အတိုင်ပင်ခံ၊ တပ်ချုပ်နဲ့ NCA ထိပ်သီးခေါင်းဆောင်များ ပုပ္ပားမှာ တွေ့ဆုံမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အပစ်ရပ်အဖွဲ့ခေါင်းဆောင်တွေ ၂၀၁၈ ဇူလိုင်လ ၁၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံကြစဉ်/ Photo: Myanmar State Counsellor Office
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျောက်ပန်းတောင်းမြို့နယ်က ပုပ္ပါးဒေသမှာ  ကျင်းပသွားမယ်လို့ သိရပါတယ်။

အလွတ်သဘောတွေ့ဆုံမှာဖြစ်တဲ့အတွက် အပြောင်းအလဲဖြစ်အောင် ပုပ္ပါးမှာဆွေးနွေးဖို့ ဆုံးဖြတ်ဖြစ်ကြတာလို့ တွေ့ဆုံပွဲကို တက်ရောက်မယ့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO နာယက ဦးခွန်ဥက္ကာ က RFA ကို ဒီနေ့ ပြောပါတယ်။

“အဆိုပြုထားတာတော့ ပုပ္ပါးပါပဲ။ ပုပ္ပါးဒေသ။ အပြောင်းအလဲလေးဖြစ်အောင်၊ လွတ်လွတ်လပ်လပ်လည်း ဖြစ်အောင်၊ နေပြည်တော်ကတော့ မွန်းကြပ်တာပေါ့ဗျာ။ ဒီမှာ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်တာပေါ့။”

ပုပ္ပားဒေသလို့ အကြမ်းဖျဉ်းပြောပေမယ့် ကျင်းပမယ့်နေရာ အတိအကျကိုတော့  ဦးခွန်ဥက္ကာက ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။

ဒီဆွေးနွေးပွဲကို NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားအဖွဲတွေထဲက RCSS/SSA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်ဖို့ ရှိ မရှိဆိုတာ မသိနိုင်သေးဘဲ ကျန်အဖွဲ့အားလုံးက ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ဖို့ အခုလ ၂ ရက်နေ့ထဲက အစိုးရထံ အကြောင်းကြားထားပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ ခေါင်းဆောင်တွေ အရင်ကတွေ့ဆုံခဲ့ရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒါမှမဟုတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ သီးသန့်သာ တွေ့ဆုံခဲ့ကြပြီး အခုလို ထိပ်ပိုင်းခေါင်းဆောင်တွေ တစုတစည်းတည်း ထိပ်တိုက် တွေ့ဆုံဆွေးနွေးခဲ့ကြတာ မရှိခဲ့ပါဘူး။

ဒီတွေ့ဆုံပွဲမှာ လာမယ့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် ဆုံးဖြတ်ရတော့မယ့် ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး အပါအ၀င် တခုထဲသော တပ်မတော် ဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ အခြေခံမူတွေ ချမှတ်ဖို့ ဆွေးနွေးသွားမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောထားပါတယ်။

RFA Burmese
https://www.rfa.org/burmesel
အတိုင်ပင်ခံ၊ တပ်ချုပ်နဲ့ NCA ထိပ်သီးခေါင်းဆောင်များ ပုပ္ပားမှာ တွေ့ဆုံမည် အတိုင်ပင်ခံ၊ တပ်ချုပ်နဲ့ NCA ထိပ်သီးခေါင်းဆောင်များ ပုပ္ပားမှာ တွေ့ဆုံမည် Reviewed by THITHTOOLWIN on 13:21 Rating: 5
Powered by Blogger.