စားသုံးသူတွေရဲ့ မကျေနပ်ချက်တွေ အွန်လိုင်းကနေ တိုင်ကြားနိုင်ပြီ

ရန်ကုန် မြို့လယ်က လမ်းဘေး စားသောက်ဆိုင် မြင်ကွင်း
မြန်မာနိုင်ငံက စားသုံးသူတွေအနေနဲ့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ဝယ်ယူရယူသုံးစွဲရာမှာ မတရားမှုနဲ့ မကျေနပ်ချက်တွေ ကြုံလာရင် ပေးဆောင်ထားတဲ့ ငွေကြေး သက်သေခံ အထောက်အထားနဲ့ အွန်လိုင်းကတဆင့် တိုင်ကြားနိုင်ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

စားသုံးသူတွေဘက်က အွန်လိုင်းတဆင့် တိုင်ကြားနိုင်ဖို့ကို အရက်ဘက်အဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ စားသုံးသူများ သမဂ္ဂနဲ့ အစိုးရ ဌာန တစ်ခု ဖြစ်တဲ့ စားသုံးသူ ရေးရာ ဦးစီးဌာနတို့က ပူးပေါင်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒီလိုလုပ်ဆောင်တာဟာ စားသုံးသူတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးကို နားလည်ဖို့နဲ့ တရားဥပဒေအရ အကာအကွယ် ရယူနိုင်တယ်ဆိုတာ သိရှိစေဖို့ ရည်ရွယ်တယ်လို့ မြန်မာစားသုံးသူများ သမဂ္ဂရဲ့ အတွင်းရေးမှုး ဦးမောင်မောင်က ပြောပါတယ်။

"စားသုံးသူ အငြင်းပွားမှု ပြဿနာတွေက ပြင်ပမှာ နေ့စဉ်နီးပါး ရှိနေပေမယ့် သတ္တိရှိရှိနဲ့ မတိုင်ကြဘူး၊ ဒါကို အသိပေး တွန်းအားပေးတဲ့အနေနဲ့ အွန်လိုင်းကတိုင်လို့ အင်တာနက်ခ ကုန်တယ်ဆိုရင်လည်း ကုန်ကျတဲ့ ငွေကြေး ပြန်ဖြည့်သွင်းပေးပါမယ်" လို့ ဦးမောင်မောင်က ဆိုပါတယ်။

အွန်လိုင်းကနေ မှန်ကန်တဲ့ အထောက်အထားတွေနဲ့ တကွ တိုင်ကြားမယ့်သူတွေကို အခု အောက်တိုဘာလ ၁ ရက်က စပြီး ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၁ ရက်တွင်း ဖုန်းဘေလ် ၃၀၀၀ ကျပ်စီ ပြန်ဖြည့်သွင်းပေးမယ်လို့ မြန်မာစားသုံးသူများ သမဂ္ဂက အသိပေး ကြေညာထားပါတယ်။

စားသုံးသူ အခွင့်အရေး ချိုးဖောက်ခံရတာကို သိရှိသူ နည်းပါးလို့ စားသုံးသူ အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်ပြီး စားသုံးသူတွေရဲ့ တိုင်ကြားမှုတွေကို ချက်ချင်းလက်ခံ လုပ်ဆောင်ပေးနေတယ်လို့ စားသုံးသူရေးရာ ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှုး ဦးမြင့်ချိုက ပြောပါတယ်။

စားသုံးလူထုနဲ့ အစိုးရကြားမှာ ကြားခံ တတိယ အဖွဲအစည်း တစ်ခု အဖြစ် ကူညီ ဆောင်ရွက်ပေးနေတဲ့ မြန်မာ စားသုံးသူများ သမဂ္ဂကို စားသုံးသူ ထံက တိုင်ကြားလွှာတွေ ရရှိခဲ့ရင် အရေးယူဆောင်ရွက်ပေးနိုင်မှာ မဟုတ်ပေမယ့် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့ကို ပို့ပေးပြီး ဖြေရှင်းမှုပြီးစီး ရရှိတဲ့အထိ ကူညီဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ မြန်မာစားသုံးသူများ သမဂ္ဂရဲ့ အတွင်းရေးမှုး ဦးမောင်မောင်က ဆိုပါတယ်။

"ကျွန်တော်တို့ အရပ်ဘက်အဖွဲ့ပါ။ အရေးယူပေးလို့ မရဘူး။ အရေးယူပေးမယ့် ဌာနကို ချိတ်ဆက်ပေးမှာ။ ဒါကလည်း ကျနော်တို့ လူမှုအဖွဲ့အစည်းမှာ စားသုံးသူ အခွင့်အရေးအရ ကိုယ့်ရပိုင်ခွင့် ရှိတယ်ဆိုတာကို နားလည်းသိရှိမှု အားနည်းနေလို့ လုပ်ဆောင်အသိပေးချင်တာပါ" လို့ ဦးမောင်မောင်က ပြောပါတယ်။

ကျုးလွန်သူတွေကို စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၁၉ အရ စီမံခန့်ခွဲရေး ပြစ်ဒဏ်ဖြစ်တဲ့ ပြင်းပြင်းထန်ထန် သတိပေးတာ၊ ဈေးကွက်ကနေ ကုန်ပစ္စည်း ပြန်သိမ်းခိုင်းတာ၊ နစ်နာလျော်ကြေး ပေးတာအပြင် တရားစွဲအရေးယူပြီး ငွေဒဏ်၊ ထောင်ဒဏ် ၃ နှစ်အထိ အရေးယူနိုင်တယ်လို့ စားသုံးသူရေးရာဦးစီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စားသုံးသူကာကွယ်ရေး ဥပဒေက ၂၀၁၄ ခုနှစ်မှ ပြဋ္ဌာန်းထွက်ပေါ် လာတာဖြစ်ပြီး၊ နည်းဥပဒေ ထွက်ပေါ်နိုင်ဖို့ အမျိုးသားလွှတ်တော်ကို ပေးပို့ထားတယ်လို့ စားသုံးသူရေးရာ ဦးစီးဌာနကပြောပါတယ်။

အရောင်ပါတဲ့ ဝက်အူချောင်းတွေ
ပြီးခဲ့တဲ့ လတုန်းကလည်း စားသုံးသူတွေ ဘေးကင်းလုံခြုံဖို့ အတွက် ပြည်တွင်းမှာ ရောင်းချမယ့် ကုန်စည်တွေကို မြန်မာဘာသာနဲ့ မဖြစ်မနေ ပါဝင်ဖော်ပြ ပေးရမယ်ဆိုတဲ့ အမိန့်ကြော်ငြာချက်ကို စားသုံးသူ အကာအကွယ်ပေးရေး ဗဟိုကော်မတီ ထုတ်ပြန်ခဲ့ပါတယ်။

ပြည်တွင်းမှာ ရောင်းချမယ့် ကုန်စည်တွေအားလုံးမှာ သုံးစွဲပုံ အညွှန်း၊ ထားသိုသိမ်းဆည်းပုံ အညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်နဲ့ ကြိုတင်သတိပေးချက် အပါအဝင် ဘေးထွက်ဆိုးကျိုးတို့ကို မဖြစ်မနေ မြန်မာဘာသာနဲ့ ဖော်ပြရမယ်လို့ အဲဒီ ကြေညာချက်မှာ ပါရှိပါတယ်။

လက်ရှိပြည်တွင်း ဈေးကွက်မှာ ၉၀ ရာခိုင်နှုန်း နီးပါးက ပြည်ပကုန်စည်တွေကို အားကိုးနေရပြီး သွင်းလာကြတဲ့ နိုင်ငံတွေရဲ့ ဘာသာစကားနဲ့သာ တင်သွင်းလာလို့ စားသုံးသူတွေ သိသင့်တဲ့ သတင်း အချက်အလက် ပါရှိမနေလို့ စားသုံးသူတွေ အန္တရာယ်ကင်း ဘေးကင်းဖို့ ထုတ်ပြန်တာလို့ စားသုံးသူရေးရာ ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှုး ဦးမြင့်ချိုက ပြောပါတယ်။

အဲဒီလို ဆောင်ရွက်တာက စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေပါအတိုင်း ပထမအဆင့် ဆောင်ရွက်ချက် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အရင်က စားသုံးသူအခွင့်အရေး ချိုးဖောက်မှုနဲ့ ပတ်သတ်ရင် ရေသန့်နဲ့ အစားအသောက်တချို့ သန့်ရှင်းမှု မရှိလို့ တိုင်ကြားကြတဲ့ အမှုက များပေမယ့် လက်ရှိမှာတော့ မိုဘိုင်းအပလီကေးရှင်း ဖုန်းဘေလ်ဖြတ်တဲ့ ပြဿနာတွေကို တိုင်ကြားမှု များနေတယ်လို့ ဦးမြင့်ချိုက ပြောပါတယ်။

စားသုံးသူအခွင့်အရေး ချိုးဖောက်မှုကို အွန်လိုင်းကနေ ရောင်းချသူတွေက လုပ်တာများတယ်လို့ အွန်လိုင်းမှာ ဈေးဝယ်လေ့ရှိတဲ့ ရန်ကုန်မြို့ခံ မဦး က ပြောပါတယ်။

"အဝတ်အစားတွေ မှာလိုက်ရင် ပြထားတဲ့ပုံနဲ့ အပြင်မှာ ကွာနေတယ်၊ အရည်အသွေး ညံတာ၊ ပုံမကျတာ၊ အရောင်က မှာထားတဲ့အတိုင်း မဟုတ်တာများတယ်၊ ပြန်လဲလို့လည်း မရဘူး၊ အကြောင်းအမျိုးမျိုးနဲ့ ငြင်းတာ များတယ်။ အစားအစာတွေဆိုလည်း အွန်လိုင်းမှာ ရေးထားတာနဲ့ တခြားစီ၊ စားမရလို့ သွန်ပစ်ရတာတွေ ကြုံရတယ်" လို့ မဦးက သူ့အတွေ့အကြုံကို ပြောပါတယ်။

အွန်လိုင်းက ရောင်းချတာတွေကိုလည်း Consumer Right အရ ရမယ့်ဝန်ဆောင်မှု ပြောထားတဲ့အတိုင်း မရရှိဘူးဆိုရင် ကိုယ်တိုင်စားသုံးသူလည်းဖြစ်၊ ပေးဆောင်ထားတဲ့ ငွေကြေးအထောက်အထားနဲ့ ရောင်းချသူရဲ့ လိပ်စာအမှန်သိရင် အရေးယူလုပ်ကိုင် ပေးနိုင်တယ်လို့ မြန်မာစားသုံးသူများ သမဂ္ဂကတော့ ဆိုပါတယ်။

မကြာသေးခင်က မြန်မာစားသုံးသူများ သမဂ္ဂရဲ့ဆောင်ရွက်မှု တစ်ခုဖြစ်တဲ့ စားသုံးသူ ရပိုင်ခွင့်အရ တိုင်ကြားလာတဲ့ မော်တော်ကား ဝယ်ယူမှုတစ်ခုမှာ ကားကုမ္ပဏီဘက်က အာမခံပေးထားတဲ့ နှစ်အတွင်း ကားထိခိုက်မှု ဖြစ်ရာမှာ အာမခံပေးတဲ့ အချက်မှာ မပါလို့ အလျော်မပေးနိုင်ဘူးလို့ ပြောလို့ စားသုံးသူ အခွင့်အရေးနဲ့ တိုင်ကြားခဲ့တာမှာ ဝယ်ယူသူဘက်က ရလို့တဲ့ လျော်ကြေးရရှိခဲ့တယ်လို့ စားသုံးသူရေးရာ ဦးစီးဌာနက ပြောဆိုပါတယ်။

စားသုံးသူတွေအနေနဲ့ မိမိတို့ရဲ့ နစ်နာမှုတွေကို အွန်လိုင်းကနေ တိုင်ကြားမယ် ဆိုရင် မြန်မာ စားသုံးသူများ သမဂ္ဂရဲ့ တရားဝင် ဝက်ဘက်ဆိုဒ် စာမျက်နှာမှာ တိုင်ကြားနိုင်သလို မိုဘိုင်းဖုန်းအပ် (App) နဲ့လည်း တိုင်ကြားနိုင်တယ်လို့ မြန်မာစားသုံးသူများ သမဂ္ဂက ပြောပါတယ်။

BBC Burmese
https://www.bbc.com
စားသုံးသူတွေရဲ့ မကျေနပ်ချက်တွေ အွန်လိုင်းကနေ တိုင်ကြားနိုင်ပြီ စားသုံးသူတွေရဲ့ မကျေနပ်ချက်တွေ အွန်လိုင်းကနေ တိုင်ကြားနိုင်ပြီ Reviewed by THITHTOOLWIN on 23:51 Rating: 5
Powered by Blogger.