည်နန္ဒာတန်ဖိုးမျှအိမ်ရာ တိုက်ခန်းပေါင်း ၆၇၂ ခန်းအနက် တိုက်ခန်း ၁၁၃ ခန်းမှာ အကြောင်းအမျိုးမျိုးကြောင့် လက်ရောက်ငွေသွင်းခြင်း၊ ဆက်သွယ်ခြင်း မရှိခဲ့သည့်အတွက် အဆိုပါတိုက်ခန်းအရေအတွက်များနှင့်ပါ ပေါင်းစပ်ပါက လာမည့်နှစ်တွင် တိုက်ခန်းပေါင်း ၁၉၃၇ ခန်းကို အမှန်တကယ်နေထိုင်သူများအား ထပ်မံရောင်းချပေးနိုင်မည်ဖြစ်သည်။

''မန္တလေးမြို့တော်စည်ပင်က မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာတွေကို အမှန်တကယ် နေထိုင်လိုကြတဲ့ ဝန်ထမ်းတွေ၊ အငြိမ်းစားတွေအတွက် စနစ်တကျ ရောင်းသွားဖို့ ဆက်လက်စီစဉ်နေပါတယ်။ ဒါ့အပြင် ဒီဒေသဖွံ့ဖြိုးဖို့အတွက်လည်း လမ်းဖောက်တာတွေ၊ မီးတိုင်စိုက်တာတွေလည်း ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်တဲ့အတွက် မကြာခင်အချိန် အတွင်းမှာ နေထိုင်လို့ကောင်းတဲ့ နေရာလေးတစ်ခု ဖြစ်ပေါ်လာမှာပါ'' ဟု ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြား သည်။

လက်ရှိတွင် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ရောင်းချပေးခဲ့သည့် တိုက်ခန်းများတွင် သတ်မှတ်ငွေပေးချေပြီးသူများ အဆင်ပြေစွာ နေထိုင်ခွင့်ရရှိစေရန်အတွက် လိုအပ်သည့်လမ်းနှင့်ရေမြောင်းများ ဖောက်လုပ်ခြင်း၊ ရေနှင့်မီး သွယ်တန်း ခြင်း၊ လမ်းတစ်လျှောက်သစ်ပင်များ စိုက်ပျိုးခြင်း စသည့် လုပ်ငန်းများလည်း ဆောင်ရွက်ပြီးစီးနေသည့်အပြင် တိုက်ခန်းရှင်များအတွက် ပိုင်ဆိုင်ခွင့်စာအုပ်များလည်း ရိုက်နှိပ်ပြီးဖြစ်သဖြင့် နိုဝင်ဘာလအတွင်း နေထိုင်ခွင့်ရရှိစေရန် သော့အပ်နှံပေးတော့မည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာတိုက်ခန်းများကို ဝန်ထမ်းများ၊ အငြိမ်းစားများအတွက် အဆင်ပြေစွာ နေထိုင်ခွင့် ရရှိစေရန် ရည်ရွယ်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်ပေးခြင်းဖြစ်ရာ တိုက်ခန်းရရှိသူများ အနေဖြင့် သတ်မှတ်ကာလ ငါးနှစ်အတွင်း အမှန်တကယ် နေထိုင်ခြင်းရှိ၊ မရှိကို မကြာခဏ ပုံမှန်စစ်ဆေးသွားမည်ဖြစ်ပြီး သတ်မှတ်ကာလမပြည့်မီ ပြန်လည်ရောင်းချခြင်းများကို စစ်ဆေးတွေ့ရှိပါက သတ်မှတ်စည်းကမ်းအတိုင်း တိုက်ခန်းကို ပြန်လည်သိမ်းဆည်းသွားမည်ဖြစ်သည်။
အောင်ဖြိုးကျော်

TheMandalayNewsJournal
https://www.facebook.com/TheMandalayNewsJournal/
၂ဝ၁၉ ခုနှစ်အတွင်း မြရည်နန္ဒာတန်ဖိုးမျှအိမ်ရာ တိုက်ခန်းပေါင်း ၁၉၃၇ ခန်းကို အမှန်တကယ် နေထိုင်သူများအား ထပ်မံရောင်းချမည် ၂ဝ၁၉ ခုနှစ်အတွင်း မြရည်နန္ဒာတန်ဖိုးမျှအိမ်ရာ တိုက်ခန်းပေါင်း ၁၉၃၇ ခန်းကို အမှန်တကယ် နေထိုင်သူများအား ထပ်မံရောင်းချမည် Reviewed by THITHTOOLWIN on 11:32 Rating: 5
Powered by Blogger.