မိုးကောင်း၌ တုန်ဖုန်းယာဉ်အားကျော်တက်စဉ် ဆိုင်ကယ်တိမ်းမှောက်၍ နောက်ထိုင်စီးနင်းသူသေဆုံး


မိုးကောင်း အောက်တိုဘာ ၂၈

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၌ အောက်တိုဘာ၂၈ရက် မွန်းလွဲ၁နာရီခွဲက ရှေ့မှမောင်းနှင်နေသည့် တုန်ဖုန်းယာဉ်အား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ပဲ ဆိုင်ကယ်တိမ်းမှောက်ခဲ့၍ နောက်ထိုင်စီးနင်းလိုက်ပါသူ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်းပြည်သူ့ဆေးရုံကြီးတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးနေသည့် အမျိုးသားရုပ်အလောင်းတစ်လောင်း ရောက်ရှိနေကြောင်းသတင်းအရ မိုးကောင်းမြို့မရဲစခန်းမှ ဒုတိယရဲအုပ်စိုးညွန့်အောင် ဦးစီးတပ်ဖွဲ့ဝင်များက အမှတ် ၁၀၁ ယာဉ်ထိန်းတပ်ဖွဲ့စု၊မိုးကောင်းတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့ဝင်များနှင့် သွားရောက်ကြည့်ရှုစစ်ဆေးရာ သေဆုံးသူမှာ မိုးကောင်းမြို့၊နတ်ကြီးကုန်းရပ်ကွက်၊ရှမ်းပိုင်းနေ တိုးဝေအောင်(၁၇)နှစ်ဖြစ်ကြောင်း သိရှိရပြီး ဦးခေါင်းကွဲအက်ဒါဏ်ရာ၊နဖူး၊နားထင်၊ယာဘက်နားတို့တွင် ဒါဏ်ရာများရရှိသေဆုံးနေကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရာ ယနေ့ မွန်းလွဲ ၁ နာရီခွဲက မိုးကောင်းမြို့နယ်၊မီးသွေးကုန်းကျေးရွာအနီး မြစ်ကြီးနား-ရွှေဘို ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် 385 KM နှင့် 386 KM ကြားတွင် ရွာသစ်ရပ်ကွက်နေ အောင်သိန်းနိုင်(ခ)ဝက်ကြီး(၁၈)နှစ် မောင်းနှင်ပြီး တိုးဝေအောင်(၁၇)နှစ် နောက်ထိုင်စီးနင်းလိုက်ပါလာသည့် KENBO-125 မော်တော်ဆိုင်ကယ်သည် ရှေ့မှ လားရာတူမောင်းနှင်နေသည့် တုန်ဖုန်းယာဉ်အား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ပဲ လမ်းမကြီး၏ဝဲဘက်သို့ တိမ်းမှောက်ကာ နောက်မှစီးနင်းလိုက်ပါလာသူ တိုးဝေအောင်မှာ ဆိုင်ကယ်ပေါ်မှပြုတ်ကျကာ ဒါဏ်ရာရရှိသေဆုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လူသေဆုံးသည်အထိ ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်သိန်းနိုင်အား မိုးကောင်းမြို့မရဲစခန်းတွင်ယာဉ်(ပ)၂၇/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ-၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media/
မိုးကောင်း၌ တုန်ဖုန်းယာဉ်အားကျော်တက်စဉ် ဆိုင်ကယ်တိမ်းမှောက်၍ နောက်ထိုင်စီးနင်းသူသေဆုံး မိုးကောင်း၌ တုန်ဖုန်းယာဉ်အားကျော်တက်စဉ် ဆိုင်ကယ်တိမ်းမှောက်၍ နောက်ထိုင်စီးနင်းသူသေဆုံး Reviewed by THITHTOOLWIN on 07:50 Rating: 5
Powered by Blogger.