ထိုင်းလက်ဝှေ့ကျော် အနုချာ တာဆာကို ၁၃ နှစ်အရွယ်မှာ သေဆုံးလို့ ကြေကွဲကြ

ရှစ်နှစ်သားထဲက လက်ဝှေ့ပွဲ ၁၇ဝ ထိုးသတ်လာခဲ့သူ အနုချာ

ထိုင်းနိုင်ငံက ၁၃ နှစ်သား လူငယ်လေးတယောက် လက်ဝှေ့ပွဲမှာ အလဲထိုးခံရပြီးနောက် သေဆုံးသွားတဲ့ ဖြစ်ရပ်က ကလေး သူငယ် လက်ဝှေ့ပွဲတွေကို ပိတ်ဖို့ ဖိအားတွေ ပိုတိုးလာစေပါတယ်။

အနုချာ တာဆာကိုဟာ ရန်ပုံငွေ ပွဲတခုအတွက် ထိုးသတ်ပြီးနောက် နှစ်ရက်အကြာမှာ ဦးနှောက်ထဲ သွေးယိုစိမ့်ပြီး သေဆုံးကြောင်း သိရပါတယ်။

သူဟာ ရှစ်နှစ်သားထဲက မိသားစုကို လုပ်ကျွေးဖို့ လက်ဝှေ့ပွဲပေါင်း ၁၇ဝ ထိုးသတ်လာခဲ့သူလို့လည်း သတင်းတွေက ဆိုပါတယ်။

အသက် ၁၂ နှစ်အောက် ကလေးတွေကို လက်ဝှေ့သတ်တာကနေ တားမြစ်မယ့် ဥပဒကြမ်းကို ထိုင်းပါလီမန်က သုံးသပ်နေပါတယ်။

မွေထိုင်းလို့ လူသိများတဲ့ ထိုင်းလက်ဝှေ့ဟာ ထိုင်းနိုင်ငံမှာ အင်မတန် ခေတ်စားပြီး ထောင်နဲ့ချီတဲ့ ကလေး လက်ဝှေ့သမားတွေက မိသားစုအတွက် ဝင်ငွေရလမ်းလို့ ယူဆကြပါတယ်။

တချို့ကလည်း ဒါဟာ ရိုးရာအားကစားပါ ဆိုပြီး ကလေးတွေကို ကာကွယ်ပေးမယ့် ဒီဥပဒေတွေကို ကန့်ကွက်နေကြပါတယ်။

ကလေး လက်ဝှေ့သမားတွေက မိသားစုအတွက် ဝင်ငွေရလမ်းလို့ ယူဆ

ဒီသေဆုံးမှုအတွက် ထိုင်းလူမျိုးအများအပြားက ဝမ်းနည်းကြလို့ ထိုင်းအလယ်ပိုင်းမှာ ကစားခဲ့တဲ့ အနုချာရဲ့ နောက်ဆုံးပွဲ ဗီဒီယိုကို အင်တာနက်မှာ ဖလှယ်နေကြပါတယ်။
ပြိုင်ဘက်က ဝမ်းနည်း

နောက်ဆုံးပွဲမှာ အနုချာရော သူ့ပြိုင်ဘက်ပါ ဘာခေါင်းဆောင်းမှ တပ်မထားတာကို ဒီဗီဒီယိုမှာ တွေ့ရပါတယ်။

အနုချာ ဖျာပေါ် လဲကျမသွားခင်မှာ ခေါင်းကို အခါများစွာ အထိုးခံခဲ့ရပါတယ်။

၁၅ နှစ်အောက် ကလေးတွေ လက်ဝှေ့ပွဲမှာ ခေါင်းဆောင်း ဆောင်းဖို့ ကန့်သတ်တဲ့ ဥပဒေ ဖြစ်စေချင်တယ်လို့ အနုချာရဲ့ ဦးလေးနဲ့ နည်းပြ ဒမ်ရောင်းက ထိုင်းရတ် သတင်းစာကို ပြောပါတယ်။

ဒိုင်လူကြီးက ကစားပွဲကို ဘာကြောင့် စောစော ရပ်မပစ်တာလဲလို့လည်း လူတွေက လူမှုကွန်ရက်တွေမှာ ပြောနေကြပါတယ်။

အနုချာရဲ့ ပြိုင်ဘက် ၁၄ နှစ်သားကတော့ ဒီဖြစ်ရပ်အတွက် အလွန်ဝမ်းနည်းကြောင်းနဲ့ သူများအသက်ကို သတ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ကြောင်း ပြောပါတယ်။ ဒီပွဲမှာ သူဝတ်ခဲ့တဲ့ ဘောင်းဘီတို တွေကို လေလံပစ်ပြီး အနုချာ မိသားစုကို ထောက်ပံ့ပေးချင်တယ် လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ၁၅ နှစ်အောက် ကလေး လက်ဝှေ့သမား မှတ်ပုံတင်ထားသူ တသောင်းကျော် ရှိပါတယ်။

" အသက် ၁၂ နှစ်က ၁၅ နှစ်ကြား လက်ဝှေ့သမားတွေ မှတ်ပုံတင်ဖို့ လိုပြီး မိဘ ခွင့်ပြုချက် ယူဖို့နဲ့ ခေါင်းဆောင်း အကာအကွယ် သုံးဖို့ လိုတယ် " ဆိုပြီးလည်း ထိုင်းလွှတ်တော် အားကစား ကော်မတီက ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်သာပေါင်က ဆိုပါတယ်။

တချို့ လှုပ်ရှားသူတွေနဲ့ ဆေးပညာရှင်တွေကတော့ အငယ်ဆုံး အသက်ကို ၁၈ နှစ်ထိ တိုးမြှင့်စေချင်ကြပါတယ်။ ကလေး လက်ဝှေ့ပွဲတွေက ငွေရလို့ အပြောင်းအလဲတွေ နှောင့်နှေးနေတယ်လို့လည်း ဆိုနေကြပါတယ်။

ထိုင်း လက်ဝှေ့အသင်းကတော့ အသက်အငယ်ဆုံး လက်ဝှေ့သမား အသက်ကို ၁ဝ နှစ်ထိ ထားချင်နေပါတယ်။

BBC Burmese
https://www.bbc.com
ထိုင်းလက်ဝှေ့ကျော် အနုချာ တာဆာကို ၁၃ နှစ်အရွယ်မှာ သေဆုံးလို့ ကြေကွဲကြ ထိုင်းလက်ဝှေ့ကျော် အနုချာ တာဆာကို ၁၃ နှစ်အရွယ်မှာ သေဆုံးလို့ ကြေကွဲကြ Reviewed by THITHTOOLWIN on 11:29 Rating: 5
Powered by Blogger.