ကမ္ဘောဒီးယားမှာ အငှားကိုယ်ဝန်ဆောင်သူတွေကို ဖမ်းဆီး


ကမ္ဘောဒီးယားနိုင်ငံမှာ ကိုယ်ဝန်အငှားဆောင်သူ အမျိုးသမီး ၁၁ ဦးအပါအဝင် စုစုပေါင်း ၁၈ ဦးကို ပြီးခဲ့တဲ့ အင်္ဂါနေ့က တရားစွဲလိုက်ပါတယ်။

အမျိုးသမီး ၁၁ ဦးနဲ့ အမျိုးသားလေးဦးကို ကိုယ်ဝန်အငှားဆောင်တဲ့ အမှုအပြင် လူကုန်ကူးမှုနဲ့ပါ တရားစွဲဆိုလိုက်တာလို့ ဖနွမ်းပင်မြို့တရားရုံး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒီအမှုတွေမှာ ပူးပေါင်းကြံစည်သူ သုံးဦးကို တရားရုံးက ဆင့်ခေါ်ထားပေမယ့် ရောက်မလာကြဘူးလို့ ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ နိုင်ငံခြားသားတွေကို ကိုယ်ဝန်အငှားဆောင်ပေးတဲ့ စီးပွားရေးလုပ်ငန်း ဦးထောင်လာတာကြောင့် အာဏာပိုင်တွေက ၂ဝ၁၆ ခုနှစ်မှာ ဥပဒေထုတ်ပြန်ပြီး တားမြစ်ထားပါတယ်။

ဒီဥပဒေအရ ပြစ်မှုထင်ရှားရင် အနည်းဆုံးထောင်ဒဏ်ခြောက်လ ချမှတ်ခံရမှာဖြစ်ပြီး၊ လူကုန်ကူးမှုအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ကမ္ဘောဒီးယား၊ အိန္ဒိယ၊ နီပေါ စတဲ့ ဆင်းရဲတဲ့နိုင်ငံတွေမှာ အငှား ကိုယ်ဝန်ဆောင်တာတွေ ခေတ်စားလာတာပါ။

အလားတူ ထိုင်းနိုင်ငံမှာလည်း ထိုင်းအမျိုးသမီးတချို့က နိုင်ငံခြားသားတွေအတွက် အငှား ကိုယ်ဝန်ဆောင်တာတွေ ရှိခဲ့ပေမယ့် အာဏာပိုင်တွေက ဥပဒေထုတ်ပြန်ပြီး အရေးယူတဲ့အတွက် လျော့ကျသွားပါတယ်။

အမေရိကန်၊ သြစတြေးလျ စတဲ့နိုင်ငံတွေမှာ အငှားကိုယ်ဝန်ဆောင်မယ်ဆိုရင် ကုန်ကျစရိတ် အမေရိကန် ဒေါ်လာတသိန်းခွဲလောက် ကုန်ကျမှာဖြစ်တဲ့အတွက် ဆင်းရဲတဲ့နိုင်ငံတွေမှာ အငှားကိုယ်ဝန်ဆောင်ပေးဖို့ လာရောက်အပ်နှံကြတာလို့လည်း သိရပါတယ်။

၂ဝ၁၇ ခုနှစ်က အငှားကိုယ်ဝန်ဆောင်မှုဖြင့် တရားစွဲခံရသူများကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တရားရုံးတစ်ခုတွင် တွေ့ရစဉ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကမ္ဘောဒီးယားမှာ အငှားကိုယ်ဝန်ဆောင်သူတွေကို ဖမ်းဆီး ကမ္ဘောဒီးယားမှာ အငှားကိုယ်ဝန်ဆောင်သူတွေကို ဖမ်းဆီး Reviewed by THITHTOOLWIN on 11:34 Rating: 5
Powered by Blogger.