နှစ်နိုင်ငံနယ်စပ်မျဉ်းအနီးမှာ နေထိုင်သူတွေကို ICRC က ကူညီမည်

ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ တွေ့ရစဉ် / Photo: Min Thein Aung/RFA
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲအနီးက မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်မျဉ်းအနီးမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို မြန်မာနိုင်ငံဘက်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က အကူအညီတွေပေးဖို့ သဘောတူထားတယ်လို့ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ဒီနေ့ ပြောကြားလိုက်ပါတယ်။

နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူဟာ ရခိုင်ပြည်နယ်အစိုးရရုံးမှာ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဒီနေ့မနက်ပိုင်းက တွေ့ဆုံရာမှာ ဗိုလ်မှူးကြီး ဖုန်းတင့်က အဲဒီလို ပြောခဲ့တာပါ။

အဲဒီမွတ်စလင်တွေအတွက် အကူအညီတွေကို အရင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) အဖွဲ့က အကူအညီတွေပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ နယ်စပ်မျဉ်းအနီးက မွတ်စလင်တွေ နေထိုင်နေကြတဲ့နေရာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ သက်ရောက်တဲ့နေရာဖြစ်တာကြောင့် မြန်မာနိုင်ငံဘက်မှာ အခြေစိုက်တဲ့ ICRC အဖွဲ့က ကူညီနိုင်ရေး စီစဉ်ခဲ့တာလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ICRC အဖွဲ့က ပြီးခဲ့တဲ့လက အဲဒီမွတ်စလင်တွေနဲ့ သွားရောက်တွေ့ဆုံ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ သလို အကူအညီပေးရေးကိစ္စရပ်တွေကိုလည်း ရှေ့လမှာ ဆောင်ရွက်မှာဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဖုန်းတင့်က ပြောပါတယ်။

မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေကြောင့် လူ ခုနစ်သိန်းလောက်ဟာ တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတာဖြစ်ပြီး ထောင်နဲ့ချီတဲ့လူတွေဟာ နှစ်နိုင်ငံနယ်စပ်မျဉ်းအနီးမှာ ယာယီတဲတန်းလျားတွေနဲ့ နေထိုင်နေကြရတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
နှစ်နိုင်ငံနယ်စပ်မျဉ်းအနီးမှာ နေထိုင်သူတွေကို ICRC က ကူညီမည် နှစ်နိုင်ငံနယ်စပ်မျဉ်းအနီးမှာ နေထိုင်သူတွေကို ICRC က ကူညီမည် Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.