လူသတ် မြေမြှုပ် အလောင်းဖျောက် ပြစ်မှု ကျူးလွန်ခဲ့သူ သုံးဦးအား ဖမ်းဆီးရမိ


ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ဘုရားလေးကျေးရွာမှာ နိုဝင်ဘာ (၂)ရက်မနက်က ဘုရားလေးကျေးရွာ အရှေ့မြောက်လယ်ကွက် အတွင်း သခွားစိုက်ခင်းစောင့်နေသူ ကိုအောင်မိုးလွင်ကို မတွေ့ရဘဲ ဂွမ်းစောင်အစိမ်းတစ်ထည်၊ စောင်ပါးတစ်ထည်၊ ခေါင်းအုံးတစ်လုံးနဲ့ အတူ ပျောက်ဆုံးခဲ့ပါတယ်။ ဒီအခါ ဝိုင်းဝန်းကူညီရှာဖွေပေးဖို့ ပျောက်ဆုံးသူရဲ့အမျိုးသမီးက အကူညီတောင်းတဲ့အတွက် ဆွေမျိုးတွေနဲ့ တရွာတည်းအတူနေသူတွေဟာ ကျေးရွာအတွင်းနဲ့ ရွာအနီးဝန်းကျင်တို့မှာ လိုက်လံရှာဖွေကြပါတယ်။

အဲဒီနောက် ပျောက်ဆုံးနေသူ ကိုအောင်မိုးလွင်နေထိုင်တဲ့တဲ အရှေ့မြောက်ဖက်ကိုက်(၅၀၀)ခန့်အကွာ လယ်ကွက်အတွင်း မြေဟာ မို့မောက်နေပြီး အနက်ရောင် အမျိုးသားဝတ်ရှပ်အင်္ကျီ တစ်ထည်ကို တွေ့ရှိရခဲ့ပါတယ်။ အဲဒါကို မသင်္ကာလို့ မြေကြီးကို တူးဖော်ကြည့်ရာ ဂွမ်းစောင်အစိမ်းပတ်ထားပြီး ထိုင်လျက် အနေအထားနဲ့ မေးစေ့အောက် လည်ပင်းပြတ်ရှဒဏ်ရာ၊ ရင်ညွန့်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ကိုအောင်မိုးလွင်ကို ညနေ(၄)နာရီခွဲက တွေ့ရှိရပါတယ်။

အခုလိုသေဆုံးနေတာ တွေ့ရတာကြောင့် အကို ဖြစ်သူက ဘုရားကြီးနယ်မြေရဲစခန်းကို တရားလိုပြု လာရောက်တိုင်တန်းခဲ့ တဲ့အတွက် ဘုရားကြီးနယ်မြေရဲစခန်းက (ပ)၂၆၀/၁၀ရာဇသတ်ကြီး ပုဒ်မ၃၀၂/၂၀၁ရဲစခန်း အမှုကြီးအမှတ်စဉ် ၄/၂၀၁၈အရ အမှုဖွင့် ဆောင်ရွက်ခဲ့ပါတယ်။

ဒီတိုင်ကြားချက်အရ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ(၂)ရက် ည(၁၁)နာရီခွဲအချိန်က စတင်ပြီး အနီးပတ်ဝန်းကျင် သက်သေတွေကို ရှာဖွေစစ်မေးမြန်းတာတွေ ပြုခဲ့ပါတယ်။ စစ်ဆေးချက် သဲလွန်စတွေ စုစည်းကာ သံသယတရားခံတွေနဲ့ ပြစ်မှုကျူးလွန်သူတွေကို ပိတ်ဆို့ ရှာဖွေဖမ်းဆီးရာ နိုဝင်ဘာ(၃)ရက် မနက်(၄)နာရီမှာ သန့်ဇင်(၃၀)နှစ်နဲ့ ရဲမောင်(ခ) ရဲသူမောင် (၂၁ )နှစ် ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူနှစ်ဦးရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရ သူတို့နဲ့အတူ သီဟ(ခ) ကရင်တို့သုံးဦးပေါင်းပြီး ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့တဲ့အတွက် သီဟ (ခ)ကရင်ကို ဖမ်းဆီးနိုင်ရေး ဆက်လက် ကြိုးပမ်းရာ နိုဝင်ဘာလ(၃)ရက် မွန်းလွဲတစ်နာရီတိတိမှာ ထပ်မံဖမ်းဆီးရမိခဲ့ ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ သုံးဦးရဲ့ ထွက်ဆိုချက်တွေအရ သေဆုံးသူနဲ့ အရက်သောက်စားကြရင်း ရန်ဖြစ်ရာကနေ လူသတ်မှုဖြစ်ပြီး အလောင်းကို တခြားနေရာမှာ ဖျောက်ခဲ့တာလို့ သိရပါတယ်။ ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ဓါးဦးချွန် ဓါးမြှောင်သုံးချောင်း၊ဓါးမတစ်ချောင်း၊ ပေါက်တူးနှစ်လက် တို့ကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူတွေကို တရားစွဲ တင်နိုင်ဖို့ ဘုရားကြီးနယ်မြေရဲစခန်းက ဆက်လက် စစ်ဆေး ဆောင်ရွက်နေကြောင်း သိရပါတယ်။

သတင်း - ဇော်ရှင်း(ဥဿာ)
One News Myanmar
https://www.facebook.com/pg/onenewsmyan
လူသတ် မြေမြှုပ် အလောင်းဖျောက် ပြစ်မှု ကျူးလွန်ခဲ့သူ သုံးဦးအား ဖမ်းဆီးရမိ လူသတ် မြေမြှုပ် အလောင်းဖျောက် ပြစ်မှု ကျူးလွန်ခဲ့သူ သုံးဦးအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:35 Rating: 5
Powered by Blogger.