ကြားဖြတ်ရွေးကောက်ပွဲ သျှမ်းလူမျိုး မဲဆန္ဒရှင်များ မဲပေးမှုနည်းပါး


နိုဝင်ဘာလ ၃ ရက် ၂၀၁၈

ယနေ့နိုဝင်ဘာ ၃ ရက် ၂၀၁၈ တွင်ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲအား သျှမ်းလူမျိုး မဲဆန္ဒရှင်များ မဲလာပေးမှု နည်းနေသည်ဟု ဒေသခံများ၊ ဆိုင်ရာ ပါတီများက ပြောသည်။

လစ်လပ်နေသည့် လွှတ်တော်အမတ် နေရာ ၁၃ နေရာအတွက် မဲပေးရွေးချယ်ရန် ယနေ့နံနက် ၆ နာရီမှ ညနေ ၄ နာရီ အထိ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရာ သျှမ်းလွှတ်တော်ကိုယ်စားလှယ် ၂ နေရာရွေးချယ်ရေးအတွက် မွန်းတည့်ချိန် အထိ မဲလာပေးသည့် မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်များ နည်းနေသည်သေးသည်ဟု ဆိုသည်။

မန္တလေးတိုင်းဒေသကြီး ကျားခေါင်းပါတီ ဥက္ကဌ စိုင်းချစ်သိန်းက - “ ကျနော်တို့ မိုးကုတ်မှာ တော့ ကောင်းတယ်။ သျှမ်းလူမျိုး မဲဆန္ဒရှင် တသောင်းခွဲလောက်ရှိမယ်။ မန္တလေး တော့ စီးပွားရေးမြို့ဆိုတော့ နိုင်ငံရေး စိတ်မ၀င်စားတာလား၊ သဘောမပေါက်တာလားမသိဘူး။ မဲသိပ် လာမထည့်ဘူး” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ ပြည်သူ့လွှတ်တော်နေရာအတွက်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး သျှမ်းရေးရာဝန်ကြီးနေရာ အတွက်လည်းကောင်း ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများ ပြိုင်ဆိုင် နေကြသည်။

ကျားခေါင်းပါတီ စိုင်းဥက္ကာ ခေါ် စိုင်းကောင်ခမ်း၊ ကျားဖြူပါတီ စိုင်းရွှေဆိုင်း နှင့် NLD က စိုင်းအောင်ထွန်းလေး တို့အသီးသီး ယှဉ်ပြိုင် နေကြသည့် သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်းတွင် မဲပေးပိုင်ခွင့်ရှိသူ ၄ သောင်းနီးနီးအတွက် မဲရုံ ၃၉ ရုံ ရှိသည်ဟု ဆိုသည်။

“မဲဆန္ဒရှင်တွေ မဲလာမပေးကြဘူး။ ကျနော် ကျေးလက်ကိုပတ်နေတာ အခု ။ ထူးထူးခြားခြားဖြစ်ပေါ်တာ တော့မရှိဘူး။ မဲလာထည့်တာတော့ အရမ်းနည်းနေသေးတယ်“ - ဟု NLD အမတ်လောင်း စိုင်းအောင်ထွန်းလေးက ပြောသည်။

သျှဲန်ပိုင်းသတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ စိုင်းဇင့် က - “ကြားဖြတ်ရွေးကောက်ပွဲက ထုံးစံဘဲ လူထု သိပ်စိတ်မ၀င်စားဘူး။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက လဲချားမြို့မှာ မဲဆန္ဒရှင် ၁၀၀ မှာ ၅၄ လောက်ဘဲ မဲလာပေးတာ၊ အခု အဲဒီ့ထက်တောင်ပိုနည်းနိုင်တယ်“ - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း သျှမ်းလူမျိုးမဲဆန္ဒရှင် ၄ သောင်းကျော်အတွက် မဲရုံ ၃၆၄ ရုံရှိပြီး ယှဉ်ပြိုင်သည့် သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအတွက် အမတ်လောင်း ၅ ဦးမှာကျားခေါင်းပါတီ နန်းထွေးမှုံ ၊ ကျားဖြူပါတီ စိုင်းကျော်အုန်း၊ NLD စိုင်းပန်းဆိုင်၊ USDP (ပြည်ခိုင်ဖြိုး) စိုင်းအောင်ကြည် တို့ ပါဝင်ပါသည်။

သျှမ်းသံတော်ဆင့်၊ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
ကြားဖြတ်ရွေးကောက်ပွဲ သျှမ်းလူမျိုး မဲဆန္ဒရှင်များ မဲပေးမှုနည်းပါး ကြားဖြတ်ရွေးကောက်ပွဲ သျှမ်းလူမျိုး မဲဆန္ဒရှင်များ မဲပေးမှုနည်းပါး Reviewed by THITHTOOLWIN on 18:33 Rating: 5
Powered by Blogger.