Great Wall အလုပ်သမား ပြဿနာ သုံးပွင့်ဆိုင် ညှိနှိုင်းမည်

အလုပ်ထုတ်ခံရတဲ့ ဂရိတ်ဝေါဖိနပ်စက်ရုံက အလုပ်သမားတွေကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန(မြို့နယ်ရုံး)ရှေ့မှာ ၂၀၁၈ အောက်တိုဘာလ ၁၆ ရက်နေ့ကတွေ့ရစဉ် / Photo: Maydayboy
ရန်ကုန်တိုင်း လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် Great Wall ဖိနပ်စက်ရုံက အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၇၆ ယောက်ဟာ မရမ်းကုန်းမြို့နယ်က တိုင်းအလုပ်သမားရုံးရှေ့မှာ ဒီနေ့ သပိတ်စခန်းဖွင့်ဆန္ဒပြနေချိန် တိုင်းအလုပ် သမားဝန်ကြီးက ၃ ပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးမယ်လို့ ကတိပေးလိုက်တာကြောင့် သပိတ်စခန်းကို ပြန်လည်ရုပ်သိမ်း ခဲ့ပါတယ်။

Great Wall စက်ရုံက အလုပ်သမား ၇၆ ယောက်ကို နစ်နာကြေးမပေးဘဲ ပြီးခဲ့တဲ့ စက်တင်ဘာလက အလုပ်ထုတ် လိုက်တာကြောင့် အလုပ်ထုတ်ခံရသူတွေက စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ရာ ထူးခြားမှုမရှိလို့ဆိုပြီး တိုင်းအလုပ်သမားရုံးရှေ့မှာ ပြောင်းရွှေ့ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် အောက်တိုဘာလ ၁၉ ရက်နေ့ ဒါမှမဟုတ် ၂၂ ရက်နေ့မှာ အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရတို့ ၃ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမယ်လို့ ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီး ဦးဇော်အေးမောင်က အလုပ်သမားတွေကို ကတိပေးလိုက်တာလို့ အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကိုကျော်မင်း က ပြောပါတယ်။

အလုပ်သမားတွေကို လုပ်နေကျ လုပ်ငန်းတစ်ခုကနေ အခြားလုပ်ငန်းတစ်ခုကို ပြောင်းရွှေ့ခိုင်းစေရာမှာ အလုပ်သမားတွေက မလုပ်တာကြောင့် စက်ရုံကနေ အလုပ်ထုတ်လိုက်တာဖြစ်တယ်လို့ ကိုကျော်မင်းက ဆက်ပြောပါတယ်။

အလုပ်ထုတ်ခံရသူတွေဟာ တစ်လကို လစာတစ်သိန်းခွဲကနေ ၂ သိန်း အထိရရှိသူတွေဖြစ်ပြီး အများစုဟာ ဧရာဝတီတိုင်းအပါဝင် တခြားတိုင်းနဲ့ ပြည်နယ်တွေကနေ ရန်ကုန်မြို့ကို ပြောင်းရွှေ့လာရောက်လုပ်ကိုင်နေသူတွေ လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/great-wall-workers-10162018070223.html
Great Wall အလုပ်သမား ပြဿနာ သုံးပွင့်ဆိုင် ညှိနှိုင်းမည် Great Wall အလုပ်သမား ပြဿနာ သုံးပွင့်ဆိုင် ညှိနှိုင်းမည် Reviewed by THITHTOOLWIN on 21:49 Rating: 5
Powered by Blogger.