မလေးသို့သွားရာမှ ရန်ကုန်သို့ရောက်လာသူ ဘင်္ဂလီ၁၀၆ ဦးကို ရေတပ်သင်္ဘောဖြင့် ရခိုင်သို့ပြန်ပို့

(ဓာတ်ပုံ- အင်တာနက်)

နိရဉ္စရာ၊ နိုဝင်ဘာ ၁၉

မလေးရှားသို့ သွားရာမှ လမ်းတွင် စက်ပျက်ပြီး ပင်လယ်ထဲမျောပါနေသော စက်လှေကြီး တစ်စီးပေါ်မှ ဖမ်းဆီးမိသူ ဘင်္ဂလီ လူမျိုး ၁၀၆ ဦးကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှ စစ်တွေမြို့သို့ ရေတပ် သင်္ဘောဖြင့် နိုဝင်ဘာ ၁၈ ရက် နေ့လယ် ၁၂ နာရီက ပြန်လည် ပို့ဆောင်လိုက်သည်ဟု သတင်းရရှိသည်။

၎င်းတို့ ၁၀၆ ဦးကို နိုဝင်ဘာလ ၁၆ရက်နေ့က ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီး ပင်လယ်ကမ်းနားတွင် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း၊ စက်လှေကြီး တစင်းမျောနေကြောင်း ဒေသခံ ငါးဖမ်းလုပ်သားများ၏ သတင်းပေးပို့ချက်အရ ရေတပ်ကနေ သွားရောက် ခေါ်ယူ ထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အထဲတွင် အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ် စုစုပေါင်း ၁၀၆ ဦး ပါဝင်ကြောင်း သိရသည်။

၎င်းတို့အား ကျောက်တန်းမြို့နယ် ရွှေမော်ဝှန်းခမ်းမဆောင်တွင် ထိန်းသိမ်းထားခဲ့ပြီး ယမန်နေ့ နံနက်က YBS ယာဉ် သုံးစီးဖြင့် သာကေတမြို့နယ် ရှုခင်းသာကမ်းခြေသို့ ယူဆောင်ခဲ့ပြီး ထိုမှ တစ်ဆင့် တပ်မတော်ရေယာဉ်ပေါ်သို့ ပို့ဆောင်ကာ ၎င်းရေတပ်သင်္ဘောဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ရန် ယူဆောင်သွားခဲ့သည်ဟု မျက်မြင်များက ပြောကြားသည်။

၎င်းတို့သည် စစ်တွေ မူဆလင်ဒုက္ခသည်စခန်းမှ အောက်တိုဘာ ၂၃ ရက်နေ့က စက်လှေဖြင့် ထွက်ခွာလာခဲ့ပြီး ၂၅ ရက်အကြာ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ထိန်းသိမ်းခံခဲ့ကြရခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ တစ်ဦးလျှင် ကျပ် ၅သိန်းနှုန်းဖြင့် မလေးရှားသို့ သွားရောက်ရန် ပွဲစားသို့ ပေးရကြောင်း၊ ကနဦး ကျပ် ၂ သိန်းပေးဆောင်ရပြီး ကျန် ၃ သိန်းကို မလေးရှားကို ရောက်မှ ထပ်မံ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara-151742128171206/
မလေးသို့သွားရာမှ ရန်ကုန်သို့ရောက်လာသူ ဘင်္ဂလီ၁၀၆ ဦးကို ရေတပ်သင်္ဘောဖြင့် ရခိုင်သို့ပြန်ပို့ မလေးသို့သွားရာမှ ရန်ကုန်သို့ရောက်လာသူ ဘင်္ဂလီ၁၀၆ ဦးကို ရေတပ်သင်္ဘောဖြင့် ရခိုင်သို့ပြန်ပို့ Reviewed by THITHTOOLWIN on 19:29 Rating: 5
Powered by Blogger.