ကရင်ပြည်နယ်နေ့ပွဲတော်တွင် ဒုံးယှဉ်ပြိုင်သည့်အဖွဲ့မှ ပျောက်ဆုံးသွားသော ဖုန်းများကို တိုင်တန်းပြီး ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ


ဘားအံ နိုဝင်ဘာ ၉

၂၀၁၈ခုနှစ်၊ (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်တွင် ဒုံးပါဝင်ယှဉ်ပြိုင်ရန်အတွက် ဘားအံမြို့နယ်၊ နောင်ပလိန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောလှမင်းဇော် ဦးဆောင်သည့် ဒုံးအဖွဲ့ဝင် (၆၄)ဦးသည် နိုဝင်ဘာ ၆ ရက်နေ့မှစ၍ ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သုမေဓါရာမကြားတောရကျောင်းတွင် တည်းခိုးနေထိုင်နေစဉ် နိုဝင်ဘာ ၇ ရက်နေ့တွင် တည်းခိုနေထိုင်သူများအနက် (၁၄)ဦး၏ လက်ကိုင်ဖုန်း(၁၄)လုံး၊ ခန့်မှန်းတန်ဘိုး (၃၁)သိန်းခန့် ပျောက်ဆုံးခဲ့၍ နိုဝင်ဘာ ၈ ရက်နေ့တွင် ဘားအံမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့် ဘားအံမြို့မရဲစခန်းက (ပ)၁၈၃၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့မှုဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်အား ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး၏ ကြီးကြပ်မှုဖြင့် ဘားအံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်မျိုးကျော်ဦးစီးအဖွဲ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ အလားတူ ပြစ်မှုဖြင့် ပြစ်ဒဏ်ကျခံဖူးသူများအား စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ရာမှ ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်နေသူ ဇေယျာ၊ သရဲ(ခ) မျိုးသီဟဦး တို့အား လက်ကိုင်ဖုန်း(၁၂)လုံးနှင့်အတူ အမှုလာရောက်တိုင်တန်းပြီး (၂၄)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူများကို ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

မင်းသူ(ဘားအံ)
ဘားအံသတင်း
https://www.facebook.com/pg/Hpaannews.kayin
ကရင်ပြည်နယ်နေ့ပွဲတော်တွင် ဒုံးယှဉ်ပြိုင်သည့်အဖွဲ့မှ ပျောက်ဆုံးသွားသော ဖုန်းများကို တိုင်တန်းပြီး ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ ကရင်ပြည်နယ်နေ့ပွဲတော်တွင် ဒုံးယှဉ်ပြိုင်သည့်အဖွဲ့မှ ပျောက်ဆုံးသွားသော ဖုန်းများကို တိုင်တန်းပြီး ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:30 Rating: 5
Powered by Blogger.