အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီကို အစိုးရတရားစွဲမည်

မိုးထိမိုးမိ နယ်မြေခံလုပ်ငန်းရှင်တွေ ၂၀၁၈ ဇွန်လ ၂၆ ရက်နေ့က မန္တလေးမြို့မှာ ဆန္ဒထုတ်ဖော်စဉ်
မန္တလေးတိုင်း ရမည်းသင်းမြို့နယ်က မိုးထိမိုးမိ ရွှေတူးဖော်ခွင့် လုပ်ကိုင်ခဲ့တဲ့ အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို အစိုးရနဲ့ သဘောတူစာချုပ်ပါ စည်းကမ်းချက် ဖောက်ဖျက်မှုနဲ့ လပိုင်းအတွင်း တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီဟာ အစိုးရကို ပေးသွင်းရမယ့် ရွှေပိဿာချိန် ၁၂၀၀ ကျော် ဒီနေ့ထိ မပေးသွင်းတာကြောင့် စာချုပ်ပါ စည်းကမ်းချက်နဲ့ တရားစွဲဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေ မန္တလေးတိုင်း တရားရုံးမှာ တင်ပြထားပြီးဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သိမ်းစိုးက RFA ကို ပြောပါတယ်။

"ကျနော်တို့က လောလောဆယ် စွဲချက်လွှာ အဆိုပြုလွှာပြီးပြီဗျာ၊ နောက်တစ်ခုက တရားဝင်စာ ထုတ်ပြီးပြီဆိုတော့ ကျနော်တို့ ဌာနပိုင်းကတော့ ပြီးပြီပေါ့ဗျာ၊ ကျနော်တို့ အခုတင်ထားတဲ့ မန္တလေးတိုင်း တရားရုံးက ဒီဟာတွေကို ဆက်ပြီးတော့ ဥပဒေ အကြံပေးအရာရှိရဲ့ အကြံပေးချက်နဲ့ တင်ထားတဲ့ စွဲချက်လွှာရယ် ကုမ္ပဏီကို အကြောင်းကြားမယ့် တရားဝင်စာရယ် လက်ထဲမှာ အဆင်သင့်ဖြစ်နေပြီဆိုတော့ ဒါပို့ပြီးပြီဆိုတာနဲ့ တရားရုံးက ဆင့်ခေါ်တာဆက်လုပ်မှာပါ"

မိုးထိမိုးမိ ရွှေတူးဖော်ရေးလုပ်ကွက်ကို အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီက သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ ၂၅ နှစ် လုပ်ကိုင်ခွင့်ရရှိခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ် စက်တင်ဘာလကနေ ၂၀၁၆ စက်တင်ဘာလအထိ ၅ နှစ် လုပ်ကိုင်ခွင့်ကို ရွှေစင် ၅.၅၅၇ မက်ထရစ်တန် ပေးသွင်းဖို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ စာချုပ်ပါ သတ်မှတ်ထားချက်အတိုင်း မပေးသွင်းဘဲ ရွှေပိဿာချိန် ၁၂၀၀ ကျော်ပေးသွင်းဖို့ ကျန်နေတဲ့အပြင် ရွှေထွက်နှုန်းနဲ့ အရည်အသွေး မပြည့်မှီတာကြောင့် စာချုပ်ကိုလည်း ပြန်လည် ပြင်ဆင်ချုပ်ဆိုလိုကြောင်း ကုမ္ပဏီဘက်က တောင်းဆိုတာတွေရှိခဲ့ပါတယ်။

ဒါကြောင့် သတ္တုတွင်းဝန်ကြီးဌာနက ပညာရှင်တွေ ပါဝင်တဲ့ လုပ်ငန်းလေ့လာရေးကော်မတီကို ဖွဲ့စည်းပြီး စစ်ဆေးခဲ့ရာမှာ ကုမ္ပဏီက ပြောကြားချက်နဲ့ ကွဲလွဲနေတာကြောင့် စာချုပ်ပြန်လည်ချုပ်ဆိုဖို့ကို လက်မခံခဲ့တဲ့ အပြင် စာချုပ်ပါ စည်းကမ်းဖောက်ဖျက်မှုနဲ့ ဒီနှစ်ဆန်းပိုင်းကစပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ကို အစိုးရက ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

လုပ်ငန်းပိတ်သိမ်းပြီးနောက်ပိုင်းမှာလည်း ဆက်လက်ခိုးယူတူးဖော်တာတွေရှိတာကြောင့် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀ (က) နဲ့ ရမည်းသင်းမြို့နယ် တရားရုံးမှာ အမှုဖွင့်ပြီး တရားရင်ဆိုင်ဖို့ ဆင့်ခေါ်ခဲ့ပါတယ်။

အဲ့ဒီအမှုကို ကုမ္ပဏီဘက်က လာရောက် အမှုမရင်ဆိုင်တာကြောင့် အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို ရမည်းသင်းမြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ထားပြီး ယခုအချိန်ထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ရမည်းသင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦးက ပြောပါတယ်။

"သူကလာပြီး အမှုကို ရင်မဆိုင်ဘူးလေ၊ ဒါကြောင့်မို့ အမှုဖွင့် ဝရမ်းထုတ်ထားတယ်၊ ခုထိတော့ ဖမ်းမမိသေးဘူး၊ ဘယ်မှာရှိတယ်ဆိုတာတော့ ကျနော်တို့ မသိရသေးဘူးပေါ့နော်"

ဒီပြဿနာကြောင့် မိုးထိမိုးမိ ရွှေတူးဖော်ရေးဒေသက လုပ်ကွက်အားလုံးကို လုပ်ကိုင်ခွင့်ပိတ်ပင်ထားပြီး နိုင်ငံတော်က ရရှိမယ့် အခွန်အခတွေ ဆုံးရှုံးသလို အဲ့ဒီလုပ်ငန်းကို မှီခိုလုပ်ကိုင်နေသူများစွာ ထိခိုက်ဆုံးရှုံးမှု တွေရှိကြောင်းလည်း ဦးအောင်မျိုးဦးက ပြောပါတယ်။

ဒါကြောင့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ ဖြစ်ပွားနေတဲ့ ပြဿနာကို အမြန်ဆုံး ပြေလည်အောင်ဖြေရှင်းဖို့နဲ့ ဖြေရှင်းလို့မရပါက သတ်မှတ်ချက်အတိုင်း လုပ်ကိုင်ဆောင်ရွက်နိုင်သူတွေကို လုပ်ငန်းလုပ်ကိုင်ခွင့် ပြန်လည်ချထားပေးသင့်ကြောင်းလည်း ပြောပါတယ်။

မိုးထိမိုးမိ ရွှေတူးဖော်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေသူတွေကလည်း လုပ်ငန်းပြန်လည်လုပ်ကိုင်ခွင့်ရဖို့ ရမည်းသင်းမြို့နဲ့ မန္တလေးမြို့တွေမှာ ဆန္ဒပြတောင်းဆိုတာတွေရှိခဲ့ပါတယ်။

ဒီကိစ္စကို မေးမြန်းဖို့ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီတာဝန်ရှိသူတွေကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့ထားတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီကို အစိုးရတရားစွဲမည် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီကို အစိုးရတရားစွဲမည် Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.