အများပြည်သူထိတ်လန့်အောင် မိုးလေဝသ သတင်းအမှားထုတ်ပြန်သူတွေကို အရေးယူဖို့ ဥပဒေရေးဆွဲနေပြီ

 ပြီးခဲ့တဲ့ ဇွန်လအတွင်းက မိုးကြီးလို့ နမ့်လန်ကျေးရွာမှာ ရေကြီးခဲ့တဲ့မြင်ကွင်း
အွန်လိုင်းကနေတဆင့် အများပြည်သူထိတ်လန့်အောင် မိုးလေဝသဆိုင်ရာ ခန့်မှန်းချက်တွေကို ထုတ်ပြန် နေသူတွေကို အရေးယူသွားဖို့ ဥပဒေရေးဆွဲနေပြီလို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ကျော်မိုးဦးကပြောပါတယ်။

အဆိုပါဥပဒေကို ကမ္ဘာ့ဘဏ်နဲ့ပူးပေါင်းကာ ရေးဆွဲနေပြီးလာမယ့် ၂၀၂၀ ခုနှစ်လောက်မှာ အတည်ပြု ပြဋ္ဌာန်းနိုင်ဖွယ် ရှိတယ်လို့လည်းသိရပါတယ်။

'' မိုးလေဝသနဲ့ပတ်သက်ပြီး ဒီနိုင်ငံမှာက ဥပဒေမရှိသေးတော့စရေးဆွဲနေတာပါ။ ပညာရှင်တွေကတော့ ဥရောပကပညာရှင်တွေ ဥပဒေပညာရှင်တွေငှားရမ်းပြီးဆွဲနေတာပါ။ ဥပဒေကအခုမှ အင်္ဂလိပ်လိုပဲဆွဲရသေး တယ်။ အကြမ်းတောင်မထွက်သေးပါဘူး။ ဥပဒေထွက်လာမှ ဒီထဲမှာ အများပြည်သူကိုထိတ်လန့်အောင် သတင်းအမှားတွေကို ထုတ်တဲ့သူတွေကို အရေးယူဖို့အပိုင်းတွေလည်းပါလာမှာပေါ့။ ဒါကလည်းဥပဒေထွက် လာမှာ တိတိကျကျသိရမှာပါ။'' လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးကပြောပါတယ်။

    အင်ဒို ဆူနာမီ သတိပေးစနစ် ချို့ယွင်းမှုကနေ မြန်မာ ဘာသင်ခန်းစာရနိုင်မလဲ
    မာရသာ မုန်တိုင်း နောက်ဆုံး အခြေအနေ

အွန်လိုင်းပေါ်ကတဆင့် မိုးလေဝသသတင်းတွေကို အနီးစပ်ဆုံးတိကျမှန်ကန်အောင်ထုတ်ပြန်ပေးနေတဲ့ ပညာရှင်အချို့ရှိသလို အများပြည်သူထိတ်လန့်စေမယ့် စကားလုံးတွေသုံးကာ ဖြန့်ဝေသူတွေလည်း ရှိနေ ပါတယ်။

    အပူချိန်တွေ မြင့်တက်နေတဲ့အတွက် သတိပေးနှိုးဆော်ချက်တွေ ထုတ်ပြန်
    မုန်တိုင်းငယ်ဖြစ်မဖြစ် စောင့်ကြည့်နေရတဲ့ လေဖိအားနည်းရပ်ဝန်း ဧရာဝတီတိုင်းကိုဝင်ပြီး အားပျော့ပျက်ပြယ်လာ

' 'မိုးလေဝသသတင်း နဲ့ပတ်သက်ရင် အွန်လိုင်းပေါ်မှာ ဦးထွန်းလွင်ရဲ့သတင်းကိုအရင်ဆုံးသွားကြည့်တယ်။ ပြီးရင် မိုးလေဝသ ဌာနရဲ့သတင်းကိုကြည့်တယ်။ ပန်းစိုက်တဲ့အခါ ဂန္ဓမာဆို ရေအထိမခံဘူးလေ။ အဲတော့ မိုးရွာဖို့ရှိမရှိ သိဖို့လိုတယ်။ သူ့ရဲ့ သတင်းထုတ်ပြန်ချက် တွေကရှင်းတယ်။ နားလည်လွယ်တယ်။ မိုးလေဝသဌာနကကျတော့သူတို့ထုတ်ပြန်ချက်တွေက သိပ်နား မရှင်းဘူး။ လေဖိအားနည်းရပ်ဝန်းဆိုရင် ဘာလဲဆိုတာ အရင်တုန်းကမသိဘူး။ ဦးထွန်းလွင်ဆီမှာဖတ်ရမှ ဒါ မုန်တိုင်းစဖို့ အတွက် အစပျိုးမှု တစ်ခုဆိုတာ သိခဲ့ရတယ်။ ဒါကြောင့် ဦးထွန်းလွင်လိုမျိုး ပညာရှင်တွေကိုတော့ သတင်းထုတ်ခွင့် ပေးသင့် တယ်လို့ ထင်တယ်။''လို့ တရားဝင်မဟုတ်တဲ့မိုးလေဝသသတင်းထုတ်ပြန်သူတွေကိုအရေးယူ မယ်ဆိုပြီး ပျံ့နှံ့နေတဲ့သတင်းတွေအပေါ် ပြင်ဦးလွင်မြို့ အနီးစခန်းဝန်းကျင်က ဆယ်စုနှစ်တစ်ခုကျော် ပန်းစိုက် တောင်သူတစ်ဦး ဖြစ်တဲ့ ဦးအေးမင်းထွန်းကသူ့ရဲ့အမြင်ကို ဘီဘီစီကိုပြောပြပါတယ်။

အများပြည်သူထိတ်လန့်အောင် သတင်းမှားဖြန့်ဝေသူတွေကို လက်ရှိမှာလည်း ဆက်သွယ်ရေးဥပဒေလိုမျိုးဥပဒေတွေနဲ့ အရေးယူသွားဖို့ စဉ်းစားနေတာတွေလည်းရှိနေတယ်ဆိုပေမယ့် သတင်းအမှန်ဖြန့်ဝေပေးနေသူတွေကိုတော့ ကြိုဆိုရမှာဖြစ်တယ် လို့လည်း ဒေါက်တာကျော်မိုးဦး ကပြောပါတယ်။

တရားမဝင်မိုးလေဝသခန့်မှန်းချက်ထုတ်ပြန်သူတွေကိုအရေးယူမယ်ဆိုတဲ့သတင်းအပေါ် မိုး/ဇလဌာနကအငြိမ်းစားအရာရှိလည်းဖြစ် မိုးလေဝသသတင်းတွေကို မှန်မှန်ကန်ကန်ထုတ်ပြန်ပေးနေသူတစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာထွန်းလွင် ကတော့ သူ့ရဲ့တရားဝင်လူမှုကွန်ယက်စာမျက်နှာပေါ်မှာ '' ဒီဥပဒေထက် တောင်အာဖရိက က ဥပဒေကို ပိုကြိုက်တယ်။ မိုးလေဝသခန့်မှန်းချက်များထုတ်ပြန်တဲ့အခါ မှားယွင်းခဲ့ရင် ထောင် ဒဏ်(၁၀)နှစ် သို့မဟုတ် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၃၆ ၀၀၀။''ဆိုပြီး မှတ်ချက်နဲ့အတူပြန်လည်မျှဝေထားတာကိုလည်းတွေ့ရပါတယ်။

BBC Burmese
https://www.bbc.com
အများပြည်သူထိတ်လန့်အောင် မိုးလေဝသ သတင်းအမှားထုတ်ပြန်သူတွေကို အရေးယူဖို့ ဥပဒေရေးဆွဲနေပြီ အများပြည်သူထိတ်လန့်အောင် မိုးလေဝသ သတင်းအမှားထုတ်ပြန်သူတွေကို အရေးယူဖို့ ဥပဒေရေးဆွဲနေပြီ Reviewed by THITHTOOLWIN on 22:45 Rating: 5
Powered by Blogger.