သတင်းအတုအယောင်တွေ ရေးသားနေတာတွေကို စောင့်ကြည့်ဖော်ထုတ်သွားမည်

Daily News Myanmar သတင်းမီဒီယာကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ သဘောထားထုတ်ပြန်ချက်ကို တွေ့ရစဉ်

အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေမယ့် သတင်းတု၊ သတင်းမှားတွေ ရေးသားနေတဲ့ သတင်းမီဒီယာတွေကို စောင့်ကြည့်ဖော်ထုတ်သွားမယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဒီနေ့ သဘောထားထုတ်ပြန် လိုက်ပါတယ်။

လူမှုကွန်ယက်ဖေ့စ်ဘွတ်ပေါ်က Daily News Myanmar သတင်းဌာန အမည်နဲ့ စာမျက်နှာကနေ "မန္တလေးတိုင်း ၀န်ကြီးချုပ်ရဲ့ မိသားစုကုမ္ပဏီတွေ တင်ဒါအများစုအောင်မြင်နေလို့ လုပ်ငန်းရှင်တွေ မေးခွန်းထုတ်"ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းရေးသားဖော်ပြခဲ့တာကို သတင်းမီဒီယာဥပဒေနဲ့အညီ ဖြေရှင်းပေးဖို့ မန္တလေးတိုင်းဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူးက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တိုင်ကြားလာတာကြောင့် အခုလိုစောင့်ကြည့်ဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒါနဲ့ပတ်သက်လို့ ကောင်စီက အဲဒီသတင်းစာမျက်နှာဟာ တရားဝင်ဟုတ် မဟုတ် စင်ကာပူနိုင်ငံမှာရှိတဲ့ Facebook အဖွဲ့ကို မေးမြန်းစုံစမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီ Daily News Myanmar သတင်းဌာန အမည်ရှိတဲ့ စာမျက်နှာ ၂ ခုဖြစ်နေပြီး တစ်ခုမှာ Ginger ဆိုတဲ့ ၀က်ဘ်ဆိုက်ဖြစ်ပြီး တစ်ခုကတော့ DNM လို့သုံးထားပြီး ၀က်ဘ်ဆိုက်မရှိကြောင်း MPC က စီစစ်တွေ့ရှိထားတယ်လို့ ထုတ်ပြန်စာမှာပါရှိပါတယ်။

ကောင်စီက ဖော်ထုတ်ရရှိတဲ့အချက်အလက်တွေအရ DNM စာမျက်နှာကို သတင်းမီဒီယာဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒါနဲ့ဆက်စပ်ပြီး သတင်းမီဒီယာတွေ လိုက်နာရမယ့် တာဝန်နဲ့ ကျင့်ဝတ်တွေကို လိုက်နာမှု ရှိမရှိနဲ့ ကျင့်ဝတ်လိုက်နာမှု မရှိဘဲ သတင်းတုတွေ သတင်းအမှားတွေ ရေးသားနေတဲ့ သတင်းမီဒီယာတွေကို စောင့်ကြည့်ဖော်ထုတ်သွားမယ်လို့ ကောင်စီက သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုထက်အာကာ က တင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
သတင်းအတုအယောင်တွေ ရေးသားနေတာတွေကို စောင့်ကြည့်ဖော်ထုတ်သွားမည်
(ထက်အာကာ)

■ သတင်းတုတွေ၊ သတင်းမှားတွေ ရေးသားနေတဲ့ သတင်းမီဒီယာတွေကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက စောင့်ကြည့်ဖော်ထုတ်မယ်လို့ ဒီနေ့ ပြောကြားရာမှာ သုံးသပ်မှုအမျိုးမျိုး ဖြစ်ပေါ်လာပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားတဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က အကြံပြု ပြောကြပါတယ်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ် က အမုန်းတရားတွေ ပြန့်ပွားအောင်၊ သတင်းအချက်အလက်အမှားတွေ ဖြန့်ဝေနေတဲ့ စာမျက်နှာတွေက သတင်းဌာနနာမည်တွေနဲ့ ဆင်တူပြုလုပ်ထားတာတွေ ရှိလာတယ်လို့ ပြောပါတယ်။

"အဲဒါတွေက အရင်တုန်းကလည်း သာဓကတွေ ရှိခဲ့တယ်။ အွန်လိုင်းပေါ်မှာ အမုန်းတရားတွေဖြန့်။ အပြင်မှာပါ နိုင်ငံရေးလှုံ့ဆော်မှုတွေလုပ်၊ နောက်ပြီးကျတော့ ပဋိပက္ခဖြစ်အောင် ဖန်တီး။ အရင်ကလည်း ဒါမျိုးတွေ လုပ်ခဲ့ ဖူးတယ်။ အခုကျတော့ အမုန်းတရားမဟုတ်ဘဲ သတင်းအတုအယောင်တွေကို စာမျက်နှာတွေ ရည်ရွယ်ချက်ရှိရှိနဲ့ ဆင်တူယိုးမှား လျှောက်ထောင်။ သတင်းအတုအယောင်တွေကို အမှန်လို့ ထင်ပြီး ကိုယ်ကထပ်ဆင့်ဖြန့်တာမျိုး လုပ်မယ်ဆိုရင် အများပြည်သူနစ်နာနိုင်တာပေါ့။ သတင်းအတု အစစ်ခွဲခြားနိုင်ဖို့ အတုတွေကို ထပ်ဆင့်မဖြန့်မိဖို့ ဒါမျိုးတွေကို သတိထားဖို့လိုတယ်။"

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော် က သတင်းတုတွေ သတင်းအမှားတွေ ဖြန့်ဝေတဲ့ စာမျက်နှာတွေကို ကောင်စီက သတင်းထုတ်ပြန်တာမျိုးသာ လုပ်နိုင်မှာဖြစ်ပြီး အရေးယူတာကတော့ အစိုးရမှာသာ တာဝန်ရှိကြောင်း ပြောပါတယ်။

"လူတွေက ရောနှောပြီး ဘယ်ဟာက သတင်းမီဒီယာအစစ်လဲ၊ ဘယ်ဟာက သတင်းမီဒီယာနာမည်ပဲ ခံထားပြီး နာမည်ရော လိပ်စာရော ဆက်သွယ်ဖို့ ဘာမှမရှိဘဲ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ လုပ်နေတာတွေလည်း ရှိတယ်။ စီးပွားရေးရည်ရွယ်ချက်လည်း ရှိနိုင်သလို တခြားသော နိုင်ငံရေး ဘာသာရေး လူမျိုးရေး ရည်ရွယ်ချက်လည်း ရှိတယ်။ ဒါကိုတော့ သတိပြုသင့်တယ်။ ပရိသတ်ကို သတိပြုမိအောင် ပညာပေးတာတို့ ခွဲခြားထုတ်ပြန်ကြေ ညာပေးတာမျိုးတို့လုပ်ဖို့ လိုအပ်တယ်။ သို့သော် လိုက်ပြီးတော့ ဖော်ထုတ်ပြီးအရေးယူတာမျိုးကတော့ ကောင်စီရဲ့ လုပ်ပိုင်ခွင့်ထဲ မပါဘူး။ အဲဒါကတော့ သက်ဆိုင်ရာအစိုးရကသာ လုံခြုံရေးကိစ္စတို့ တခြားအကြောင်းကိစ္စနဲ့ သာလျှင် လုပ်သင့်တယ်။"

သတင်းဌာနနာမည်တွေနဲ့ ဆင်တူတဲ့ စာမျက်နှာတွေကနေ သတင်းအတုအယောင်တွေ ဖြန့်ဝေတာတွေရှိသလို လူပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တဲ့ သတင်းမျိုးတွေနဲ့ ဘာသာရေး လူမျိုးရေးဆိုင်ရာ ပဋိပက္ခဖြစ်စေမယ့် သတင်းတွေ ကိုလည်း ဖြန့်ဝေတာတွေ ရှိလာပါတယ်။

ဒီအပေါ်မှာ အစိုးရက ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့ကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းပြီး စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ အခုချိန်ထိ အရေးယူဆောင်ရွက်တာတွေ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာတွေ မရှိသေးပါဘူး။

ဒီလိုစောင့်ကြည့်ရေးမှာ ဗုဒ္ဓဘာသာအပေါ် အမုန်းတရားဖြန့်ဝေသူတွေကို အရေးယူဆောင်ရွက်တာတွေ မတွေ့ရကြောင်း၊ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ဒီနေ့မှာ အစိုးရကို မေးခွန်းထုတ်ခဲ့ပါသေးတယ်။

အခုဆိုရင် မြန်မာတနိုင်ငံလုံးမှာ လူမှုကွန်ယက်ဖေ့ဘွတ်စ်သုံးစွဲသူ ၁၈ သန်း ရှိနေတယ်လို့ သိရပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့လိုက်တာပါ။

RFA Burmese
https://www.rfa.org

တိုက်​ကြီးမြို့နယ်​၌ ဓာတ်​​ငွေ့ပိုက်​လိုင်းမှ ဓာ​တ်​​ငွေ့ယိုစိမ့်​မှုဖြစ်​ပွား


တိုက်​ကြီး နိုဝင်​ဘာ ၂၀

ရန်​ကုန်​တိုင်း​ဒေသကြီး၊တိုက်​ကြီးမြို့နယ်​၊ မင်္ဂလာရပ်​ကွက်​ လူသန့်​အင်း​ကျေးရွာ၊​ဖောင်​ကြီးလမ်းမှလူသန့်​အင်း​ကျေးရွာသို့ ​ဖောက်​လုပ်​ထား​သော ကားလမ်း ​ချောင်းနံ​ဘေး၌ ​ဓာတ်​​ငွေ့ပိုက်​လိုင်းမှ နိုဝင်​ဘာလ ၂၀ရက်​ ၇း၄၅ မိနစ်​အချိန်​ခန့်​က ဓာတ်​​ငွေ့ယိုစိမ့်​မှုဖြစ်​ပွားခဲ့​ကြောင်းသိရသည်​။

အဆိုပါပိုက်​လိုင်းသည်​ အ​ဖျောက်​​ရေနံ​မြေသဘာဝဓာတ်​​ငွေ့စက်​ရုံနှင့်​ ​ရွှေပြည်​သာမြို့သို့ ဆက်​သွယ်​ထား​သောသဘာဝ​ဓာတ်​​ငွေ့ပိုက်​လိုင်း ဖြစ်​သည်​။ပိုက်​လိုင်းမှဓာတ်​​ငွေ့ ယိုစိမ့်​မှုဖြစ်​​သော​နေရာသို့ရပ်​ကွက်​တာဝန်​ရှိသူများ ၊ရဲတပ်​ဖွဲ့ဝင်​များ​ကျေးရွာသားများသွား​ရောက်​ပြီး အန္တရာယ်​မဖြစ်​ရန်​ခြုံနွယ်​များ ​ရေဆိုးများ ​ဖောက်​လုပ်​ဖယ်​ရှားပြီး တာဝန်​ရှိသူများတို့ ဆက်​လက်​တင်းပို့ထားပြီး၊ဓာတ်​​ငွေ့ယိုစိမ့်​မှု​ကြောင့်​ လူနှင့်​တိရစ္ဆာန်​များ ထိခိုက်​မှုမရှိ​ကြောင်းသတင်းရရှိသည်​။

ထွန်းလှိုင်​(မြိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
 

ညောင်ဦးလေဆိပ်လမ်းဆုံ၌ ယာဉ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံး


ညောင်ဦး နိုဝင်ဘာ ၂၀

ညောင်ဦးမြို့ လေဆိပ်မီးပွိုင့်လမ်းဆုံတွင် နိုဝင်ဘာ ၁၉ ရက် ည ၈ နာရီခွဲအချိန်က မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် တိုက်မှုဖြစ်ပွားရာ မော်တော်ဆိုင်ကယ်စီးနင်းလာသူတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၉ ရက်၊ ည ၈ နာရီခွဲအချိန်က ကျောက်ပန်းတောင်းဘက်မှ ညောင်ဦးဘက်သို့ ယာဉ်မောင်း ရဲသူအောင် မောင်းနှင်ပြီး ဘေးမှ ယာဉ်နောက်လိုက် ဦးတင့်လွင်လိုက်ပါလာသော 3B /---- နံပါတ်ပါ HINO TRUCK အမျိုးအစား မော်တော်ယာဉ်သည် မီးပွိုင့်မီးစိမ်းနေသဖြင့် ပုဂံမြို့သစ်ဘက်သွားရာလမ်းသို့ ချိုးကွေ့ မောင်းနှင်စဉ် ညောင်ဦးဘက်မှ ကျောက်ပန်းတောင်းဘက်သို့ ဇော်သိုက် မောင်းနှင်ပြီး အလယ်မှ သက်နိုင်ဝင်း ၊ နောက်မှ ဖိုးထက်ဝင်း လိုက်ပါလာသော ၄၇ယ /----- နံပါတ်ပါ ZHAN SHENG CZI-125 အမျိုးအစား မော်တော်ဆိုင်ကယ်သည် မီးပွိုင့် မီးစိမ်းနေသဖြင့် ဆက်လက်မောင်းနှင်ခဲ့ရာ ဝင်ရောက်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူ ဇော်သိုက် သည် နဖူးပေါက်ပြဲဒဏ်ရာ၊ ညာပေါင်ပြဲဒဏ်ရာများရရှိပြီး အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့သည်။ ယင်း မော်တော် ဆိုင်ကယ်အလယ်မှ စီးနင်းလိုက်ပါလာသူ သက်နိုင်ဝင်းတွင် ဦးခေါင်းထိပ် ပေါက်ပြဲဒဏ်ရာ ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ ၊ ယာခြေဖမိုး ပွန်းပဲဒဏ်ရာ(စိုးရိမ်ရ)နှင့် နောက်မှလိုက်ပါလာသူ ဖိုးထက်ဝင်းတွင် အောက်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ ၊ မေးစေ့ ပေါက်ပြဲ ဒဏ်ရာ(စိုးရိမ်ရ)တို့ အသီးသီးရရှိခဲ့ပြီး ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်သူ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် နေသူ ယာဉ်မောင်း ရဲသူအောင် အား ညောင်ဦးမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

ဘိုးအောက်ဖိုရမ် (Boao Forum) ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင်ကျင်းပ

အာရှအတွက် ဘိုးအောက်ဖိုရမ် (Boao Forum for Asia) ဆောင်ပုဒ်နှင့် လိုဂိုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
ဆိုးလ်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

 တောင်ကိုရီးယားနိုင်ငံက မြို့တော် ဆိုးလ်တွင် အာရှအတွက် ဘိုးအောက်ဖိုရမ် (Boao Forum for Asia) ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး စီးပွားရေးသမားများနှင့် အစိုးရတာဝန်ရှိသူ ၈၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက်က ဆိုးလ်မြို့အလယ်ပိုင်းရှိ ဟိုတယ်တစ်ခုတွင် ကျင်းပခဲ့ကြောင်း ဖိုရမ်အား ပူးတွဲကျင်းပသူ တောင်ကိုရီးယားနိုင်ငံ စီးပွားရေးအဖွဲ့တစ်ခုဖြစ်သော ကိုရီးယားနိုင်ငံ စက်မှုလုပ်ငန်းများ အဖွဲ့ချုပ် (FKI) အရသိရသည်။

အဆိုပါ ဖိုရမ်သို့ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ဝမ်းယန်နှင့် တောင်ကိုရီးယားနိုင်ငံ ဝန်ကြီးချုပ် Lee Nak-yon နှင့် တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်း စီးပွားရေးကော်ပိုရေးရှင်းကြီး သုံးခုဖြစ်သည့်  ဆမ်ဆောင်း၊ ဟွန်ဒိုင်းမော်တော်နှင့် SK တို့၏ အမှုဆောင်အရာရှိချုပ်များ အပါအဝင် စီးပွားရေးစွမ်းဆောင်ရှင်များနှင့် အစိုးရ အရာရှိများစွာ တက်ရောက်ခဲ့ကြသည်။

ပထမဆုံး ဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ်ကို အရှေ့မြောက်အာရှတွင် ကျင်းပခဲ့ပြီး “ပွင့်လင်းပြီး တီထွင်ဆန်းသစ်မှုရှိသော အာရှ” ဟူသော ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်သည်။ ဆိုးလ်ကွန်ဖရင့်အား ကမ္ဘာ့စီးပွားရေးနှင့် အာရှစီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ တီထွင်ဆန်းသစ်မှုရှိသောသိပ္ပံပညာနှင့် နည်းပညာ၊ အားလုံးပါဝင်သော တိုးတက်မှု စသည့် အစီအစဉ် သုံးခုဖြင့် ကျင်းပသွားမည် ဖြစ်သည်။

အာရှအတွက် ဘိုးအောက်ဖိုရမ်၏ သဘာပတိဖြစ်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက အာရှသည် ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်မှု၊ ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွားကာကွယ်မှုနှင့် သီးခြားရပ်တည်မှုဝါဒကဲ့သို့သော ကမ္ဘာ့အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။

 (Xinhua)
http://www.xinhuamyanmar.com
 

အိန္ဒိယတွင် စွန့်ပစ်ထားသော ဖောက်ခွဲရေးပစ္စည်းများ ပေါက်ကွဲ၍ လူ ၆ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့တစ်ဖွဲ့က အသုံးမလို၍ စွန့်ပစ်သွားခဲ့သော ဖောက်ခွဲရေးပစ္စည်းများ နိုဝင်ဘာ ၂၀ရက်က ရုတ်တရက်ပေါက်ကွဲခဲ့ရာ လူ ၆ဦးသေဆုံးပြီး လူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း နောက်ဆုံးရသတင်းများအရ သိရသည်။

အဆိုပါ မတော်တဆမှုသည် နိုင်ငံအနောက်တောင်ပိုင်း Maharashtra ပြည်နယ် Wardha ခရိုင်ရှိ အမြောက်တပ်ဖွဲ့၏ လက်နက်ရုံအနီးဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကနဦးသတင်းများအရ သေဆုံးသူများသည် ဒေသခံရွာသားများဖြစ်ကြပြီး ပေါက်ကွဲသံအား ကီလိုမီတာများစွာ အဝေးမှ ဒေသခံများပင် ကြားရကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

မွတ်စလင်ဒုက္ခသည် ၁၀၆ ဦး မနက်ဖြန် စစ်တွေကို ရောက်ရှိမည်

မွတ်စလင်ဒုက္ခသည် ၁၀၆ ဦးကို ရေတပ်သင်္ဘော ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က စစ်တွေမြို့ကို ပြန်လည်ပို့ဆောင်စဉ်
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ကနေ ပြန်ပို့လိုက်တဲ့ မွတ်စလင်ဒုက္ခသည် ၁၀၆ ဦးဟာ မနက်ဖြန် နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်အစောပိုင်းမှာ စစ်တွေမြို့နယ်ကို ရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ သင်္ဘောဟာ စစ်တွေမြို့နယ် သဲချောင်းကျေးရွာကမ်းခြေအနီးမှာ ဆိုက်ကပ်ဖို့ စီစဉ်ထားပြီး အဲဒီနေရာမှာ ဆိပ်ကမ်းမရှိတာကြောင့် သင်္ဘောရှိရာကနေ လှေငယ်တွေနဲ့ ကုန်းပတ်ပေါ်ကို ပို့ဆောင်မှာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အစိုးရအရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

ဒီနေ့ညနေပိုင်းမှတော့ာ သင်္ဘောဆိုက်ကပ်မယ့် နေရာအနီးမှာ ရဲတပ်ဖွဲ့လုံခြုံရေး အများအပြားချထားတာတွေ့ရပြီး သင်္ဘောပေါ်ကနေ ကမ်းကိုသယ်ယူမယ့် စက်လှေတွေကို အဆင်သင့်စီစဉ်ထားတာ တွေ့ရတယ်လို့ အဲဒီနေရာကိုရောက်ရှိနေတဲ့ မွတ်စလင်တစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းပိတ်ထားတာကြောင့် မေးမြန်းလို့မရခဲ့ပါဘူး။

စစ်တွေမြို့နယ် အနောက်ဘက် မွတ်စလင်ဒုက္ခသည်စခန်းတွေကနေ မလေးရှားနိုင်ငံကို စက်လှေနဲ့ ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ မွတ်စလင် ၁၀၆ ဦးကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီဒုက္ခသည်တွေကို နေရပ်ကိုပြန်လည်ပို့ဆောင်ဖို့အတွက် ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ တပ်မတော်ရေတပ်သင်္ဘောဟာ နိုဝင်ဘာလ ၁၈ ရက်နေ့က သာကေတကနေတဆင့် စစ်တွေမြို့နယ်ကို ထွက်ခွာလာတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org

TNLA နဲ့ RCSS တိုက်ပွဲဖြစ်ပွား

TNLA တပ်သားတွေကို တွေ့ရစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ကိုင်ကျေးရွာတ၀ိုက်မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ မနေ့ကစတင်ပြီး တိုက်ပွဲဖြစ်ပွားနေပါတယ်။

ဒီမနက်မှာတော့ ကျေးရွာအနီး လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံတွေကိုပါ ကြားနေရတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

ပန်ကိုင်ရွာသားအချို့ဟာ ထော်လာဂျီတွေနဲ့ သီပေါမြို့ပေါ်ကို တိမ်းရှောင်နေကြပြီး ပန်လုံရွာသားတွေကတော့ တိုက်ပွဲဆက်လက်ပြင်းထန်လာရင် တိမ်းရှောင်နိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

ပန်ကိုင်၊ ပန်လုံ ၊ ပန်ကွပ်ရွာတွေဟာ TNLAနဲ့ SSPP တို့ ပူးပေါင်းအဖွဲ့ နဲ့ RCSS တပ်ဖွဲ့၊ မြန်မာ့တပ်မတော်တို့အကြား မကြာခဏထိပ်တိုက် တွေ့ဆုံတိုက်ပွဲဖြစ်ပွားတဲ့ နေရာဖြစ်ပါတယ်။

လတ်တလောမှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းက နမ္မတူ၊ သီပေါ၊ လားရှိုး၊ ကျောက်မဲမြို့နယ်တွေအတွင်း RCSS တပ်ဖွဲ့တွေနဲ့ TNLA/SSPP မဟာမိတ်ပူးပေါင်းအဖွဲ့တွေကြား စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။

RFA Burmese
https://www.rfa.org

လားရှိုးမြို့နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးတင်းမာ လူထုစစ်ဘေးရှောင်နေရ


နိုဝင်ဘာလ ၂၀ ရက် ၂၀၁၈

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း TNLA နှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ပြီး အစိုးရတပ်မတော်မှလည်း နီးကပ်စွာလှုပ်ရှားသဖြင့် စစ်မြေပြင်အတွင်းရှိဒေသခံလူထု စစ်ဘေးလွှတ်ရာသို့တိမ်းရှောင်နေကြကြောင်းသိရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်က လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ် နားနန်းကျေးရွာအုပ်စု လွယ်ပန်လုံးမ်တွင်စခန်းချထားသော မန်ပန်ပြည်သူ့စစ်တပ်ဖွဲ့နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

နားနန်းအုပ်စုဒေသခံ အသက် ၄၀ ကျော်အမျိုးသားတဦးက- ကျနော်တို့ ရွာက ယောက်ကျားလေးတွေ ၁၅ ယောက်လောက်ရှိတယ် မနေ့ညကတည်းက ဒီဝမ့်တင်းခမ်း ရွာကိုတိမ်းရှောင်လာခဲ့ကြတာပါ။ ခုထိမပြန်ရဲသေးဘူး။ ပြည်သူ့စစ်စခန်းကို TNLA က တက်တိုက်တာလို့ကြားတယ်။ ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

လက်ရှိတွင် TNLA တပ်များသည် နားနန်းအုပ်စုအတွင်းရှိ ၀မ့်ဟောင်၊ နှင့် ၀မ့်လုံတို့တွင်ရှိနေပြီး အစိုးရစစ်တပ်မှာမူ တွန်းနေရွာနှင့် ၀မ့်ဟိုဆာ ရွာတို့တွင်လှုပ်ရှားကြောင်း ထို့အတွက် အချိန်မရွေးတိုက်ပွဲဖြစ်ပွါးမည်ကိုစိုးရိမ်နေကြကြောင်း ဆိုပါသည်။

တိုက်ပွဲဖြစ်ပွါးသည့်နေရာသည် လားရှိုးမြို့အရှေ့တောင်ဘက်တွင်တည်ရှိပြီး မိုင်းဟက်အုပ်စုနှင့် နမ့်ပေါင်တိုက်နယ်ကြားတွင် ဖြစ်ပွါးခဲ့ကြခြင်းဖြစ်သည်။ အဆိုပါအုပ်စုအတွင်းရှိ ၀မ့်လုံ၊ ၀မ့်ဟောင်၊ ၀မ့်နားနေ၊ ၀မ့်ကောင်းရွာသားများမှာ မုံးပိုင်ဘုန်းကြီးကျောင်းသို့လည်းကောင်း၊ ၀မ့်လုံ ၊ ၀မ့်ဟောင်ရွာမှ ရွာသားများမှာ ၀မ့်ကတ်ဘုန်းကြီးကျောင်းသို့လည်းကောင်း ထွက်ပြေးတိမ်းရှောင်နေကြပြီး ဘုန်းကြီးကျောင်းသို့မရောက်ဘဲ လယ်တောအတွင်းရှိတဲများတွင်လည်း တချို့မှာခိုလှုံနေကြကြောင်း သိရသည်။

မုံးပိုင်ဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်အမျိုးသမီးတဦးက - ကျမတို့ ဒီနေ့အစောကြီးရွာကနေထွက်လာတာ။ တိုက်ပွဲက နာရီဝက်လောက်ဖြစ်တယ်။ မုံးပိုင်ဘုန်းကြီးကျောင်းမှာက အမျိုးသမီး ကလေးနဲ့ သက်ကြီးတွေများတယ် - ဟုသျှမ်းသံတော်ဆင့်အားပြောသည်။

ယနေ့တနေ့လုံး လားရှိုးနှင့်နမ့်ပေါင်ကြား ဒေသတို့တွင် TNLA ၊ ပြည်သူ့စစ်နှင့် အစိုးရတပ်မတော်တို့ သုံးဖွဲ့စလုံးလှုပ်ရှားကာစစ်ရေးတင်းမာနေသဖြင့် ၀န်ထမ်းကားများပါမချန် ခရီးသွားဒေသခံပြည်သူလူထုများ လမ်းတွင်တားဆီးစစ်ဆေးခံခဲ့ရကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်၊ ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/

နမ္မတူမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲဖြစ် ဒေသခံများ စိုးရိမ်ထိတ်လန့်နေ


နိုဝင်ဘာ ၂၀၊ ၂၀၁၈

သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၀ ရက်ယနေ့မနက် ၆ နာရီမှ ၈ နာရီခွဲကြားတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ ထိပ်တိုက်တွေ့ဆုံ မှုဖြစ် ပွားမှုကြောင့် ဒေသခံများ ထိတ်လန့်မှု ဖြစ်ပွားခဲ့ကြောင်း သီပေါမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုမျိုး ကပြောသည်။

“ မနက်က တိုက်ပွဲဖြစ်တော့ ကျနော်တို့ လူမှုကယ်ဆယ်ရေးက အခြေအနေ သွားကြည့်တယ်။ ၈ နာရီခွဲထိ ပန်လုံကျေးရွာထိ လက်နက်သံကြားရတယ်။ တိုက်ပွဲက ပြင်းပြီး ရွာနဲ့ နီးရင် ဒေသခံတွေ ခေါ်ထုတ်မလို့ပါ။ ဒါပေမယ့် တိုက်ပွဲက တည်ငြိမ်သွားတယ်” ဟု ကိုမျိုးကဆိုသည်။

နမ္မတူမြို့နယ် အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားသည်အတွက် ဒေသခံများ စိုးရိမ် ထိတ်လန့်မှုဖြင့်နေထိုင်နေရကြောင်း၊ လယ်ယာစိုက်ပျိုးသည့် အချိန်ဖြစ်သည့်အတွက် ကျေးရွာနှင့် ဝေးသည့်နေရာတွင်လည်း ထွက်ပြေးတိမ်းရှောင်ခြင်းမပြုလုပ်လိုကြောင်း နမ္မတူ မြို့နယ် စစ်ရှောင်များက ဆိုသည်။

အောက်တိုဘာ လ မှစတင်ကာ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစု နှင့် RCSS တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားကာ အရပ်သား ၃ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၇ ရက်နေ့တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း နမ္မတူမြို့နယ် မန်ပိန်း ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားမှုကြောင်း စစ်ရှောင် ၂၀၀ ကျော် မန်ပိန်း အောက်ရွာတွင် စစ်ရှောင်ကာ စားဝတ်နေရေးခက်ခဲ နေကြောင်း စစ်ရှောင်ကူညီပေးနေသည့် သူများက ဆိုသည်။

တိုင်းရင်းသား အချင်းချင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရန်နှင့် လယ်ယာ ကောင်းမွန်ပြန်လုပ်လိုကြောင်း အရပ်သား ပြည်သူများ ကလည်း တိုက်တွန်းတောင်းဆိုလိုက်သည်။

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်
Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/

အမေရိကန်နိုင်ငံဒန်ဗာ၌ ပစ်ခတ်မှုဖြစ်ပွား တစ်ဦးသေ ၊ လေးဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ ဒန်ဗာ၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဒဏ်ရာရသူတစ်ဦးအား မြင်တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)
 လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၂ဝ ရက် (ဆင်ဟွာ)

 အမေရိကန်နိုင်ငံ အနောက်ပိုင်း ဒန်ဗာမြို့ (Denver)တွင် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြား လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

လူသေဆုံးမှုရှိခဲ့သော သေနတ်ပစ်ခတ်မှုသည် ကော်လိုရာဒိုပြည်နယ်မြို့ တော် ဒန်ဗာမြို့ လယ်ခေါင်မှ ဘလောက်အနည်းအငယ်ခန့် အကွာ ကော်လိုရာဒိုဘေ့ဘောအသင်းအိမ်ကွင်း အနီးတွင်  ဒေသစံတော်ချိန် ညနေ ၄ နာရီ ( ဂရင်းနစ်စံတော်ချိန် ၂၃ဝဝ နာရီ)တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Doug Schepman က TV news ရုပ်သံလိုင်းသို့ ပြောကြားခဲ့ပြီး အခြား လူ ၄ ဦးထိခိုက်ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း ၄င်းကဖြည့်စွက်ပြောကြားခဲ့သည်။

“ အဲဒီမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို တိတိကျကျပြောဖို့ နဲ့ ဘာကြောင့် ပစ်ခတ်မှုဖြစ်ခဲ့လဲဆိုတာကို ပြောဖို့ စောပါသေးတယ် ” ဟု Schepman ကဆိုသည်။ “ စုံစမ်းစစ်ဆေးသူတွေဟာ မျက်မြင်တွေဆီက သက်သေခံချက်တွေကို လိုက်လံစုဆောင်းနေပါတယ်။ဘယ်လို ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုမှတ်တမ်း မဆို သူတို့ ကို အကူအညီပေးနိုင်မှာပါ ” ဟု ဆိုသည်။

သံသယရှိသူ (သို့ မဟုတ်) သံသယရှိသူများ မှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း နှင့် လူအသွားအလာများသည့် အလုပ်ချိန်တွင် အချင်းဖြစ်လမ်းမကို ပိတ်ပစ်ထားခဲ့ရကြောင်း ၊ ထို့ ကြောင့် သံသယတရားခံနှင့်ပတ်သက်၍ သတင်းပေးပို့ မှုကို ရရှိနိုင်ဦးမည်မဟုတ်ကြောင်း ၄င်းကဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com

အမေရိကန် နိုင်ငံ ချီကာဂို မြို့ ရှိ ဆေးရုံ တစ်ရုံ တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား လူ ၄ ဦး သေဆုံး

အမေရိကန် နိုင်ငံ ချီကာဂို မြို့ တွင် ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှု တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
ချီကာဂို ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

 အမေရိကန် နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ နိုဝင်ဘာ ၁၉ ရက် တွင် ချီကာဂို မြို့ရှိ ဆေးရုံ တစ်ရုံ ၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ သေနတ် သမား နှင့် ရဲ တပ်ဖွဲ့ဝင် တစ်ဦး အပါအဝင် လူ ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ချီကာဂို ရဲတပ်ဖွဲ့မှူး Eddie T. Johnson က အချင်းဖြစ်ပွားပြီးနောက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သေနတ် ပစ်ခတ်မှု က နိုဝင်ဘာ ၁၉ ရက် နေ့လယ်ပိုင်း ၃ နာရီခွဲ အချိန်ခန့်တွင် ချီကာဂို တောင်ပိုင်းဒေသ ရှိ ဆေးရုံ တွင် ဖြစ်ပွား ခဲ့ကြောင်း ၊ သေနတ် ပစ်ခတ်သူ က ဆေးရုံ ကားပါကင် နေရာ တွင် အမျိုးသမီး တစ်ဦး အား သေနတ် ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ပြီး ဆေးရုံ အတွင်းသို့ ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

သတင်းပေးပို့ချက်အရ သေနတ်ပစ်ခတ်သူ နှင့် ယင်း အမျိုးသမီး မှာ ချစ်သူစုံတွဲ ဖြစ်ကြပြီး အချင်းများရာ မှ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com

ရေမဆေးသမားတစ်ဦး သေဆုံး

ဖားကန့်မြို့နယ် နမ့်မှော်ရွာအနီး ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်မှာ မီးလောင်ထားတာကို တွေ့ရစဉ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မော်ကျေးရွာအုပ်စုက ကျောက်စိမ်းသစ်ရွက် ကုမ္ပဏီလုပ်ကွက်ထဲမှာ ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့တို့အကြား မနေ့က ပဋိပက္ခဖြစ်ပွားပြီး ရေမဆေးသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

မနေ့က ညနေ ၃ နာရီလောက်မှာ ကုမ္ပဏီပိုင်လုပ်ကွက်ထဲ ကျောက်ရှာဖွေသူတွေကို အချိန်ပြည့်လို့ လုပ်ကွက်ထဲက ပြန်ထွက်ခိုင်းရာကနေ စတင်အချင်းများကြတာလို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး က ပြောပါတယ်။

အဲဒီလိုအချင်းများပြီးနောက် ရေမဆေးကျောက်ရွာဖွေသူတစ်ဦးကို ရဲက သေနတ်နဲ့ပစ်လို့ သေဆုံးသွားတာကြောင့် ရာနဲ့ချီတဲ့ ရေမဆေးကျောက်ရှာသူတွေက ရဲကားနှစ်စီးကို ဖျက်ဆီးလိုက်သလို ကုမ္ပဏီပိုင်အဆောက်အဦးကိုလည်း မီးရှို့ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီကုမ္ပဏီလုပ်ကွက်ကနေ တစ်မိုင်ကျော်လောက်ဝေးတဲ့ ကုမ္ပဏီရှိတဲ့နေရာကို ရေမဆေး ကျောက်ရှာဖွေသူတွေ ချီတက်ကြပြီး ကုမ္ပဏီပိုင်အဆောက်အဦးကိုလည်း မီးရှို့ဖျက်ဆီးလိုက်ကြတာဖြစ်တယ်လို့ ဦးတင့်စိုးက ပြောပါတယ်။

အဲဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဖားကန့်မြို့နယ်ရဲစခန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့လည်း တာဝန်ကျဝန်ထမ်းတစ်ဦးက မသိကြောင်းသာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

RFA Burmese
https://www.rfa.org

နေအိမ်ဖယ်ရှားတဲ့ ထွေအုပ်၊ စည်ပင်နဲ့ ရဲတွေကို အရေးယူပေးဖို့ ဦးတည်လျှောက်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျူးကျော်အိမ်တွေကို စည်ပင်နဲ့ ရဲက ၂၀၁၈ နိုဝင်ဘာလ ၁၄ ရက်နေ့က ဖယ်ရှားရှင်းလင်းခဲ့စဉ်
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အုံအင်းဘုရားအနီးက လယ်ယာမြေ ၂ ဧကကို အောင်မြင်သူ ကုမ္ပဏီက ပိုင်ဆိုင်တယ်ဆိုကာ လာရောက်ရှင်းလင်းဖယ်ရှားခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့တို့ကို ဥပဒေအရ အရေးယူဆောင်ရွက်ပေးဖို့ ဖယ်ရှားခံရသူတွေက ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ဒီနေ့ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်အဆောက်အဦးတွေကို အမိန့်စာတစ်စုံတစ်ရာမပါရှိဘဲ အကြမ်းဖက်ဖျက်စီးပြီး ခြံစည်းရိုးကာရံခဲ့တာဖြစ်တယ်လို့ တောင်သူ ဒေါ်သောင်းကြည် က ပြောပါတယ်။

၂၀၁၇ ခုနှစ်မှာ မြေဂရန်လျှောက်ထားတဲ့အခါမှသာ အောင်မြင်သူကုမ္မဏီက ပိုင်ဆိုင်တယ်ဆိုတာကို သိရှိခဲ့ကြ ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

မြေယာပြန်ရရှိရေးနဲ့ ပတ်သက်လို့ ပြည်ထောင်စု တောင်သူလယ်သမား၊ အလုပ်သမားအင်အားစုပါတီကို အကူအညီတောင်းထားတဲ့အတွက် မြေပြန်ရဖို့ ကူညီဆောင်ရွက်ပေးသွားမယ်လို့ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် မြေယာကော်မတီတာဝန်ခံ ကိုလှိုင်ဘွား က ပြောပါတယ်။

တရားရုံးက တောင်သူတွေရဲ့ လျှောက်ထားမှုကို ဒီဇင်ဘာလ ၄ရက်နေ့မှာ လက်ခံ မခံ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

RFA Burmese
https://www.rfa.org

CNN သတင်းထောက်အရေး အိမ်ဖြူတော်နောက်ဆုတ်ပေး

CNN သတင်းထောက် Jim Acosta သမ္မတ ထရမ့်အား မေးခွန်းမေးမြန်းစဉ် မိုက်အသိမ်းခံရ။
အိမ်ဖြူတော်ဆိုင်ရာ CNN အကြီးတန်းသတင်းထောက် Jim Acosta ရဲ့ အိမ်ဖြူတော်အတွင်း သတင်းယူခွင့်ကို အိမ်ဖြူ တော်က ပြန်ပြီးခွင့်ပြုလိုက်ပါတယ်။ ဒါပေမဲ့ လာမယ့် သတင်းစာရှင်းလင်းပွဲဆိုင်ရာ စည်းမျဉ်းတွေကို သူထပ်ပြီးကျူးလွန်မယ် ဆိုရင်တော့ သတင်းယူပိုင်ခွင့်ထပ်ပြီး ရုပ်သိမ်းခံရလိမ့်မယ်လို့ CNN သတင်းထောက် Jim Acosta ကို အိမ်ဖြူတော်က သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သတင်း၂ပတ်အကြာက အိမ်ဖြူတော်အတွင်းကျင်းပတဲ့ သမ္မတထရမ့်ရဲ့ သတင်းစာရှင်း လင်းပွဲတခုမှာ သတင်းထောက် Acosta နဲ့ သမ္မတထရမ့်တို့ အမေးအဖြေလုပ်ရင်း အနည်းငယ် တင်းမာမှုရှိခဲ့ပြီးနောက်ပိုင်း Jim Acosta ရဲ့ အိမ်ဖြူတော်မှာ သတင်းယူခွင့်ကို ရုပ်သိမ်းခဲ့တာပါ။ အိမ်ဖြူတော်ဘက်က အလျှော့ပေးလာတာကြောင့် သမ္မတထရမ့်အစိုးရကို တရားစွဲဆိုထားတာကိုလည်း ပြန်ပြီးရုပ်သိမ်းမယ်လို့ CNN သတင်းဌာနကပြောပါတယ်။

Jim Acosta အပါအ၀င် တခြားသတင်းထောက်တွေအနေနဲ့ သတိထားရမှာက သတင်းထောက်တဦးကို မေးခွန်းတခုစီ မေးခွင့်ပြုမယ် ပြီးရင်နောက်ဆက်တွဲမေးခွန်း တခုမေးနိုင်တယ်။ အဲဒါပြီးရင်တော့ တခြားသတင်းထောက်တွေကို မေးခွင့်အလှည့် ပေးရမယ်လို့ အိမ်ဖြူတော်ပြောခွင့်ရအမျိုးသမီး ဆယ်ရာ ဆန်ဒါးစ်ကပြောပါတယ်။

CNN အကြီးတန်း သတင်း ထောက် Jim Acosta ရဲ့အိမ်ဖြူတော်တွင်း သတင်းယူခွင့် ရုပ်သိမ်းခံခဲ့ရတာနဲ့ပတ်သက်ပြီး CNN က သမ္မတထရမ့် အစိုးရကို တရားစွဲဆိုခဲ့ပြီး ၀ါရှင်တန်ဒီစီမြို့တော် တရားရုံးက Jim Acosta ရဲ့သတင်းယူခွင့်ကို ပြန်ပေးရမယ်လို့ ပြီးခဲ့တဲ့အပတ်က ဆုံးဖြတ်ခဲ့တာပါ။

VOA (မြန်မာပိုင်း)
https://burmese.voanews.com

အမေရိကန် အင်ဒိုပစိဖိတ် ခေတ်မီနည်းပညာရင်းနှီးမြှုပ်နှံမှု မြန်မာပါဝင်

APEC ထိပ်သီးညီလာခံ
အင်ဒို-ပစိဖိတ်ဒေသ ဖွံ့ဖြိုးရေးအစီအစဉ်တွေအတွက် အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၆၁ ဘီလီယံကျော် ထပ်မံ ရင်းနှီးမြုပ်နှံသွားမယ်လို့ အမေရိကန် ဒုသမ္မတ Mike Pence က အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးစည်းဝေးပွဲမှာ ပြောကြား လိုက်ပါတယ်။ အဲဒီ အစီအစဉ်ထဲမှာ Smart Cities Partnership လို့ခေါ်တဲ့ အာရှတိုက်အတွင်းမှာ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ အတွက် ကူညီပေးမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး စည်းဝေးပွဲအတွင်း မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံကြဖို့ ဖိတ်ကြားခဲ့တာနဲ့လည်း တိုက်ဆိုင် နေပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပေါ်နေတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက Papua New Guinea နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီး စည်းဝေးပွဲဟာ သဘောတူညီချက် တစုံတရာ မရရှိဘဲ ပြီးသွားခဲ့ပါတယ်။ အခုလို သဘောတူညီချက်မရတာဟာ နှစ်ပေါင်း ၃၀ နီးပါး ကြာမြင့်လာပြီဖြစ်တဲ့ APEC အဖွဲ့ရဲ့သမိုင်းမှာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ညီလာခံအတွင်း ကမ္ဘာ့ စီးပွားအင်အားအကြီးဆုံး ၂ နိုင်ငံဖြစ်ကြတဲ့ အမေရိကန်နဲ့ တရုတ်တို့အကြား အားပြိုင်မှုတွေ ရှိနေတာကိုလည်း သိသာ ထင်ရှားစွာ တွေ့မြင်ခဲ့ရပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က အရှေ့တောင်အာရှ ဒေသနဲ့ ကျန်တဲ့ ကမ္ဘာ့ဒေသတွေကို လမ်းပန်း ဆက်သွယ်ရေးအရ ချိတ်ဆက်ပေးပြီး ဖွံ့ဖြိုးမှုတွေကို ဖော်ဆောင်ပေးနိုင်မယ်ဆိုတဲ့ One Belt, One Road ရပ်ဝန်းတခု လမ်းကြောင်း တခုလို့ခေါ်တဲ့ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းကြီးအကြောင်း အလေးပေး ပြောကြားခဲ့သလိုဘဲ ညီလာခံကို သမ္မတ Donald Trump ကိုယ်စား တက်လာတဲ့ အမေရိကန် ဒုသမ္မတ Mike Pence ကလည်း အမေရိကန်ရဲ့ စီးပွားရေးအောင်မြင်မှုနဲ့ ဒေသတွင်း အမေရိကန်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေအကြောင်းကို အလေးပေး ပြောကြားခဲ့ပါတယ်။

“အမေရိကန်ရဲ့ စီးပွားရေးအောင်မြင်မှုတွေက အင်ဒို-ပစိဖိတ်ဒေသအပါအ၀င် တကမ္ဘာလုံးရဲ့ စီးပွားရေး ကောင်းမွန်လာဖို့ မြင့်တင်ပေးနေပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်အတွင်း အမေရိကန် စီးပွားရေးပုမ္ပဏီတွေက ဒေါ်လာ ၆၁ ဘီလီယံကျော် တန်ဖို့းရှိတဲ့ စီမံကိန်းပေါင်း ၁,၅၀၀ ကျော် လုပ်ဆောင်မယ့်အကြောင်း ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်ရဲ့ ရင်းနှီးမြုပ်မှု စုစုပေါင်းဟာ ဒေါ်လာ ၁.၄ ထွီလီယံ ရှိနေပါပြီ။ ဒါဟာ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီုးယား ၃ နိုင်ငံပေါင်းရဲ့ ရင်းနှီး မြုပ်နှံမှုထက်တောင် ပိုပါသေးတယ်။ ဒီဒေသမှာ အမေရိကန်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေဟာ ထပ်တိုးဖို့ဘဲ ရှိပါတယ်။”

ဒါ့အပြင် အမေရိကန်ပြည်အနေနဲ့ မြန်မာအပါအ၀င် အရှေ့တောင်အာရှ ဒေသတွင်း Smart Cities လို့ခေါ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍတွေမှာလည်း ရင်းနှီးမြုပ်နှံမယ့် အကြောင်း ဒုသမ္မတ Mike Pence က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“အမေရိကန်ပြည်ထောင်စုဟာ ဒေသတွင်းမှာ Digital နည်းပညပိုင်းကဏ္ဍမှာ ရင်းနှီးမြုပ်နှံမှုတွေ ရှိလာအောင်လည်း ကြိုးစား ဆောင်ရွက်ပေးနေပါတယ်။ ဒါကြောင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆိုက်ဘာနည်းပညာနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာအောင် ASEAN-Smart Cities Partnership ကို စတင်အကောင်အထည်ဖော်မယ့်အကြောင်းလည်း ကျနော်တို့ ဒီသီတင်းပတ်အတွင်းမှာဘဲ စတင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီစီမံကိန်းအရ အမေရိကန် စီးပွားရေးကုမ္ပဏီတွေအနေနဲ့ ဒေသတွင်းမှာ လိုအပ်နေတဲ့ Digital နည်းပညာကဏ္ဍမှာ ရင်းနှီးမြုပ်နှံနိုင်မှာ ဖြစ်ပါတယ်။ လွတ်လပ်၊ ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသဟာ လွတ်လပ်၊ ပွင့်လင်းတဲ့ အင်တာနက် ရရှိစေရမယ်ဆိုတဲ့ ကျနော်တို့ရဲ့ သံဓိဌာန်ကို ထပ်လောင်း အတည်ပြု ပြောကြားလိုပါတယ်။”

ASEAN-Smart Cities Partnership အစီအစဉ်ဟာ ဒေသတွင်းက မြို့ကြီးတွေမှာ Digital နည်းပညာနဲ့ဆိုင်တဲ့ Electronic Transaction လို၊ လုပ်ငန်းတွေကို လွယ်ကူ မြန်ဆန်အောင် အီလက်ထရွန်းနစ် နည်းပညာကို အသုံးပြုတာ အပါအ၀င် အခြေခံ အဆောက်အအုံ ကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံမှာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံအဖွဲ့ဝင် တနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် စတဲ့ မြို့ကြီးတွေမှာ အဲဒီ နည်းပညာကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံတာ၊ ကူညီလုပ်ဆောင်ပေးတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက တဘက်မှာ ခေတ်သစ် ပိုးလမ်းမစီမံကိန်းကြီး ချမှတ် အကောင်အထည်ဖော်တာအပါအ၀င် ဒေသတွင်းမှာ သြဇာလွမ်းမိုးမှု ကြီးထွားလာနေပေမယ့်လည်း ပထ၀ီအနေအထားရ အရှေ့တောင်အာရှနဲ့ ထိစပ်မှု မရှိတဲ့ အမေရိကန်က တရုတ်တို့နဲ့ ယှဉ်ပြိုင်ဖို့ အခက်အခဲ ရှိနေတာပါ။ ဒါကြောင့်လည်း အမေရိကန်က သူ့ဘက်က အားသာတဲ့ နည်းပညာပိုင်းကဏ္ဍမှာ ရင်းနှီးမြုပ်နှံမှုတွေကို လုပ်ဆောင်တာ ဖြစ်တယ်လို့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက ပြောရေးဆိုခွင့်ရှိသူ ကိုလှဖုန်းမြင့်က သုံးသပ်ပါတယ်။

“သူတို့ပြန်ပြီးတော့ Re-evaluate (ပြန်သုံးသပ်မယ်) လုပ်မယ်ဆိုရင်ပေါ့ဗျာ အမေရိကန်မှာ အားသာတာက Technolygy (နည်းပညာ)။ အမေရိကန် Digital economy ၊ Digital infrastructure ဒါတွေကို အမေရိကန်က ပိုင်နိုင်တယ်။ သူတို့ Innovative technology မှာ ကမ္ဘာမှာ နံပတ် ၁ ဘဲ။ အဲဒီတော့ အဲဒီ Innovative technology ၊ အခု ပြောင်းလဲလာတဲ့ ခေတ်စံနစ်နဲ့ယှဉ်ပြီးတော့ ဖွံ့ဖြိုး တိုးတက်ဆဲ နိုင်ငံတွေပေါ့ဗျာ၊ လိုအပ်နေတဲ့ လမ်းပန်းတံတား - Hard infrastructure တင် မဟုတ်ဘဲ Soft infrastructure ဖြစ်တဲ့ Digital infrastructure ပေါ့နော်၊ အဲဒါကို အမေရိကန်က ၀င်ပြီးတော့ အဲဒီကွက်လပ်ကို ဖြည့်နိုင်တယ်ဆိုတာကို သူတို့ သိတယ်။ သိတဲ့အတွက်လည်း သူတို့က အဲဒီဥစ္စာကို အသုံးပြုပြီးတော့ Secure (လုံခြုံမှု) ဖြစ်အောင်၊ Cyber security ဘက်မှာ ဘယ်လိုမျိုးသော ထောက်ပံ့မှုတွေ လိုမလဲ။ ဒီ လမ်းပန်းတံတားတွေ၊ အဆောက်အဦးတွေ လုပ်တဲ့အခါမှာလည်း ဒီ Digital နဲ့ တွဲပြီးတော့ Sustainable ဖြစ်တဲ့ နည်းလမ်းတွေကို သုံးနိုင်မလဲ၊ Smart နည်းလမ်းတွေကို သုံးနိုင်မလဲ၊ အဲဒါတွေကို ထည့်စဉ်းစားပြီးတော့ တရုတ်က မပေးနိုင်တဲ့၊ တရုတ်က သိပ်ပြီးတော့ အားမသာတဲ့ဘက်မှာ အမေရိကန်က ကွက်လပ်ကို ၀င်ပြီးတော့ ဖြည့်တယ်လို့တော့ ကျနော်တို့က မြင်တယ်။”

သမ္မတ Trump အစိုးရဟာ အရင် သမ္မတ Barack Obama အစိုးရတုန်းကလောက် အရှေ့တောင် အာရှတိုက်အပေါ် အလေးပေး အာရုံစိုက် လုပ်ဆောင်မှု မရှိလှပေမယ့်လည်း အခုချိန်မှာ အင်ဒို-ပစိဖိတ်နဲ့ အရှေ့တောင် အာရှဒေသဘက်ကို အာရုံ ပြန်စိုက်လာနေတာကြောင့် စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးစည်းဝေးပွဲ ပြင်ပမှာ အာဆီယံ စီးပွားရေးအကြံပေးကောင်စီက ဦးဆောင် ပြုလုပ်တဲ့ အခမ်းအနားမှာ နိုဝင်ဘာလ ၁၂ ရက်နေ့က ပြောကြားတဲ့ မိန့်ခွန်းအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံကြဖို့ ဖိတ်ခေါ်သွားတာနဲ့လည်း တိုက်ဆိုင်နေတာပါ။

အမေရိကန်က စီးပွားရေးကုမ္ပဏီတွေဟာ မြန်မာနိုင်ငံအပေါ် အစဉ်တစိုက် စိတ်ဝင်စားမှု ရှိခဲ့ကြတဲ့အကြောင်း ကိုလှဖုန်းမြင့်က ဆက်ပြောပါတယ်။

“ကျနော်တို့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရော၊ ကျနော်တို့ ကိုယ်စားပြုတဲ့ ကုမ္ပဏီတွေကရော မြန်မာနိုင်ငံ စပြီးတော့ ပွင့်လင်းကတည်းက မြန်မာနိုင်ငံကို စိတ်လည်း စိတ်ဝင်စားခဲ့တယ်၊ နောက်ပြီးတော့ မြန်မာနိုင်ငံအပေါ်မှာလည်း မျှော်လင့်ချက်တွေရော၊ ယုံကြည်ချက်တွေရော များစွာထားခဲ့တယ်ဆိုတာ အားလုံး အသိဘဲ။ လောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည် အာဆီယံ ထိပ်သီး အစည်းအဝေးမှာ ပြောသွားတဲ့ မိန့်ခွန်းကို ကျနော်တို့က ၀မ်းသာ အားရစွာ ကြိုဆိုပါတယ်။”

အမေရိကန်ပြည်ထောင်စုရဲ့ ရင်းနှီးမြုပ်နှံမယ့် အစီအစဉ်တွေက ပိုမိုကောင်းမွန်ပြီး တရုတ်လို ခါးပတ်နဲ့ ပတ်ပြီး လည်ပင်းညစ်မယ့် စီမံကိန်းမျိုး မဟုတ်ကြောင်း အမေရိကန် ဒုသမ္မတ Mike Pence က ပြောပါတယ်။ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး စည်းဝေးပွဲပြင်ပမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီခြား တွေ့ဆုံစဉ်ကလည်း မြန်မာနိုင်ငံအနေနဲ့ တရုတ်ရဲ့ အကြွေးတွေ ပိမသွားမိစေဖို့ ဒုသမ္မတ Mike Pence သတိပေး ပြောကြားခဲ့တယ်လို့ အမေရိကန် သတင်းမီဒီယာတွေမှာ ရေးသားကြပါတယ်။

မြန်မာ့အရေး လေ့လာသူတွေကတော့ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုတို့ ဒေသတွင်းမှာ အားပြိုင်နေကြတဲ့အချိန်မှာ တဘက်ဘက်မှာ ရပ်တည်တာမျိုးမလုပ်ဘဲ မြန်မာနိုင်ငံအနေနဲ့ နှစ်ဘက်စလုံးက ရနိုင်တဲ့ ကောင်းမွန်တဲ့အခွင့်အရေးတွေကို ရွေးချယ် လက်ခံပြီး တိုင်းပြည်အတွင်း အကျိုးရှိအောင် အသုံးချသင့်တယ်လို့ သုံးသပ် ပြောဆိုနေကြပါတယ်။

ကိုဇော်ဝင်းလှိုင်/ ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

မြိတ်တွင် ဆိုင်ကယ်အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်၍သေဆုံး


20.11.2018

မြိတ်မြို့၊ တောရကျောင်းရပ်၊ တောရအောက်ကျောင်း မုဒ်ပေါက်ရှေ့တွင် နိုဝင်ဘာလ ၁၉ ရက်နေ့၊ ည ၆ နာရီခန့်က ဆိုင်ကယ်တစ်စီးအရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်မှုကြောင့် ဆိုငိကယ်မောင်းနှက်သူ သေဆုံးသွားကြောင်းသိရပါတယ်။

ဂေါက်ကလပ် လမ်းဆုံဘက်မှ ရှမ်းချောင်းဘက်သို့ ဝင်းထိုက်အောင် (၂၃)နှစ်၊ မောင်းနှင်လာသည့် PCX အမျိုးအစားဆိုင်ကယ်သည် တောရအောက်ကျောင်းမုဒ်ပေါက်ရှေ့တွင် အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်သွားကြောင်းသိရပါတယ်။


ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဝင်းထိုက်အောင်တွင် နားသွေးယိုစီးဒဏ်ရာဖြင့် မြိတ်ပြည်သူ့ဆေးရုံသို့ ပါရမီကျန်းမာရေးအထောက်အကူပြုယာဉ်ဖြင့်တင်ပို့ပေမယ့် လမ်းခုလပ်တွင် ရရှိဒဏ်ရာဖြင့်သေဆုံးသွားကြောငင်းသိရပါတယ်။

သေဆုံးသူမှာ အင်္ဂမော်ကျေးရွာဇာတိဖြစ်ပြီး တညက်ကျေးရွာအုပ်စု၊ ကသာရိုင် အ.မ.က ကျောင်းမှ ကျောင်းဆရာ တစ်ဦးဖြစ်ကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik-222869948053294/

တရုတ်စစ်စခန်းဆောက်လုပ်မှု ကမ္ဘောဒီးယားငြင်းဆို

၂ဝဝ၇ ခုနှစ်က တရုတ်နိုင်ငံမှလှူဒါန်းသည့် ရေတပ်ကင်းလှည့်မော်တော်တစီးကို ကမ္ဘောဒီးယားနိုင်ငံ Sihanoukville ပြည်နယ်ရှိ ရေတပ်စခန်းတွင် တွေ့ရစဉ်။
 ကမ္ဘောဒီးယားနိုင်ငံမှာ တရုတ်နိုင်ငံက ရေတပ်စခန်းတည်ဆောက်နေတယ်ဆိုတာ မဟုတ်မှန်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်က ဒီကနေ့ ငြင်းဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ အနောက်တောင်ပိုင်းကမ်းခြေမှာ တရုတ်နိုင်ငံက ရေတပ်အခြေစိုက်စခန်းတခု လာရောက်တည်ဆောက်နေတယ်ဆိုပြီး သတင်းထွက်တွေ ထွက်ပေါ်နေတာပါ။ အဲဒီဒေသဟာ ထိုင်းပင်လယ်ကွေ့မှာရှိပြီး တောင်တရုတ်ပင်လယ်ပြင် ထွက်ပေါက်တခုလည်း ဖြစ်ပါတယ်။

တရုတ်က ရေတပ်စခန်း တည်ဆောက်နေတယ်ဆိုတဲ့ သတင်းအတွက် စိုးရိမ်ကြောင်း အမေရိကန် ဒုသမ္မတ မိုက်ပင့်စ်ထံက စာတစောင်ကို သူရရှိခဲ့ကြောင်း၊ မိမိတို့ ကမ္ဘောဒီးယားနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ နိုင်ငံခြားတပ်ဖွဲ့တွေ စစ်စခန်းတွေ လာရောက်အခြေချခွင့်ကို ပိတ်ပင်ထားကြောင်း ဝန်ကြီးချုပ် ဟွန်ဆင်က ပြောပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘောဒီးယားကို ဒေါ်လာဘီလျံပေါင်းများစွာတန်ဖိုးရှိတဲ့ ချေးငွေတွေ၊ အခြေခံ အဆောက်အအုံတည်ဆောက်မှုနဲ့ ရင်းနှီးမြုပ်နှံမှု အကူအညီတွေ ပေးထားပါတယ်။ အပြန်အလှန်အားဖြင့် ကမ္ဘောဒီးယားဟာ တရုတ်အစိုးရရဲ့ ခိုင်မာတဲ့ မဟာမိတ်နိုင်ငံအဖြစ် ရပ်တည်နေတာပါ။ တရုတ်နိုင်ငံရဲ့ အကူအညီဟာ ဝန်ကြီးချုပ်ဟွန်ဆင်အတွက် ကမ္ဘောဒီးယားမှာ ၃၃ နှစ်ကြာ အာဏာဆုတ်ကိုင်ထားနိုင်စေတဲ့ အကြောင်းရင်း ဖြစ်တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

ရန်ကုန်လေဆိပ် အဆင့်မြှင့်တင်မည်

၂ဝ၁၈ နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် ငါးသန်းမြောက်ခရီးသည်ကို အမှတ်တရဆုများ ချီးမြှင့်စဉ်။ (Photo: yangonairport/facebook)
ရန်ကုန်နိုင်ငံတကာလေဆိပ်ကို နိုင်ငံတကာ လေကြောင်းသွားလာရေးနဲ့ကိုက်ညီအောင် ထပ်ပြီး အဆင့်မြှင့်မယ်လို့ ရန်ကုန်လေဆိပ်ဝန်ဆောင်မှု ကုမ္ပဏီ (Yangon Aerodrome Company Limited) က နိုဝင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်လေဆိပ်ရဲ့ နိုင်ငံတကာ လေကြောင်းလမ်းကွန်ရက် တိုးတက်ဖို့အတွက် ဈေးကွက် မြှင့်တင်နေတာ လို့လည်း ပြောပါတယ်။ လက်ရှိ၂ဝ၁၈ ခုနှစ်ဟာ ငါးနှစ်အတွင်း ခရီးသည်လာရောက်မှု အနှေးကွေးဆုံးပဲလို့ လေဆိပ်ကဝန်ခံပေမဲ့ YACL က ခုလို ကြေညာတာလည်း ဖြစ်ပါတယ်။

၂ဝ၁၈ ခုနှစ်အတွင်း ခရီးသည် ၆ သန်းလောက်အထိ ဝန်ဆောင်မှုပေးဖို့ လေဆိပ်က လျာထားပေမယ့် ရန်ကုန် နိုင်ငံတကာလေဆိပ်ကို ရောက်ရှိလာတဲ့ ခရီးသည်အရေအတွက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ငါးသန်းအထိသာ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ငါးနှစ်ကျော်အတွင်း မြန်မာနိုင်ငံက နိုင်ငံတကာအဆင့်မီလေဆိပ် သုံးခုထဲမှာ ရန်ကုန်လေဆိပ်ကို ရောက်လာတဲ့ လေကြောင်းခရီးသည် တနှစ်ကို ပျမ်းမျှ ၈.၆ ရာခိုင်နှုန်း တိုးများလာတယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

အများပြည်သူထိတ်လန့်အောင် မိုးလေဝသ သတင်းအမှားထုတ်ပြန်သူတွေကို အရေးယူဖို့ ဥပဒေရေးဆွဲနေပြီ

 ပြီးခဲ့တဲ့ ဇွန်လအတွင်းက မိုးကြီးလို့ နမ့်လန်ကျေးရွာမှာ ရေကြီးခဲ့တဲ့မြင်ကွင်း
အွန်လိုင်းကနေတဆင့် အများပြည်သူထိတ်လန့်အောင် မိုးလေဝသဆိုင်ရာ ခန့်မှန်းချက်တွေကို ထုတ်ပြန် နေသူတွေကို အရေးယူသွားဖို့ ဥပဒေရေးဆွဲနေပြီလို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ ကျော်မိုးဦးကပြောပါတယ်။

အဆိုပါဥပဒေကို ကမ္ဘာ့ဘဏ်နဲ့ပူးပေါင်းကာ ရေးဆွဲနေပြီးလာမယ့် ၂၀၂၀ ခုနှစ်လောက်မှာ အတည်ပြု ပြဋ္ဌာန်းနိုင်ဖွယ် ရှိတယ်လို့လည်းသိရပါတယ်။

'' မိုးလေဝသနဲ့ပတ်သက်ပြီး ဒီနိုင်ငံမှာက ဥပဒေမရှိသေးတော့စရေးဆွဲနေတာပါ။ ပညာရှင်တွေကတော့ ဥရောပကပညာရှင်တွေ ဥပဒေပညာရှင်တွေငှားရမ်းပြီးဆွဲနေတာပါ။ ဥပဒေကအခုမှ အင်္ဂလိပ်လိုပဲဆွဲရသေး တယ်။ အကြမ်းတောင်မထွက်သေးပါဘူး။ ဥပဒေထွက်လာမှ ဒီထဲမှာ အများပြည်သူကိုထိတ်လန့်အောင် သတင်းအမှားတွေကို ထုတ်တဲ့သူတွေကို အရေးယူဖို့အပိုင်းတွေလည်းပါလာမှာပေါ့။ ဒါကလည်းဥပဒေထွက် လာမှာ တိတိကျကျသိရမှာပါ။'' လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးကပြောပါတယ်။

    အင်ဒို ဆူနာမီ သတိပေးစနစ် ချို့ယွင်းမှုကနေ မြန်မာ ဘာသင်ခန်းစာရနိုင်မလဲ
    မာရသာ မုန်တိုင်း နောက်ဆုံး အခြေအနေ

အွန်လိုင်းပေါ်ကတဆင့် မိုးလေဝသသတင်းတွေကို အနီးစပ်ဆုံးတိကျမှန်ကန်အောင်ထုတ်ပြန်ပေးနေတဲ့ ပညာရှင်အချို့ရှိသလို အများပြည်သူထိတ်လန့်စေမယ့် စကားလုံးတွေသုံးကာ ဖြန့်ဝေသူတွေလည်း ရှိနေ ပါတယ်။

    အပူချိန်တွေ မြင့်တက်နေတဲ့အတွက် သတိပေးနှိုးဆော်ချက်တွေ ထုတ်ပြန်
    မုန်တိုင်းငယ်ဖြစ်မဖြစ် စောင့်ကြည့်နေရတဲ့ လေဖိအားနည်းရပ်ဝန်း ဧရာဝတီတိုင်းကိုဝင်ပြီး အားပျော့ပျက်ပြယ်လာ

' 'မိုးလေဝသသတင်း နဲ့ပတ်သက်ရင် အွန်လိုင်းပေါ်မှာ ဦးထွန်းလွင်ရဲ့သတင်းကိုအရင်ဆုံးသွားကြည့်တယ်။ ပြီးရင် မိုးလေဝသ ဌာနရဲ့သတင်းကိုကြည့်တယ်။ ပန်းစိုက်တဲ့အခါ ဂန္ဓမာဆို ရေအထိမခံဘူးလေ။ အဲတော့ မိုးရွာဖို့ရှိမရှိ သိဖို့လိုတယ်။ သူ့ရဲ့ သတင်းထုတ်ပြန်ချက် တွေကရှင်းတယ်။ နားလည်လွယ်တယ်။ မိုးလေဝသဌာနကကျတော့သူတို့ထုတ်ပြန်ချက်တွေက သိပ်နား မရှင်းဘူး။ လေဖိအားနည်းရပ်ဝန်းဆိုရင် ဘာလဲဆိုတာ အရင်တုန်းကမသိဘူး။ ဦးထွန်းလွင်ဆီမှာဖတ်ရမှ ဒါ မုန်တိုင်းစဖို့ အတွက် အစပျိုးမှု တစ်ခုဆိုတာ သိခဲ့ရတယ်။ ဒါကြောင့် ဦးထွန်းလွင်လိုမျိုး ပညာရှင်တွေကိုတော့ သတင်းထုတ်ခွင့် ပေးသင့် တယ်လို့ ထင်တယ်။''လို့ တရားဝင်မဟုတ်တဲ့မိုးလေဝသသတင်းထုတ်ပြန်သူတွေကိုအရေးယူ မယ်ဆိုပြီး ပျံ့နှံ့နေတဲ့သတင်းတွေအပေါ် ပြင်ဦးလွင်မြို့ အနီးစခန်းဝန်းကျင်က ဆယ်စုနှစ်တစ်ခုကျော် ပန်းစိုက် တောင်သူတစ်ဦး ဖြစ်တဲ့ ဦးအေးမင်းထွန်းကသူ့ရဲ့အမြင်ကို ဘီဘီစီကိုပြောပြပါတယ်။

အများပြည်သူထိတ်လန့်အောင် သတင်းမှားဖြန့်ဝေသူတွေကို လက်ရှိမှာလည်း ဆက်သွယ်ရေးဥပဒေလိုမျိုးဥပဒေတွေနဲ့ အရေးယူသွားဖို့ စဉ်းစားနေတာတွေလည်းရှိနေတယ်ဆိုပေမယ့် သတင်းအမှန်ဖြန့်ဝေပေးနေသူတွေကိုတော့ ကြိုဆိုရမှာဖြစ်တယ် လို့လည်း ဒေါက်တာကျော်မိုးဦး ကပြောပါတယ်။

တရားမဝင်မိုးလေဝသခန့်မှန်းချက်ထုတ်ပြန်သူတွေကိုအရေးယူမယ်ဆိုတဲ့သတင်းအပေါ် မိုး/ဇလဌာနကအငြိမ်းစားအရာရှိလည်းဖြစ် မိုးလေဝသသတင်းတွေကို မှန်မှန်ကန်ကန်ထုတ်ပြန်ပေးနေသူတစ်ဦးလည်းဖြစ်တဲ့ ဒေါက်တာထွန်းလွင် ကတော့ သူ့ရဲ့တရားဝင်လူမှုကွန်ယက်စာမျက်နှာပေါ်မှာ '' ဒီဥပဒေထက် တောင်အာဖရိက က ဥပဒေကို ပိုကြိုက်တယ်။ မိုးလေဝသခန့်မှန်းချက်များထုတ်ပြန်တဲ့အခါ မှားယွင်းခဲ့ရင် ထောင် ဒဏ်(၁၀)နှစ် သို့မဟုတ် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၃၆ ၀၀၀။''ဆိုပြီး မှတ်ချက်နဲ့အတူပြန်လည်မျှဝေထားတာကိုလည်းတွေ့ရပါတယ်။

BBC Burmese
https://www.bbc.com

နေပြည်တော်ကျောက်မျက်ပွဲ ၂၀၁၅ ခုနှစ်ကထက် ရောင်းအား ကျဆင်း

 မြန်မာကျပ်ငွေနဲ့ ရောင်းချတဲ့ နေပြည်တော်ကျောက်မျက်ပြပွဲ
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချတဲ့ ကျောက်မျက်ရောင်းချပွဲမှာ ငွေကျပ်သန်းပေါင်း ၄ သောင်း ၈ ထောင် ကျော်ပဲ ရခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတုန်းက ကျောက်မျက်ရောင်းချပွဲနဲ့ နှိုင်းစာရင် ရောင်းအား ထက်ဝက်နီးပါးလောက် ကျဆင်းခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့ထိကျင်းပခဲ့တဲ့ ကျောက်မျက်ရိုင်း နဲ့ ကျောက်စိမ်းအသားကျောက်တွေ ရောင်းချပွဲမှာ ကျပ်ငွေ ၇၉၄ ဒဿမ ၉၀ သန်း တန်ဖိုးရှိတဲ့ ကျောက်မျက်ရိုင်းအတွဲ ၅၀ နဲ့ ကျပ်ငွေ ၄၈၂၉၈ ဒဿမ ၄၉ သန်း တန်ဖိုးရှိတဲ့ ကျောက်စိမ်းအသားကျောက်အတွဲ ၃၁၈၅ တွဲ အပါအဝင် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၄ သောင်း ၈ ထောင်ကျော် ရောင်းချနိုင်ခဲ့ပါတယ်။

ဒီပမာဏာဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပခဲ့တဲ့ ကျောက်မျက်ရိုင်းနဲ့ကျောက်စိမ်းရောင်းချပွဲမှာ ရောင်းရငွေနဲ့ နှိုင်းစာရင်တော့ ထက်ဝက်နီးပါးလောက် ရောင်းအားကျဆင်းခဲ့တာပါ။

၂၀၁၅ ဒီဇင်ဘာ ကျောက်မျက်ပွဲမှာတော့ ရောင်းရငွေက ကျပ်သန်းပေါင်း ၈ သောင်းကျော် ရှိခဲ့ပါတယ်။

အဲ့ဒီတုန်းက ကျောက်မျက်ပြပွဲမှာ ကျောက်မျက်နဲ့ကျောက်စိမ်း အတွဲပေါင်း စုစုပေါင်း ၇ ထောင်နီးပါးတင်ပြရောင်းချခဲ့ပေမဲ့လည်း အခု နေပြည်တော်က ကျောက်မျက်ပြပွဲမှာတော့ အတွဲပေါင်း ၃ ထောင် ၃ ရာကျော်ပဲ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ် မတ်လတုန်းကမှာ ရောင်းချခဲ့တဲ့ ကျောက်မျက်ပွဲမှာဆိုရင်လည်း ရောင်းရငွေက ကျပ်သန်းပေါင်း ၆ သောင်း ၂ ထောင်နီးပါး ရှိခဲ့ပြီး ဒီနောက်ပိုင်း ကျောက်မျက်ပွဲတွေမှာ ကျောက်စိမ်းရောင်းရငွေက အရင်ကထက် တဖြည်းဖြည်းနည်းလာတယ်ဆိုပြီးတော့ ကျောက်စိမ်းလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးကျော်ဦးလွင် က ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက နေပြည်တော်ကျောက်မျက်ပြပွဲ
နေပြည်တော် ကျောက်မျက်ပြပွဲ စီမံရေးရာလုပ်ငန်းကော်မတီဥက္ကဌ ဦးသန်းဇော်ဦး ကတော့ အခုလို ကျောက်မျက်ပြပွဲတွေမှာ တင်ပြရောင်းချတဲ့ ကျောက်မျက်အတွဲတွေ လျော့နည်း သွားတာဟာ ကျောက်မျက်ဥပဒေကြောင့် ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

အစိုးရဟာ ကျောက်မျက်တူးဖော်ရေးနဲ့ဆိုင်တဲ့ဥပဒေကို ၁၉၉၅ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့ပြီး ပြီးခဲ့တဲ့ အစိုးရဆင်းခါနီး ၂၀၁၆ ခုနှစ်မှာ ဒီဥပဒေကို ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။

ပြင်ဆင်လိုက်တဲ့ ဥပဒေအရ လက်လုပ်လက်စားနဲ့အသေးစားကျောက်မျက်တူးဖော်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာပြည်နယ် နဲ့ တိုင်းဒေသကြီး အစိုးရတွေက ခွင့်ပြုပေးရမှာ ဖြစ်ပေမယ့် အခုချိန်ထိ တချို့ဒေသတွေက ကျောက်မျက်တူးဖော်ရေးနဲ့လုပ်ပိုင်ခွင့်တင်ပြတာတွေမှာ အခုထိ ခွင့်ပြုချက် ချမပေးတာ ရှိတယ်လို့လည်း ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နောက်ပိုင်းတွေမှာ ကျင်းပမယ့် ကျောက်မျက်ပြပွဲတွေမှာ တင်ပြရောင်းချမယ့် ကျောက်မျက်နဲ့ကျောက်စိမ်းတွဲတွေရဲ့ အရေအတွက်ဟာ လျော့နည်းနိုင်သလို ရောင်းချလို့ရရှိမယ့် ပမာဏဟာလည်း လျော့နည်းလာနိုင်တယ်လို့ ဘီဘီစီသတင်းထောက်က သုံးသပ်ပါတယ်။

BBC Burmese
https://www.bbc.com

Nissan ဥက္ကဌ အလွဲသုံးစားစွဲချက်နဲ့ဖမ်းဆီးခံရ

Nissan ဥက္ကဌ Carlos Ghosn
ဂျပန် Nissan ကားကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌ Carlos Ghosn ကို ငွေကြေး အလွဲသုံးစားလုပ်မှုစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးလိုက်ပါတယ်။ သူရရှိတဲ့လစာကို နှစ်ပေါင်းများစွာ အပြည့်အဝမပြောဘဲ လိမ်ညာ ဖော်ပြတာ၊ ကုမ္ပဏီပိုင် ပစ္စည်းတွေကို ကိုယ်ရေးကိုယ်တာအတွက်အသုံးပြုတာတွေကို ကုမ္ပဏီတွင်း စုံစမ်းတွေ့ရှိတယ်လို့ Nissan ကုမ္ပဏီက ပြောပါတယ်။

ပြင်သစ်နိုင်ငံသား Ghosn ဟာ ဂျပန်ကုမ္ပဏီတခုရဲ့ ရှားရှားပါးပါး နိုင်ငံခြား ထိပ်တန်းအကြီးအကဲတယောက်ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကုန်ပိုင်းက Nissan ကုမ္ပဏီကိုရောက်လာတဲ့ Ghosn ဟာ ဒေဝါလီခံရလုဖြစ်နေတဲ့ ကားကုမ္ပဏီကို ကယ်တင်နိုင်ခဲ့သူအဖြစ် ကားလုပ်ငန်းလောကမှာ ကျော်ကြားသူဖြစ်ပါတယ်။

ဂျပန်ကလာတဲ့သတင်းတွေအရ ၂၀၁၁ ခုနှစ်ကနေ ၅ နှစ်အတွင်း ဝင်ငွေ ဒေါ်လာ ၄၄ သန်းလောက် လျော့ပြခဲ့တယ်လို့ ဆိုပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

၈၈ ခေါင်းဆောင်တွေဦးဆောင်တဲ့ ပြည်သူ့ပါတီ ဗဟိုရုံးဖွင့်လှစ်

ပြည်သူ့ပါတီ သတင်းစာရှင်းလင်း
၂၀၀၈ ခုနှစ် အခြေခံဥပဒေပြင်ဆင်ရေးကို လူထုအတွက် တကယ်တမ်း အကျိုးရှိမယ့်နည်းလမ်းနဲ့ ပြင်ဆင်ဖို့ ကြိုးစားသွားမယ်လို့ ပြည်သူ့ ပါတီဥက္ကဌ ဦးကိုကိုကြီးက ပြောကြားလိုက်ပါတယ်။

"ကျနော်တို့က ပြင်ဖို့လိုတယ်ဆိုတာ အခိုင်အမာပြောပြီးသား။ သို့သော် လက်တွေ့ကျကျ ထိရောက်တဲ့ဆောင်ရွက်မှုတွေ ဘယ်လိုလုပ်မလဲဆိုတာက နိုင်ငံရေးအရ အနုပညာလို့မြင်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒါကို စကားလုံးသပ်သပ်နဲ့ ပြောနေတာထက် လက်တွေ့ ၊ ဒီဖွဲ့စည်းပုံဘောင်ထဲကနေပြီးတော့ အမြင့်မားဆုံးပြည်သူတွေအတွက် လက်တွေ့အကျိုးဖြစ်ထွန်းမယ့်ကိစ္စ ဘာတွေဆောင်ရွက်နိုင်မလဲ ဆိုတာတွေလုပ်ဖို့ ကျနော်တို့ ကြိုးစားနည်းလမ်းရှာမှာဖြစ်ပါတယ်။"

ရန်ကုန်မြို့ မှာ တနင်္ဂနွေနေ့ကလုပ်တဲ့ ပါတီဗဟိုဌာနချုပ် ရုံးခန်းဖွင့်လှစ်ပွဲအတွင်း ဦးကိုကိုကြီးက အဲဒီလိုပြောသွားတာပါ။

တခြားနိုင်ငံရေးပါတီတွေနဲ့ မဟာမိတ်ဆက်ဆံရေးကို လူကြားကောင်းရုံလောက် လုပ်တာမျိုးမဟုတ်ဘဲ လက်တွေ့လုပ်သွားမယ်လို့ လည်း ပါတီခေါင်းဆောင်တွေက ပြောပါတယ်။ ပြည်သူ့ပါတီကို ဥက္ကဌ ဦးကိုကိုကြီး၊ ဒုတိယဥက္ကဌ ဦးမင်းဇေယျ၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးရဲနိုင်အောင်တို့အပါအဝင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၂၂ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီးတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်အများစု ပါဝင်ပါတယ်။ ဒါပေမဲ့ ဦးမင်းကိုနိုင်နဲ့ ဦးကျော်မင်းယု ခေါ် ဦးဂျင်မီတို့လို တခြားထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တချို့တော့ ဒီပါတီသစ်ထဲမှာ မပါကြပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

တောင်ကြီး တန်ဆောင်တိုင် ယာဉ်ရပ်နားခ ကားတစ်စီး ကျပ် ၁ သောင်းအထိ ပေးဆောင်နေရ


တောင်ကြီး ၊ နိုဝင်ဘာ -၁၉

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပြိုင်ပွဲမှာ ယာဉ်ရပ်နားခ ကားတစ်စီးကို ကျပ် ၁သောင်းအထိ ပေးဆောင်နေရတယ်လို့ တန်ဆောင်တိုင်ပွဲ လာရောက်လည်ပတ်သူတွေက ပြောပါတယ်။

ယာဉ်ရပ်နားခ အဖြစ် ကားတစ်စီးကို အနည်းဆုံး ကျပ် ၅၀၀၀ကနေ ကျပ် ၁၀၀၀၀ အထိ ကောက်ခံနေတာဖြစ်ပြီးတော့ အခုလို ဈေးမြှင့်ကောက်ခံနေတဲ့အတွက် ပွဲလာလည်သူတွေ ယာဉ်ရပ်နားခ ၀န်ထုတ်ဝန်ပိုးဖြစ်နေတယ်လို့လည်း တောင်ကြီးဒေသခံ အချို့ကပြောပါတယ်။

" မနေ့ညက ပွဲလည်တယ်၊ ကား အပ်ခ တစ်စီး ၁ သောင်းတောင်းတယ်၊ မပေးရင် မရဘူးပြောတယ်၊ ဒီလို ကျပ် ၁သောင်းကောက်တာ ကို ဘာလို့ ပွဲကျင်းပရေးဦးစီးကော်မတီက အရေးမယူလည်း သိချင်တယ် "လို့ ယာဉ်ရပ်နားခ ကျပ်တစ်သောင်းပေးဆောင်ခဲ့ရတဲ့ ဦးစိုင်းခင်မောင်တင့် ကပြောပါတယ်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲကျင်းပတဲ့ အဝေယာ မီးပုံးပျံကွင်းမှာ ကား၊ဆိုင်ကယ် ရပ်နားခွင့် လုပ်ကိုင်တဲ့ နေရာ ၁၀ခုခန့်ရှိနေပြီးတော့ သတ်မှတ်ဈေးနှုန်းထက်ပိုမိုကောက်ခံနေတာတွေကို ပွဲကျင်းပရေးဦးစီးကော်မတီ အနေနဲ့ စိစစ် အရေးယူကြတ်မတ်သင့်တယ်လို့လည်း တောင်ကြီးဒေသခံတွေကပြောပါတယ်။

တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပြိုင်ပွဲမှာ ကား၊ဆိုင်ကယ် ယာဉ်ရပ်နားခ ကောက်ခံခွင့်ရရှိတဲ့ ကန်ထရိုက်အနေနဲ့ဆိုင်ကယ်တစ်စီးလျင် ကျပ် ၁၀၀၀၊ ယာဉ်မော်တော်ကား တစ်စီးလျင် ကျပ် ၃၀၀၀ ထက်ပိုမိုကောက်ခံခြင်းမပြုလုပ်ဖို့ လေလံစည်းမျည်းထဲမှာဖော်ပြထားပါတယ်။

တောင်ကြီးတန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပွဲကို နိုဝင်ဘာလလ ၁၄ ရက်နေ့ကနေ နိုဝင်ဘလ ၂၃ ရက်နေ့အထိ ဆယ်ရက်တိုင်တိုင်ကျင်းပလျက်ရှိနေပြီး နေ့လွှတ်အရုပ်၊ ညမီးကြီး ၊စိန်နားပန် မီးပုံးပျံအလုံးရေ ၄၀၀ကျော် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိပါတယ်။

သတင်း - နန်းဧကရီ (ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသည့် MRCCI အထွေထွေအတွင်းရေးမှူးနေရာလစ်လပ်မှု တာဝန်ပေးအပ်ရန် မဲပေးရွေးချယ်မည်


မန္တလေး-၁၉ နိုဝင်ဘာ

မူးယစ်ဆေးဝါးမှုဖြင့်ဖမ်းဆီးခံရသည့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအထွေထွေရေးမှူးနေရာ လစ်လပ်နေမှုအား တာဝန်ပေးအပ်ရန် ဒီဇင်ဘာလ ၁၂ တွင် ဒီမိုကရေစီကျကျ မဲပေးရွေးချယ်မည်ဖြစ်ကြောင်း အဆိုပါအသင်းမှသိရသည်။

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာမောင်မောင်၏ဆေးခန်းတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုဖြင့် အခုလ ၁၅ ရက်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ သက်ဆိုင်ရာက အရေးယူထားကြောင်းသိရသည်။

'ပြန်ရွေးချယ်တာမဟုတ်ပါဘူး ။တာဝန်လစ်လပ်သူနေရာမှာ တာဝန်ပေးအပ်တာပါ။ လောလောဆယ် အတွင်းရေးမှူးနေအထားက အမှုလည်းတည်ဆောက်စဲကာလ ဆိုတော့ အသင်းရဲ့ကွန်စတီကျူးရှင်းရှိ တယ်လေ။ အသင်းဖွဲ့စည်းပုံ စည်းမျဉ်းမှာက အသင်းသားတစ်ယောက်ကို လူမွဲစာရင်းခံယူခြင်းဖြစ်စေ ၊ ရူးနှမ်းခြင်းဖြစ်စေ ၊ သာသနာ့ဘောင်ကို အပြီးတိုင်ဝင်ရောက်ခြင်းဖြစ်စေ အဲလိုဆိုရင် အသင်းကနေထွက်ခွာခွင့်လုပ်ပေးရတယ်။ ခုဟာက တာဝန်ကို အီးစီ ၊ စီအီးစီအစည်းအဝေးကနေ တာဝန်လွဲအပ်တာ။ ရှေ့လ ၁၂ ရက်မှာ တွဲဖက် ၅ ယောက် က အထွေထွေအတွင်းရေးမှူး တာဝန်လုပ်ချင်တယ်ဆိုရင် ကိုယ်တိုင် အဆိုပြုပြီး အဲနေ့ကျရင် ဗဟိုအလုပ်အမှုဆောင် ၄၁ ဦးက ဝိုင်းရွေးပေးရမှာ ဒီမိုကရေစီနည်းကျကျ လုပ်မယ်'ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်မင်းက ပြောသည်။

အသင်းဖွဲ့စည်းပုံစည်းမျဉ်းတွင် အသင်းနှင့်ပတ်သက်ပြီးလိမ်လည်ခြင်းများ ပြုလုပ်ပါက အသင်းသူအသင်းသားတွေကို အစည်းအဝေးခေါ်ပြီး၊၇၅ ရာခိုင်နှုန်းက ထောက်ခံပါက အသင်းမှထုတ်ပယ်ခြင်းပြုလုပ်နိုင်ကြောင်းသိရသည်။

'အသင်းကိုလိမ်လည်တယ်ဆိုရင် အသင်းသူသားတွေကိုအစည်းအဝေးခေါ်ရတယ်။ ၇၅ ရာခိုင်နှုန်းက တောင်းဆိုချက်ချင်းထုတ်လို့ရတယ်။ အခုဟာက သူတို့ကိစ္စဖြစ်နေတယ်။ လုပ်ငန်းသုံးတွေကို ဆေးရုံမှာ သတ်မှတ်ချက်ထက်များတာ ၊ မများတာဆိုတာ နားမလည်တော့ ပြောရခက်တယ်။ အသင်းသားတစ်ယောက်အနေဲ့ပဲကြည့်ပေးရတယ်'ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်မင်းက ပြောသည်။

ဖြစ်စဉ်မှာ အခုလ ၁၅ ရက်က ချမ်းအေးသာစံမြို့နယ် ၊ လမ်း ၈၀ ၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ ဒေါက်တာမောင်မောင်၏ ဆေးခန်းအတွင်းမှ SUDUXEN စာတမ်းပါ ဖြူ/နီရောင်စက္ကူဘူး ၄၉၀ ဘူးဖြင့်ထည့်လျက် SEDUXEN တံဆိပ် Diazepam 10 mg ပါ 2ml ထိုးဆေးပုလင်း ၄,၉၄၀ လုံး၊ Tramadol ဆေးတောင့် ၄၀၀ တောင့်၊ Alprazolan ဆေးပြား ၁,၂၁၅ ပြား၊ Tramadol ထိုးဆေး ၁၉၀ လုံး၊ Diazepam ဆေးပြား ၉၆၀ ပြား၊ SUDUXEN စာတမ်းပါ ဖြူ/နီ ရောင်စက္ကူဘူးခွံ ၂၀၅ ဘူးတို့ကို သိမ်းဆည်းရမိခဲ့ ကြောင်းသိရသည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

ကျောက်ဆည် GTI ကျောင်းသားအား ဓါးဖြင့်ထိုးသတ်ခဲ့သူကို သေဒဏ်ချမှတ်


မန္တလေး -၁၉ နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ရှိ အစိုးရ စက်မှု လက်မှု သိပ္ပံ(GTI) နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးအား ဓါးဖြင့်ထိုးသတ်ခဲ့သူကို ကျောက်ဆည်ခရိုင် တရားရုံးက သေဒဏ်ချမှတ်ခဲ့ကြောင်း အဆိုပါအမှုကိုလိုက်ပါဆောင်ရွက်နေသူ ကိုစိုးသီဟထံမှ သိရသည်။

အစိုးရ စက်မှု လက်မှု သိပ္ပံ(GTI) နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးအား ဓါးဖြင့် ထိုးသတ်ခဲ့သည့် တရားခံ ​အောင်​သူဟိန်းအား​ သေဒဏ်​ချမှတ်​ခဲ့ပြီး၊ ကျူးလွန်​ရာတွင်​ပါဝင်​သူနှစ်​ဦးဖြစ်​​သည့် အလီဘိုင်​(ခ)မင်းခန့်​​ကျော်​အား ထောင်​ဒဏ်​ (၂၁) နှစ်​ နှင့် မင်းချစ်​​အောင်​(ခ)ဖိုးချစ်​အား ​ထောင်​ဒဏ်​ (၂၀) နှစ် ချမှတ်ခဲ့သည်။

"ဒီအမှုက ကျောက်ဆည်မှာတော့ ဆိုးဝါးအရက်စက်ဆုံး ရာဇဝတ်မှုပါ။ မြို့လူထုကရော တစ်နိုင်ငံလုံးကပါ ပြင်းထန်စွာအမိန့်ချဖို့ တောင်းဆိုခဲ့ ကြတာအမှန်ပဲလေ။ သူတို့ကို သေပါစေဆိုပြီး တောင်းဆိုကြတာမဟုတ်ဘူး။ တရားဥပဒေမှာ ဒီလိုကျူးလွန်ရင် ဒီလိုပြစ်ဒဏ်တွေချမှတ်တယ်ဆိုတာ သိစေချင်တာပါ''ဟု အဆိုပါအမှုကိုလိုက်ပါဆောင်ရွက်နေသူ ကိုစိုးသီဟက ပြောသည်။

သြဂုတ်လ ၂၉ ရက်ည ၉ နာရီခန့်က ကျာက်ဆည်မြို့ ပြည်လုံးနိုင်ရပ်ကွက် ရန်ကုန် - မန္တလေးလမ်း ဘေးတွင် အလီဘိုင် (ခ) မင်းခန့်ကျော် ၊ အောင်သူဟိန်း နှင့် မင်းချစ်အောင် တို့ က သန့်ဇင်မင်း နှင့် နေမင်းထက် တို့အား ဝိုင်းဝန်းထိုးကြိတ်ပြီး နေမင်းထက် အား ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကာ ကျောက်ဆည်ဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားကြောင်း သိရသည် ။

ထိုသို့ ဝိုင်းဝန်းထိုးကြိတ်သည့်အတွက် သန့်ဇင်မင်း က ဝင်ရောက်တားဆီးရာ အမည်မသိ လူ (၃) ဦး က သန့်ဇင်မင်း နှင့် နေမင်းထက် တို့အား ခြေထောက်များဖြင့် ကန်ကြောက် ထိုးကြိတ်ပြီး ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့သည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အလီဘိုင် (ခ) မင်းခန့်ကျော် (၂၁) နှစ် ၊ အောင်သူဟိန်း (၂၀) နှစ် နှင့် မင်းချစ်အောင် (၁၉) နှစ်တို့အား ဖမ်းဆီး၍ အလီဘိုင်​(ခ)မင်းခန့်​​ကျော်​အား ရာဇသတ်​ကြီးဥပ​ဒေ ပုဒ်​မ ၃၀၂(၁)(ဂ)/၁၁၄၊ ၃၂၃ အရ လည်း​ကောင်း၊ ​အောင်​သူဟိန်းအား ရာဇသတ်​ကြီးဥပ​ဒေ ပုဒ်​မ ၃၀၂(၁)(ဂ)အရလည်း​ကောင်း၊ မင်းချစ်​​အောင်​(ခ)ဖိုးချစ်​အား ရာဇသတ်​ကြီးဥပ​ဒေ ပုဒ်​မ ၃၀၂(၁)(ဂ)/၁၁၄ အရလည်း​ကောင်း အသီးသီး စွဲချက်​တင်​ခဲ့ခြင်းဖြစ်သည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews

ဖားကန့်တွင် ရေမဆေးတစ်ဦး ပစ်သတ်ခံရမှုကြောင့် ပဋိပက္ခ ဖြစ်ပွား


ဖားကန့်မြို့နယ် နန့်မှော်ကျေးရွာအုပ်စု ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီ လုပ်ကွက်တွင် ရေမဆေးကျောက်ရှာသူတစ်ဦး ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၁၉ရက်နေ့ မွန်းလွဲ ၃နာရီခွဲခန့်၌ ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျော်စွာအောင် ထံမှသိရသည်။


ကုမ္ပဏီလုံခြုံရေးတပ်ဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေမဆေးကျောက်ရှာသူတစ်ဦး သေဆုံးသွားသည်ကို ကျေနပ်မှုမရှိသော ရေမဆေးကျောက်ရှာသူများမှ အဆိုပါ ကုမ္ပဏီအတွင်းရှိ အဆောက်အအုံနှင့်စက်ယန္တရားများအား မီးရှို့ဖျက်စီးခဲ့ကြောင်း ၎င်းကပြောပြသည်။

''ညနေ ၃နာရီလောက်က ပြဿနာဖြစ်တယ်လို့ပြောတယ် ရေမဆေးသမား အပစ်ခံရလို့ သေသွားတာကို မကျေနပ်လို့ ကုမ္ပဏီကိုမီးရှို့တာလို့ သိရပါတယ် ညနေ ၅နာရီလောက်မှာ မီးညွန့်ကျိုးသွားပါပြီ'' ဟု ၎င်းကပြောသည်။


ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိသေးကြောင်း ၎င်းက ပြောသည်။

သေနတ်ပစ်ခံရသောကြောင့် သေဆုံးသွားသူမှာ နမ့်မှော်ကျေးရွာနေ အသက် ၂၅နှစ်အရွယ် မောင်အေးသန်းဖြစ်ပြီး ညာဘက် ပုခုံးတွင် ပစ်ခတ်ခံရသောကြောင့် သေဆုံးသွားခြင်းဖြစ်သည်။

The Kachin Times
https://www.facebook.com/KachinTimes.kcn

လမူးမော်ရဲစခန်းကို ခဲနဲ့ပစ်ပေါက်သူ ၉ ဦးကို ပုဒ်မ ၆ (၁) နဲ့အမှုဖွင့်

တောင်ကုတ်မြို့နယ်က လမူးမော်ကျေးရွာ ရဲစခန်းကို ၂၀၁၈၊ နိုဝင်ဘာ ၁၇ ရက်နေ့က ခဲနဲ့ ပေါက်ထားတာကို တွေ့ရစဉ်
တောင်ကုတ်မြို့နယ်က လမူးမော်ကျေးရွာ ရဲစခန်းကို ခဲနဲ့ ပစ်ပေါက်ခဲ့ကြတဲ့ကိစ္စနဲ့ပတ်သက်လို့ ဖမ်းဆီးခံထားရသူ ၉ ဦးကို တောင်ကုတ်မြို့မရဲစခန်းကို ဒီနေ့မနက်က ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ထဲက လမူးမော်ကျေးရွာမှာ နိုဝင်ဘာလ ၁၇ ရက်နေ့က ရပ်ကွက် ကထိန် လှည့်လည်နေစဉ် စကားများ ရန်ဖြစ်တဲ့ကိစ္စကို လမူးမော်ကျေးရွာ ရဲစခန်းက ချက်ချင်းအရေးမယူလို့ဆိုပြီး လူ ၇ဝလောက်က ရဲစခန်းကို ခဲနဲ့ ဝိုင်းဝန်းပစ်ပေါက်ခဲ့ကြတာလို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲဒီလို ရဲစခန်းကို ခဲနဲ့ဝိုင်းပေါက်တဲ့ သူတွေထဲက ၉ဦး ကို ဖမ်းဆီးလိုက်ပြီးနောက် မနေ့က ရဲစခန်းကို ရာနဲ့ချီတဲ့ ဒေသခံတွေ ဝိုင်းထားပြီး အဲဒီ ၉ ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။

ဖမ်းဆီးထားတဲ့ အဲဒီ ၉ ဦးကို ပြည်သူပိုင်ပစ္စည်း ဖျက်စီးမှု ပုဒ်မ ၆(၁) နဲ့ အမှုဖွင့်ထားပြီး ရန်ပွဲမှာ ပါဝင်ခဲ့သူ ၂ ဦး ကိုလည်း ညစ်ညမ်းစွာ ဆဲဆိုမှု၊ ခြိမ်းခြောက်မှု၊ တုံးတဲ့လက်နက်နဲ့ ထိခိုက်ဒဏ်ရာရအောင်လုပ်မှု စတဲ့ ပုဒ်မ ၃ ခုနဲ့ အမှုဖွင့်ထားတယ်လို့ လမူးမော်ကျေးရွာ ရဲစခန်းက ရဲအရာရှိက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org

မွတ်စလင်တွေအရေးနဲ့ ပတ်သက်လို့ စစ်တွေမြို့မှာ ကန့်ကွက်ဆန္ဒပြဖို့ ပြင်ဆင်

စစ်တွေမြို့ အဝင်ဝကို တွေ့ရစဉ်
ရခိုင်ပြည်နယ် မောင်တောဒေသမှာ မွတ်စလင်လူငယ်တွေကို သင်ကြားရေး လက်ထောက်ဆရာတွေအဖြစ် ခန့်အပ်ဖို့ စီစဉ်တာ၊ မောင်တောတောင်ပိုင်းဒေသမှာ ပြန်လည်နေရာချထားဖို့ လျာထားတာ၊ ရမ်းဗြဲမြို့နယ်မှာ နိုင်ငံသားစီစစ်ရေးကတ်ပြားတွေ ထုတ်ပေးခဲ့တာတွေကို ကန့်ကွက်ရှုတ်ချဖို့အတွက် စစ်တွေမြို့မှာ သံဃာတော်တွေ နဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဆန္ဒပြမှာဖြစ်ပြီး ရဲစခန်းမှာ ဒီနေ့ ခွင့်ပြုချက် တင်လိုက်တယ်လို့ ဦးဆောင်သူတစ်ဦးက RFA ကို ပြောပါတယ်။

အရင် အစိုးရလက်ထက်တုန်းက ဖွဲ့စည်းခဲ့တဲ့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေးအဖွဲ့က ရဟန်းတော်တွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြုလုပ်ဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။

အခုလို ကန့်ကွက်ဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်တွေမြို့မှာ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org

စစ်တွေမြို့နယ်၌ မူးယစ်ဆေးဝါး သန်း ၁၈၆၀ ဖိုးဖမ်းဆီးရမိ


စစ်တွေ နိုဝင်ဘာ ၁၉

စစ်တွေမြို့နယ် ရေချမ်းပြင်ကျေးရွာရှိကမ်းထိုးဇက် ကတိုးရေယာဉ်ပေါ်သို့ တင်ဆောင်ထားသည့် မော်တော်ယာဉ်ပေါ်၌ ယနေ့နံနက် ၇ခွဲတွင် မူးယစ်ဆေးပြား ၆၂၀၀၀၀ ပြား၊ သန်း ၁၈၆၀ (၁၈၆၀၀၀၀၀၀၀) ဖိုးဖမ်းဆီးရမိကြောင်းစစ်တွေမြို့ မြို့မရဲစခန်းမှသိရသည်။

ဖြစ်စဉ်မှာရေချမ်းပြင်စခန်းမှ ရဲအုပ်ဇော်မင်းနှင့် တပ်ဖွဲ့ဝင်များ၊ စစ်တွေမြို့ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးခင်မောင်နှင့် တပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူသတင်းအရစစ်တွေမြို့မှ အငူမော်သို့ထွက်ခွာမည့် ကမ်းထိုးဇက်ကတိုးရေယာဉ်ပေါ်သို့ တင်ဆောင်လာပြီးမောင်တောမြို့ ရပ်ကွက်(၃)နေကျော်နိုင် မောင်းနှင်လာသောမော်တော်ယာဉ်အမှတ် YGN 2H------KLUGER အဖြူရောင်ယာဉ်အား မူးယစ်ဆေးဝါးသတင်းအရ မသင်္ကာ၍ ရှာဖွေခဲ့ကြသည်။ ရှာဖွေစဉ် ကား၏အနောက်ခန်းပစ္စည်းထားသောအန်ဘောက်အောက်အတွင်း အန်ဝှက်ဖြင့်ပြုလုပ်ကာထည့်ထားသော R တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား၊ ပါကင်ထုတ်တစ်ထုပ်လျင် ၁၀၀၀၀ ပါ၊ ၆၂ ထုပ်၊ စုစုပေါင်းဆေးပြား ၆၂၀၀၀၀ ပြား၊ တစ်ပြားလျင် ၃၀၀၀ နှုန်းဖြင့် (၁၈၆၀၀၀၀၀၀၀)ကျပ်ဖို့ကိုတွေ့ရှိ၍ သက်သေများရှေ့ တွင် ရဲအုပ်ဇော်မင်းကရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့သည်။

အဆိုပါဖမ်းဆီးရမိသောတရားခံကျော်နိုင်အားစစ်တွေမြို့ မြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်းမြို့မ စခန်းမှ သိရသည်။

ကံထွန်း(ဟံတာမြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

မိုင်းပန်မြို့တွင် ဒေသခံပြည်သူတစ်ဦး ဒေသန္တရလုပ်မိုင်းနင်းမိ


မိုင်းပန် နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊မိုင်းပန်မြို့နယ် နားမွန်ကျေးရွာအုပ်စု မိုက်ပုတ်(ပန်ပိ)ကျေးရွာအနီးတွင် နိုဝင်ဘာလ ၁၈ ရက် နံနက် (၈) နာရီခန့်က ဒေသခံပြည်သူတစ်ဦး ဒေသန္တရလုပ်မိုင်း နင်းမိ၍ စ.က.ခ (၁၇) လက်အောက်ရှိ ၂၅ ကုတင်ဆန့်စစ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

ဖြစ်စဉ်မှာအဆိုပါကျေးရွာနေ ဦးခွန်ကျော် (၅၃) နှစ် သည်တောင်ယာသို့ စပါးရိတ်ရန်သွားစဉ် ရွာမြောက်ဘက် နှစ်မိုင်ခန့်အကွာနေရာ၌ ဒေသန္တရလုပ်မိုင်း နင်းမိသဖြင့် ယာခြေဖဝါးနှင့်ခြေမျက်စိမိုင်းစထိမှန်(မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာ ရရှိ၍ စ.က.ခ (၁၇) လက်အောက်ရှိ ၂၅ ကုတင် စစ်ဆေးရုံ၌ နိုဝင်ဘာ ၁၈ ရက် ညနေ ၃ နာရီခွဲ ခန့်တွင် ရောက်ရှိ ဆေးကုသမှုခံယူပြီး ညနေ ၅ နာရီခွဲ အချိန်တွင်နမ့်စန်စစ်ဆေးရုံသို့ လွဲပြောင်းပို့ဆောင်ပေး ခဲ့ကြောင်း မိုင်းပန် မြို့မရဲ စခန်း မှသိရသည်။

မြို့နယ် (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

ရုရှားအရေး လူတွေ့မေးမြန်းခွင့်မပြုဘူးလို့ သမ္မတ Trump ပြော


၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲနဲ့ ရုရှားရဲ့ ၀င်ရောက် စွက်ဖက်မှုတွေအကြောင်း စုံစမ်း ဖော်ထုတ်နေတဲ့ အထူး စုံစမ်း စစ်ဆေးရေးမှူး Robert Mueller နဲ့ တဦးချင်းထိုင်ပြီး လူတွေ့ မေးမြန်းခွင့် ပြုမှာမဟုတ်ဘူးလို့ သမ္မတ Donald Trump က ပြောပါတယ်။ အထူးစုံစမ်းရေးမှူးရဲ့ မေးခွန်းတွေကို စာနဲ့ရေးပြီး ဖြေကြားထားခြင်းဟာ သူ့ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်ဖြစ်တယ်လို့ တနည်းအားဖြင့် သမ္မတ Trump က ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

သူ့ကို မေးသင့်တဲ့ မေးခွန်းတွေကို အပြီးသတ် ဖြေကြားပေးပြီးဖြစ်တဲ့ကြောင်း၊ ဒါဟာ နောက်ဆုံး လုပ်ဆောင်ခြင်းဖြစ်ကြောင်း Fox သတင်းဌာနက Chris Wallace နဲ့ ပြုလုပ်တဲ့ တနင်္ဂနွေ မေးမြန်းခန်းအစီအစဉ်မှာ သမ္မတ Trump အဲဒီလို ပြောကြားလိုက်တာပါ။

သူ့ရဲ့ ရှေ့နေတွေက မစ္စတာ Mueller ရဲ့ ၂ ဒါဇင်လောက်ရှိတဲ့ မေးခွန်းတွေကို ဖြေဆို ပြန်ကြားနိုင်ဖို့ လုပ်ဆောင်နေကြပြီ ဖြစ်ကြောင်းနဲ့ ရှေ့နေတွေဟာ သူရေးခိုင်းတဲ့ အဖြေတွေကိုဘဲ ရေးနေကြခြင်းဖြစ်ပြီး ဖြေဆိုဖို့အတွက်လည်း သူ့အတွက် မခက်ခဲကြောင်း သောကြာနေ့က အိမ်ဖြူတော်မှာ မေးမြန်းပြီး တနင်္ဂနွေနေ့က အသံလွှင့်တဲ့ အဲဒီ မေးမြန်းခန်းမှာ သမ္မတ Trump က ဖြေကြားထားပါတယ်။

သမ္မတရဲ့ အဖြေတွေကို လာမယ့်ရက်ပိုင်းအတွင်း အကြောင်းပြန်ကြားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ရှေ့နေ Rudy Giuliani ကတော့ တချို့ မေးခွန်းတွေဟာ တခြား မေးခွန်းတွေထက် ဥပဒေကြောင်းအရ သူတို့အတွက် ပိုပြီး ခက်ခဲ ရှုပ်ထွေးစေတယ်လို့ ပြောပါတယ်။

အဲဒီ Fox သတင်းဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်းမှာဘဲ ၁၈ လ ကြာလာပြီဖြစ်တဲ့ မစ္စတာ Mueller ရဲ့ စုံစမ်း စစ်ဆေးမှု လုပ်ငန်းတွေကို သမ္မတ Trump ထပ်မံ တိုက်ခိုက်ထားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

မြန်မာကို ကမ္ဘာလှည့်ခရီးသည်လာရောက်မှု ဒီနှစ် အနည်းငယ်တိုး

ပုဂံကိုလာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များ
မြန်မာအစိုးရ ဟိုတယ်နဲ့ ခရီးသွှားလုပ်ငန်းဝန်ကြီးဌာနက စနေနေ့မှာ ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ အခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည် ၂.၈၄ သန်း လာရောက် လည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ် လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့် ခရီးသွားအရေအတွက်ဟာ ၂.၈၁ သန်းရှိခဲ့တဲ့ မနှစ်က လာရောက်တဲ့ အရေအတွက်ထက် စာရင် အနည်းငယ် တိုးလာတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လာလည်ကြတဲ့ အာရှတိုက်သားတွေထဲမှာ အိမ်နီးချင်း ထိုင်းနိုင်ငံက ၂၃၆,၄၄၁ ဦးနဲ့ အများဆုံးဖြစ်ပြီး အနောက်နိုင်ငံတွေထဲ ကတော့ ပြင်သစ်က အများဆုံး၊ အဲဒီနောက်ကမှ ဗြိတိန်၊ ဂျာမနီနဲ့ အီတလီနိုင်ငံတို့က နံပတ်စဉ်လိုက် အများဆုံးလာကြတယ်လို့ ဆိုပါတယ်။

ကမ္ဘာလှည်ခရီးသည်တွေ ပိုရောက်လာရေးအတွက် ရည်ရွယ်ပြီး Eco-tourism ၊ Cultural-trourism ၊ Communitry-based tourism စတဲ့ ကဏ္ဍအမျိုးမျိုးခွဲပြီး သဘာဝ သယံဇာတ ပေါကြွယ်ဝတဲ့ သမိုင်းဝင် နေရာတွေ၊ မြစ်ချောင်းတွေနဲ့ ကန်တွေကို ဆွဲဆောင် ခေါ်ယူနေပါတယ်။

ဒါ့အပြင် ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြုကြောင်း အစိုးရက ကြေညာထားပြီး တရုတ် ခရီးသွားတွေဟာလည်း အခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကစလို့ ဆိုက်ရောက်ဗီဇာ လျှောက်လို့ရတဲ့အကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com

ပါကေးငါးတူးဖေါ်သည့် လှေသားများ အောက်စီဂျင်ပြတ်ပြီး မူးမေ့လဲကျ


19.11.2018

ငါးအမှုန့်ကြိတ်စက်ရုံတံတားတွင် နိုဝင်ဘာ ၁၉ ရက်၊ နံနက် ၈ နာရီခွဲခန့်က ပါကေးငါးတူးဖေါ်သည့် လှေသားများ အောက်စီဂျင်ပြတ်ပြီး မူးမေ့သွားကြောင်းသိရပါတယ်။

ကျွန်းစုမြို့နယ်၊မအိုင်ကျေးရွာအုပ်စု၊ ပထော်ကမ်းရှိ ပြည့်ဖြိုးထွန်းကုမ္ပဏီပိုင် ငါးအမှုန့်ကြိတ်စက်ရုံတံတားတွင် ဆိုက်ကပ်ထားသည့် စိုးအဏ္ဏဝါ(၅) ဝါလတ်လှေမှ လှေသား ၃ ဦး လှေဝမ်းထဲဆင်းပြီးပါကေးငါးတူးဖေါ်ရာ အောက်စီဂျင်ပြတ်တောက်ပြီး မူးမေ့သွားကြောင်းသိရပါတယ်။

"မူးမေ့တာက ၃ ယောက်ပါ။ တစ်ယောက်ကတော့ ၅ မိနစ်လောက်အကြာမှာ ပြန်ပီးသက်သာသွားပါတယ်။ ကျန်တဲ့ ၂ ယောက်ကိုတော့ ကုမ္ပဏီ ကားနဲ့တင်သွားတယ်"လို့ မျက်မြင်တစ်ဦးကပြောပါတယ်။

"ညကဖမ်းပြီးဝင်လာတဲ့ ပါကေးတွေပါ ။ပုံးနဲ့ထည့်ထားတာတွေအားလုံးက တံတားပေါ်တင်ပီးပီ။လှေဝမ်းထဲ လောင်းထည့်လာတဲ့ လက်ကျန်ပါကေးကိုတင်ဖို့ ကက်ဖုံးဖွင့်ပြီး ချက်ချင်း ဝမ်းထဲဆင်းသွားတော့ အောက်စီဂျင်ပြတ်ပြီး မူးမေ့သွားတာပါ။ ဘိတ်ဆေးရုံကြီးကိုတင်ပီးကုသမှုခံယူလို့ အခု သက်သာသွားပါပြီ။သူတို့ရဲ့မိသားစုတွေနဲ့လည်း တွေ့ပြီးစကားပြောဆိုနေပါတယ်"လို့ ဝါလပ်လှေတာဝန်ခံကပြောပါတယ်။

ကုမ္ပဏီကားဖြင့်တင်ဆောင်လာတဲ့လှေသား ၂ ဦးအား ကုမ္ပဏီဆေးခန်းတွင် ရှေးဦးပြုစုပြီး မြိတ်ဆေးရုံကြီးသို့တင်ပို့ကုသမှုခံယူရာ တင်ပို့ပြီး ၁ နာရီခန့်အကြာတွင် ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik-222869948053294/

တောင်ကုတ်လမူးမော်ကျေးရွာမှ ဖမ်းဆီးခံရသူလူငယ် ၉ဦးကို တောင်ကုတ်ရဲစခန်းသို့ ယူဆောင်သွား


နိရဉ္စရာ၊ နိုဝင်ဘာ ၁၉

တောင်ကုတ်မြို့နယ် လမူးမော်ကျေးရွာမှ ဖမ်းဆီးခံထားရသူ လူငယ် ၉ ဦးကို တောင်ကုတ်ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်ဟု လမူးမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဋ္ဌေးက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ သူတို့ထဲက ၇ ဦးကိုတော့ မနေ့ မနက်၊ နိုဝင်ဘာ ၁၈ ရက်နေ့ မနက်အာရုံတက်မှာ ဖမ်းဆီးပါတယ်။ ကျန်တဲ့ ကလေးနှစ်ယောက်ကိုတော့ မိုးလင်းပြီးနောက်ဖမ်းဆီးပါတယ်။ မနေ့က ညနေ ၃ နာရီ ခွဲလောက်မှာ ၉ ယောက်စလုံးကို တောင်ကုတ်မြို့နယ်ရဲစခန်းသို့ ခေါ်ယူသွားခဲ့ပါတယ်” ဟု သူက ပြောကြားသည်။

ဖမ်းဆီးခံရသူ ၉ ဦးထဲတွင် လမူးမော်ကျေးရွာ အမှတ် (၁) ရပ်ကွက်မှ တစ်ဦး၊ အမှတ် (၂) ရပ်ကွက်မှ ၈ ဦး ပါဝင်ကြောင်းသူက ပြောကြားသည်။

ပြသနာမှာ နိုဝင်ဘာ ၁၇ ရက်နေ့က လမူးမော်ကျေးရွာ အမှတ် (၅) ရပ်ကွက် ကြက်ကိုင်းမှ ကထိန်လှည့်နေစဉ် ကျော့ကိုင်းကထိန်ပွဲမှ ဆိုင်ကယ်ဖြင့် ပြန်လာသူ လမူးမော် အမှတ် (၂) ရပ်ကွက်မှ လူငယ် နှစ်ဦးနှင့် ခိုက်ရန် ဖြစ်ပွားရာမှ လူငယ်နှစ်ဦးကို ၀ိုင်းရိုက်ကြကြောင်း၊ လူငယ် နှစ်ဦးတွင် ဒဏ်ရာရသွားသဖြင့် ရဲစခန်းသို့ သွားရောက်အမှုဖွင့်ကြောင်း၊ လမူးမော်ရဲစခန်းမှလည်း အမှုကို ဖွင့်ပေးသော်လည်း ရုံးပိတ်ဖြစ်သည်က တစ်ကြောင်း၊ ကထိန်ပွဲအချိန်ကာ ဖြစ်သည်ကြတစ်ကြောင်း တို့ကြောင့် ဖမ်းဆီးရန် မဖြစ်နိုင်ကြောင်း ရဲတာဝန်ရှိသူက ပြောကြားရာမှ တိုင်ကြားသူများနှင့် ရဲတာဝန်ရှိသူများ အကြား မကျေမလည် ဖြစ်ကြကြောင်း၊ ညနေ ၈ နာရီခန့်တွင် လူများစုလာပြီး လူငယ်နှစ်ဦးအားရိုက်နှက်သူများကို အမှုဖွင့် ဖမ်းဆီးအရေးယူရန် တောင်းဆိုကြပြီး နောက်ပိုင်းတွင် တင်းမာလာကာ ရဲစခန်းကို ဂဲများဖြင့် ပစ်ပေါက်ကြသဖြင့် ရဲတပ်ဖွဲ့မှ သေနတ် သုံးချက် ခြောက်လှန့် မိုးပေါ်ထောင်ပစ်ခဲ့ရကြောင်း၊ ၎င်းနောက်ပိုင်းတွင် လူစုကွဲသွားခဲ့သည်ဟု သိရသည်။

နိုဝင်ဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ် လူငယ် ၉ ဦးကို ဖမ်းဆီးထားသဖြင့် ရွာသားများက လွတ်ပေးရန် တောင်းဆိုခဲ့သဖြင့် တင်းမာမှု ပြန်လည် ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းနောက် မြို့နယ် အုပ်ချုပ်ရေးမှူးတို့ ရောက်ရှိလာပြီး ရပ်မိရပ်ဖများ၊ ကျေးရွာ အတွင်းမှ တာဝန်ရှိသူများဖြင့် ဖြေရှင်းခဲ့ရကြောင်း၊ သို့သော် ရွာသားများတောင်းဆိုသည့် လူငယ် ၉ ဦးအား ပြန်မလွတ်ဘဲ တောင်ကုတ်သို့ ခေါ်ဆောင်သွားခဲ့သည်ဟု ဦးမြင့်ဋ္ဌေးက ပြောကြားသည်။

“ အခု အဖမ်းခံရတဲ့ လူငယ်တွေက အမှတ် (၁) နဲ့ အမှတ်(၂) ရပ်ကွက်က ဖြစ်ကြပါတယ်။ လူငယ် နှစ်ဦးကို ရိုက်တဲ့ ကြက်ကိုင်းရွာဘက်က လူတွေကိုတော့ ဒီအချိန်ထိ ဖမ်းဆီးခြင်း မရှိသေးဘူး။ လူငယ် ၉ ဦးကိုလည်း ဘယ်လို ပုဒ်မတွေနဲ့ တရားစွဲဆိုတယ်ဆိုတာလည်း မသိရှိရသေးဘူး” ဟု အုပ်ချုပ်ရေးမှူး ဦးမြင့်ဋ္ဌေးက ဆက်လက် ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနမှ ယနေ့ ည ၅ နာရီ ၁၅ မိနစ်က တောင်ကုတ်ရဲစခန်းသို့ ဆက်သွယ်ရာ တာဝန်ကျရဲအရာရှိက ၎င်းလူငယ် ၉ ဦးအား ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု ပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်တရားစွဲဆိုထားကြောင်း ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara-151742128171206/

မွတ်စလင် ၁၀၆ ဦးကို လူမှောင်ခို တင်ပို့လိုက်သူတွေလို့ ယူဆရသူ နှစ်ဦးကို ဖမ်းဆီးစစ်ဆေး

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သက်ကယ်ပြင်ကျေးရွာ နာဇီဒုက္ခသည်စခန်းကနေ မလေးရှားနိုင်ငံကို ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့ မွတ်စလင်ဒုက္ခသည်ကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီးမှာ ဖမ်းဆီးရမိစဉ်
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်ထဲကို လှေတစ်စီးနဲ့ရောက်လာတဲ့ မွတ်စလင် ၁၀၆ ဦးကို လူမှောင်ခိုတင်ပို့တဲ့ ပွဲစားလုပ်သူတွေလို့ ယူဆရသူ နှစ်ဦးကို ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ပေါက်တောမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ပြည်နယ် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး ကတော့ သူတို့နှစ်ဦးဟာ အဲဒီမွတ်စလင် ၁၀၆ ဦးကို မလေးရှားကို ပို့ဆောင်ဖို့ စီစဉ်ရာမှာ ပါဝင်ခဲ့တယ်လို့ ၀န်ခံထားကြောင်း RFA ကို ပြောကြားခဲ့ပေမယ့် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်းကတော့ ၀န်ခံခြင်း ရှိမရှိ အတည်ပြုခြင်း၊ ငြင်းဆိုခြင်း မရှိပါဘူး။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ဆေးနေဆဲဖြစ်ပြီး လူကုန်ကူးမှုဥပဒေနဲ့ ငြိစွန်းရင် အရေးယူသွားမယ်လို့ ပြောပါတယ်။

မနေ့က ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ထဲက အနောက်ရဲ ဒုက္ခသည်စခန်းထဲမှာ ရဲတပ်ဖွဲ့ဝင်တွေက အဲဒီမွတ်စလင်နှစ်ဦးကို သွားရောက်ဖမ်းဆီးစဉ် စခန်းထဲက ရာနဲ့ချီတဲ့ မွတ်စလင်တွေက ပြန်လည်ခုခံကြတဲ့အတွက် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရာမှာ မွတ်စလင် ၄ ဦး သေနတ်ကျည် ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က ဥပဒေအရ သွားရောက်ဖမ်းဆီးချိန်မှာ အကူအညီမပေးဘဲ နှောင့်ယှက်သူတွေကို စိစစ်ပြီး အရေးယူတာတွေ လုပ်ဆောင်မယ်လို့လည်း ရဲမှူးကြီး ကြည်လင်းက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်အနေနဲ့ အနောက်ရဲ ဒုက္ခသည်စခန်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုသတင်းတွေနဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်မိကြောင်းနဲ့ ကုလသမဂ္ဂအနေနဲ့ ဒီအခြေအနေအပေါ်မှာ ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားနိုင်ငံကိုသွားဖို့ ကြိုးစားတဲ့ မွတ်စလင် ဒုက္ခသည် ၁၀၆ ဦးကို လူမှောင်ခိုတင်ပို့လိုက်သူတွေလို့ ယူဆရတဲ့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အနောက်ရဲ ဒုက္ခသည်စခန်းက မွတ်စလင် နှစ်ဦးကို စစ်ဆေးနေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်းက အခုလိုပြောပါတယ်။

"သူတို့ဥပဒေနဲ့ အရေးယူမှာပေါ့ အဲဒီဖမ်းဆီးထားတဲ့ ပွဲစား နှစ်ယောက်ပေါ့။ လောလောဆယ်တော့ စစ်နေတုန်းပါ။ လောလောဆယ် အပြင်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ဘယ်ကဏ္ဍကနေ ဘယ်လို ပါဝင်ပတ်သက်လဲဆိုတာ သူ့ကိုစစ်ဆေးပြီးမှ ဘာနဲ့ ငြိစွန်းလဲ၊ အဲဒီအပေါ်မှာ ပုဒ်မတပ်ပြီးတော့ အရေးယူမှာပါ။ ကျနော်တို့ကတော့ တရားဥပဒေနဲ့အညီ တရားခံကိုသွားပြီးတော့ ထိန်းသိမ်းခေါ်ဆောင်တာမှာ လာရောက်နှောင့်ယှက်တယ်။ အနှောင့်အယှက်ပြုတယ် ကူညီပေးတာမလုပ်ဘူးဆိုရင် ဒါကတော့ စီစစ်ပြီးမှအရေးယူမှာပါ"

မနေ့က သူတို့နှစ်ဦးကို သွားရောက်ဖမ်းဆီးစဉ် နှောင့်ယှက်တားဆီးခဲ့ကြသူတွေကို သေနတ်ပစ်ဖောက် လူစုခွဲရာမှာ သေနတ်ထိမှန်ပြီး ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

ဒီလူတွေရဲ့ အခြေအနေဟာ ဒီနေ့မှာ ကောင်းမွန်နေပြီလို့ ဆင်တက်မော် ရဲကင်း စခန်းမှူး ရဲအုပ် ကျော်စိန် က ပြောပါတယ်။

"လက်ရှိအချိန်ထိ အေးဆေးပါ။ အခုလောလောဆယ် အေးဆေးပါ အားလုံးအေးဆေးပါ။ စစ်တွေဆေးရုံတော့ တစ်ယောက်ယူသွားပါပြီ။ သူတို့လည်း အခြေအနေကောင်းတယ်လို့ ပြောပါတယ်။ ကျနော်တို့က ပေါက်တောမြို့နယ်ထဲကဆိုတော့ တရားခံက ပေါက်တောမြို့နယ် ရဲစခန်းမှာ ထားပါတယ်"

နိုဝင်ဘာလ ၁၆ရက်နေ့က ကျောက်တန်းမြို့နယ်ထဲ ရောက်ရှိလာတဲ့ လှေတစ်စီးပေါ်မှာ ရိုဟင်ဂျာ မွတ်စလင် ၁၀၆ ဦး လိုက်ပါလာကြပြီး သူတို့ဟာ စစ်တွေမြို့က သက္ကယ်ပြင်၊ ဆေးသမားကြီး၊ ဒါးပိုင်၊ ဘာဆာရာ၊ သံထော်လီ၊ ဆင်တက်မော်၊ ဘောထူပနဲ့ သဲချောင်းကြီးစတဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ ဒုက္ခသည်တွေဖြစ်တယ်လို့ သိရပါတယ်။

သူတို့တွေထဲမှာ ယောက်ျားအယောက် ၅၀၊ မိန်းမအယောက် ၃၁ ယောက်နဲ့ ကလေး ၂၅ ယောက် ပါဝင်ကြပြီး ပွဲစားတွေကို တစ်ဦးကျပ် ၅ သိန်းနှုန်းနဲ့ ပေးပြီး လိုက်ပါခဲ့ကြရတယ်လို့ သိရပါတယ်။

သူတို့တွေကို ပေါက်တောမြို့နယ် အနောက်ရဲ ဒုက္ခသည်စခန်းထဲက မွတ်စလင် နှစ်ဦးကနေ လူမှောင်ခို ပွဲစားလုပ်ခဲ့တယ်ဆိုပြီး ပြောဆိုမှုတွေ ရှိတာကြောင့် အဲဒီဒုက္ခသည်စခန်းထဲမှာ ရဲတပ်ဖွဲ့ဝင်တွေက မနေ့က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မွတ်စလင် နှစ်ဦးကို ဖမ်းဆီးစဉ် စခန်းထဲမှာ နေထိုင်ကြတဲ့ မွတ်စလင်တွေက ရဲတပ်ဖွဲ့ဝင်တွေကို ကိုယ်ထိလက်ရောက် နှောင့်ယှက် ရန်မူခဲ့တဲ့အတွက် သေနတ်နဲ့ ပစ်ဖောက်လူစုခွဲခဲ့ရတာလို့ ရဲတပ်ဖွဲ့ဘက်က ပြောပါတယ်။

အနောက်ရဲ ဒုက္ခသည်စခန်း တာဝန်ခံ ဦးနိုရာလောင်ကတော့ မနေ့က ရဲတပ်ဖွဲ့နဲ့ ဒုက္ခသည်တွေအကြား ဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

"ရဲတွေကနေပြီးတော့ ကျနော်တို့ အပြင်မှာသွားတွေ့လိုက်တယ်။ သူတို့ကိုခေါ်လာတယ်။ အဲဒီအချိန်မှာ ကလေးတွေ မိန်းမတွေ ဆူကြတယ်ဗျ၊ များပြီးသွားတဲ့အခါနေပြီးတော့ သူတို့က တာပေါ် ကနေ သေနတ်ဖောက်တယ် လူ ၄ ယောက်မှာကျသွားတယ်။ အဲဒီနှစ်ယောက်ကိုဖမ်းသွားတယ်။ ပေါက် တောမြို့နယ် ရဲစခန်းမှာ ခေါ်သွားတယ်ခင်ဗျ"

အဲဒီ ဒုက္ခသည်စခန်းဟာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်ပွားအပြီး နေရပ်စွန့်ခွာထွက်ပြေးသူတွေကို ထိန်းသိမ်းထားတဲ့စခန်းဖြစ်ကာ စခန်း တာဝန်ခံ ပြောပြချက်အရ မွတ်စလင် လူဦးရေပေါင်း ၅ ထောင်နီးပါးအထိ ရှိတယ်လို့ သိရပေမယ့် ဒေသခံတွေကတော့ တစ်သောင်းနီးပါးအထိ ရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

အဲဒီ ဒုက္ခသည်စခန်းက မွတ်စလင်တွေကို ရဲတပ်ဖွဲ့က မထိန်းချုပ်နိုင်တဲ့အတွက် ဒေသလုံခြုံရေး စိုးရိမ်ရတယ်လို့ ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြောပါတယ်။

"လုံခြုံရေးပိုင်းကတော့ နဲနဲစိုးရိမ်ရတဲ့ အနေအထားမှာ ရှိမှာပေါ့။ ဒုက္ခသည်စခန်းကကောင်တွေက ရိုင်းတယ်ဗျ။ ရဲတောင် လုပ်တယ်ဆိုတော့ ဖရုံကာကျွန်းကရွာတွေက မြစ်ပြင်ဖြတ်ပြီးတော့ စစ်တွေဘက်ကူးလူး ဆက်သွယ်နေတဲ့ ဒေသခံတွေရဲ့ စက်လှေတွေအတွက် စိုးရိမ်ရပါတယ်။ အဲ့ကောင်တော့ကထွက်ပြီးတော့ ရန်မူမယ်။ ဥပဒေကျူးလွန်သူတွေကို ရဲတွေကသွားဖမ်းရင် ဒီဒုက္ခသည်စခန်းကကောင်တွေက အဲလိုမဟုတ်ဘူးဗျ။ ကျနော်တို့ဒေသက ကျွဲတွေ၊ နွားတွေ ပျောက်တယ်။ အဲ ကျွဲတွေ နွားတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မှောင်ခိုကူးနေတာ။ အဲ့နေရာကထွက်နေတာပဲ။ ဘယ်လိုမှ ထိန်းချုပ်လို့မရဘူးဖြစ်နေတယ်"

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်က မနေ့က အနောက်ရဲ ဒုက္ခသည်စခန်းမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုသတင်းတွေနဲ့ ပတ်သက်လို့ အလေးအနက် စိုးရိမ်မိကြောင်း၊ ဒီစခန်းဟာ ၂၀၁၂ ခုနှစ်က အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးသွားသူတွေကို ထိန်းသိမ်းထားတဲ့စခန်း ဖြစ်ကြောင်း၊ အခြေအနေကို အကြမ်းဖက်မှုမပါဘဲ တည်ငြိမ်စွာနဲ့ ထိန်းထိန်းသိမ်းသိမ်း ဖြေရှင်းဆောင်ရွက်ဖို့ တိုက်တွန်းကြောင်း၊ ကုလသမဂ္ဂအနေနဲ့ ဒီအခြေအနေအပေါ်မှာ ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကျောက်တန်းမြို့မှာ ထိန်းသိမ်းထားတဲ့ အဲဒီမွတ်စလင်ဒုက္ခသည် ၁၀၆ ဦးကိုတော့ ရေတပ်က သင်္ဘောနဲ့ သာကေတကနေတစ်ဆင့် စစ်တွေမြို့ကို မနေ့က ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ပြီး လမ်းခရီးက ၃ ရက်ခန့် ကြာမြင့်မယ်လို့ သိရပါတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။

RFA Burmese
https://www.rfa.org

ယူရိုသန်း ၇၀ ချေးငွေယူမယ့်ကိစ္စ NLD အမတ် ၆ ဦး ကန့်ကွက်

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းတစ်လျှောက်ဖွံ့ဖြိုးရေးနဲ့ မြို့ပြယဉ်ကျေးမှု ထိန်းသိမ်းရေးအတွက် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရို သန်း ၇၀ ချေးငွေ ရယူဖို့ သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ထားတာကို ဒီကနေ့ ကိုယ်စားလှယ်အများစုက ကန့်ကွက်ဆွေးနွေးကြပါတယ်။

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ပါဝင်ဆွေးနွေးခဲ့ပြီး ၆ဦးက ချေးငွေရယူဖို့မသင့်ကြောင်း ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

အဲဒီစီမံကိန်းတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ ဘဏ္ဍာငွေနဲ့သာ လုပ်ဆောင်သင့်ကြောင်းနဲ့ ချေးငွေကို မဖြစ်မနေ လိုအပ်တဲ့ကိစ္စတွေမှသာ ရယူသင့်ကြောင်း ကန့်ကွက်ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေက ထောက်ပြခဲ့ကြပါတယ်။

အဲဒီချေးငွေနဲ့ ငမိုးရိပ်ချောင်း(ပုဇွန်တောင်ချောင်း)ဖွံ့ဖြိုးတိုးတက်ရေး၊ ငမိုးရိပ်ချောင်းနဲ့ ရန်ကုန်မြစ် မျက်နှာစာ မြို့ပြဖွံ့ဖြိုးရေး၊ ရေကြောင်းထိန်းသိမ်းမှုတွေ၊ ကြည့်မြင်တိုင်ဈေးနဲ့ ပုဇွန်တောင်ဈေး အဆင့်မြှင့်တင်ရေးအပြင် ပန်းခြံတွေအဆင့်မြှင့်တင့်ရေးတို့ လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

RFA Burmese
https://www.rfa.org

ရန်ကုန်သွားကားပေါ်တွင် ဘင်္ဂါလီနှစ်ဦးတွေ့ရှိသဖြင့် ကားဒရိုင်ဘာ၊ စပယ်ယာပါ ဖမ်းဆီးခံရ

Photo by Kyaw Hlamyint

နိရဉ္စရာ၊ နိုဝင်ဘာ ၁၉

ရန်ကုန်-စစ်တွေသို့ ပြေးဆွဲနေသော အောင်ပြည့်စုံ ခရီးသည်တင်ကားတစ်စီးပေါ်မှ စစ်တွေမှ ရန်ကုန်သို့ လိုက်ပါလာသည့် ဘင်္ဂါလီနှစ်ဦးကို ကျောက်တော်မြို့ ကစ္ဆပနဒီတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၉ နာရီခန့်က ဖမ်းမိသဖြင့် ကားဒရိုင်ဘာ၊ စပယ်ယာကိုပါ အရေးယူထားသလို ကားကိုပါ သိမ်းဆည်းထားသည်ဟု သတင်းရရှိသည်။

Photo by Kyaw Hlamyint

“အောင်ပြည့်စုံကားနဲ့ ပါလာတာ။ ကားတူးပေါက်ထဲကနေ ဖမ်းမိတာ။ စပယ်ယာနဲ့ ဒရိုင်ဘာကို အမှုဖွင့်ထားပြီးတော့ ကားကိုလည်း သိမ်းဆည်းထားပါတယ်”ဟု ကျောက်တော်မြို့မရဲစခန်းမှ စခန်းမှူးက အတည်ပြုပြောကြားသည်။

အဆိုပါ ဘင်္ဂါလီနှစ်ဦးကို တစ်ဦးလျှင် ၂၅ သိန်းကျပ် အခကြေးငွေယူပြီး တင်ဆောင်လာခြင်းဖြစ်သည်ဟု သိရသည်။

ယင်းဖမ်းဆီးရမိသူ ၂ ဦးမှာ ဟာရူလာမီ(ခ)ဇင်မောင် ၁၇ နှစ်(ဘ)အဒူရှုကူ ၊ ကုလားကြီးကျေးရွာ နှင့် နုရာလောင်(ခ)မောင်မောင်လှ(ဘ)မာမောက်တာလီ၊ ကဝါဒီကျေးရွာ၊ စစ်တွေမြို့နယ်တို့ဖြစ်ကြသည်။

သူတို့နှစ်ဦးကို လဝကဦးစီးမှ လဝကအက်ဥပဒေ ၆(၂)၆/(၃) အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဖမ်းဆီးခံသည့် ယာဉ်မောင်းမှာ ဦးဇော်မျိုးအောင် (၃၃)နှစ်(ဘ)ဦးသန်းအောင်၊ ဦးအောင်ဇေယျလမ်း ၊ နဝရတ်ဈေးအနီး ရွှေပြည်သာမြို့သစ်၊ ရန်ကုန်မြို့နှင့် ယာဉ်နောက်လိုက် ဦးဇော်မင်းဦး(၃၀)နှစ် (ဘ)ဦးသန့်ဇော်ဝင်း၊ ညဈေးရပ်ကွက် ၊ တောင်ကုတ်မြို့တို့ ဖြစ်ကြသည်။

၎င်းတို့နှစ်ဦးကိုလည်း ကျောက်တော်မြို့မရဲစခန်းတွင် (ပ) ၃၁၅/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

၎င်းဘင်္ဂါလီနှစ်ဦးကို စစ်တွေမြို့ အထွက် ဗန္ဓုလ လမ်းဆုံ မှ တင်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara-151742128171206/

မလေးသို့သွားရာမှ ရန်ကုန်သို့ရောက်လာသူ ဘင်္ဂလီ၁၀၆ ဦးကို ရေတပ်သင်္ဘောဖြင့် ရခိုင်သို့ပြန်ပို့

(ဓာတ်ပုံ- အင်တာနက်)

နိရဉ္စရာ၊ နိုဝင်ဘာ ၁၉

မလေးရှားသို့ သွားရာမှ လမ်းတွင် စက်ပျက်ပြီး ပင်လယ်ထဲမျောပါနေသော စက်လှေကြီး တစ်စီးပေါ်မှ ဖမ်းဆီးမိသူ ဘင်္ဂလီ လူမျိုး ၁၀၆ ဦးကို ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှ စစ်တွေမြို့သို့ ရေတပ် သင်္ဘောဖြင့် နိုဝင်ဘာ ၁၈ ရက် နေ့လယ် ၁၂ နာရီက ပြန်လည် ပို့ဆောင်လိုက်သည်ဟု သတင်းရရှိသည်။

၎င်းတို့ ၁၀၆ ဦးကို နိုဝင်ဘာလ ၁၆ရက်နေ့က ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သံတဲကျေးရွာအနီး ပင်လယ်ကမ်းနားတွင် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း၊ စက်လှေကြီး တစင်းမျောနေကြောင်း ဒေသခံ ငါးဖမ်းလုပ်သားများ၏ သတင်းပေးပို့ချက်အရ ရေတပ်ကနေ သွားရောက် ခေါ်ယူ ထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့အထဲတွင် အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ် စုစုပေါင်း ၁၀၆ ဦး ပါဝင်ကြောင်း သိရသည်။

၎င်းတို့အား ကျောက်တန်းမြို့နယ် ရွှေမော်ဝှန်းခမ်းမဆောင်တွင် ထိန်းသိမ်းထားခဲ့ပြီး ယမန်နေ့ နံနက်က YBS ယာဉ် သုံးစီးဖြင့် သာကေတမြို့နယ် ရှုခင်းသာကမ်းခြေသို့ ယူဆောင်ခဲ့ပြီး ထိုမှ တစ်ဆင့် တပ်မတော်ရေယာဉ်ပေါ်သို့ ပို့ဆောင်ကာ ၎င်းရေတပ်သင်္ဘောဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ရန် ယူဆောင်သွားခဲ့သည်ဟု မျက်မြင်များက ပြောကြားသည်။

၎င်းတို့သည် စစ်တွေ မူဆလင်ဒုက္ခသည်စခန်းမှ အောက်တိုဘာ ၂၃ ရက်နေ့က စက်လှေဖြင့် ထွက်ခွာလာခဲ့ပြီး ၂၅ ရက်အကြာ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ထိန်းသိမ်းခံခဲ့ကြရခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ တစ်ဦးလျှင် ကျပ် ၅သိန်းနှုန်းဖြင့် မလေးရှားသို့ သွားရောက်ရန် ပွဲစားသို့ ပေးရကြောင်း၊ ကနဦး ကျပ် ၂ သိန်းပေးဆောင်ရပြီး ကျန် ၃ သိန်းကို မလေးရှားကို ရောက်မှ ထပ်မံ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

Narinjara
https://www.facebook.com/Narinjara-151742128171206/

မြန်မာပြည်က ခိုးသွင်းလာတဲ့ ရွှေချောင်းတွေ အိန္ဒိယမှာ ဖမ်းမိ


အိန္ဒိယ ရူပီးငွေ သန်း(၃၀)တန်ဖိုးရှိတဲ့ မြန်မာနိုင်ငံက ရွှေချောင်းတွေကို အိန္ဒိယနိုင်ငံထဲ တရားမဝင် သယ်ဆောင်မှုအတွက် အနောက်ဘန်ဂေါ ပြည်နယ်သား တဦးကို ဖမ်းဆီးခဲ့တယ်လို့ DRI အိန္ဒိယ အခွန်ဘဏ္ဍာဆိုင်ရာ ထောက်လှမ်းရေးဌာနက တနင်္ဂနွေ မနေ့တုန်းက ပြောပါတယ်။

အလေးချိန် ၉.၂ ကီလိုဂရမ်ရှိတဲ့ ရွှေချောင်း ၅၆ ခုသယ်လာတဲ့ Purba Para ဆိုသူကို New Jalpaiguri နယူး-ဂျာပိုင်းအိဂူရီ ရထားဘူတာမှာ ဖမ်းမိခဲ့တာပါ။ မြန်မာနိုင်ငံနယ်စပ် မဏိပူရပြည်နယ် ကနေ အနောက်ဘန်ဂေါပြည်နယ် Kolkata မြို့ကို သယ်ဆောင်လာစဉ် အခုလို အဖမ်းခံရတာ ဖြစ်ပါတယ်။

မှောင်ခိုသယ်လာသူက ရွှေချောင်းကို အထူးချုပ်လုပ်ထားတဲ့ ခါးပတ်ထဲဝှက်ပြီး ခါးမှာပတ်လာသလို၊ သူစီးလာတဲ့ အားကစားဖိနပ်ထဲမှာလည်း ၀ှက်ပြီး သယ်လာတာ ဖြစ်ပါတယ်။ အခုလို ဖမ်းမိတဲ့ ရွှေချောင်းတွေအပါဝင် DRI ဌာနက ဒီဘဏ္ဍာနှစ်အတွင်းဖမ်းမိတဲ့ ရွှေချောင်းနဲ့ လက်ဝတ် ပစ္စည်း စုစုပေါင်းအလေးချိန် (၃၄၅)ကီလိုဂရမ်ရှိပြီး၊ ကာလတန်ဖိုး ရူးပီငွေ သန်း(၁)ထောင်ကျော် ရှိတယ်လို့ဆိုပါတယ်။ အဲဒီလိုဖမ်းမိတဲ့ ရွှေတွေဟာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဘရူနိုင်းနဲ့ တရုတ်နိုင်ငံက လာတဲ့ရွှေတွေ ဖြစ်ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ