သရပါဟိုတယ် အလုပ်သမားသမဂ္ဂ သပိတ်အရှိန်မြှင့်မည်


ပုဂံမြို့ဟောင်းရှိ၊ သရပါဟိုတယ်မှ ဝန်ထမ်း တစ်ဆယ့်နှစ်ဦးကို ဟိုတယ်၏ လုပ်ငန်းတာဝန်မှ ရပ်နားခံလိုက်ရသည့် ကိစ္စနှင့် ပတ်သက်ပြီး အလုပ်ပြန်လည်ခန့်ထားပေးရန် သပိတ်စခန်းဖွင့် တောင်းဆိုနေကြသည့် အလုပ်သမားများက အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်ကာ သပိတ်အရှိန် တိုးမြှင့်သွားမည်ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၃ရက်နေ့က ဟိုတယ်တွင် ဧည့်သည် အဝင်နည်းပါးနေသည့် ကိစ္စနှင့်ပတ်သက်ပြီး ဝန်ထမ်းအင်အားလျှော့ချရန် စီစဉ်နေသည်ကို ဝန်ထမ်းများဘက်က လက်မခံနိုင်ကြောင်းနှင့် အခြားနည်းလမ်းများ စဉ်းစားပေးရန်သာ ကန့်ကွက် တောင်းဆိုခဲ့ကြရာ သြဂုတ်လ ၂၄ရက်နေ့တွင် အဆိုပါအစီအစဉ်ကို လက်သင့်မခံကြောင်း ပြောကြားခဲ့သည့် သမဂ္ဂအဖွဲ့ဝင် ဝန်ထမ်း၁၀ဦးအပါအဝင် ဟိုတယ်၏ ဝန်ထမ်း၁၂ဦးကို ဟိုတယ်ရှိ တာဝန်အသီးသီးမှ ရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အလုပ်သမား၁၂ဦးအား မူလနေရာ၊ရာထူး၊လစာဖြင့် ပြန်လည်ခန့်ထားပေးရန် အလုပ်သမားများက အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး ဟိုတယ် တာဝန်ရှိသူများက လိုက်လျောခြင်းမရှိသည့်အတွက် အောက်တိုဘာလ(၁၀)ရက်နေ့မှ စတင်ကာ မနက်အစောပိုင်းတွင် အလုပ်သမား အင်အား၁၀၀ ခန့်ဖြင့် သရပါဟိုတယ်ရှေ့တွင် သပိတ်မှောက်ခဲ့ကြကြောင်း သိရသည်။" အလုပ်ပြန်ခန့် ဖို့ တောင်းဆိုထားတဲ့ဟာကို ခုချိန်ထိ အလုပ်ရှင်ဘက်က အလုပ်ပြန်ခန့်ဖို့ မလိုက်လျောလို့မို့ အဲဒီအတွက်ကြောင့်။ ကျွန်တော်တို့ မြှင့်မှာ"ဟု အလုပ်ထုတ်ပယ်ခြင်းခံထားရသည့် သရပါဟိုတယ် အခြေခံအလုပ်သမားသမဂ္ဂဥက္ကဌ ကိုနေမျိုးဝင်းက ပြောသည်။သပိတ်အရှိန် တိုးမြှင့်ရန် ရန်ကုန်မြို့ရှိ အလုပ်သမား သမဂ္ဂ အချို့မှ သမဂ္ဂအဖွဲ့ဝင် ငါးဆယ်ခန့် လာရောက်ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။

သပိတ်အရှိန် တိုးမြှင့်ပြီးသည့် အချိန် ၃ရက်ခန့် ကြာသည့်တိုင် အလုပ်ပြန်လည် ခန့်ထားရေး သဘောတူညီမှု မရရှိပါက သပိတ်အင်အား ထပ်မံတိုးချဲု့ခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ဆောင်းဆိုမှုများ ပြုလုပ်မည်ဟု အလုပ်ထုတ်ပယ်ခံထားရသည့် အလုပ်သမားများထံမှ သိရသည်။လူအင်အားလျှော့ချရာ၌ ဝန်ထမ်းစည်းမျဉ်းအရ ပြစ်ချက်ရှိ ဝန်ထမ်းများထဲမှ လုပ်ငန်းလည်ပတ်ရန် မရှိမဖြစ်လိုအပ်သူများကို ချန်လှပ်ပြီး ပြစ်ချက်ရှိဝန်ထမ်း ၁၂ဦးကို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ပါ အလုပ်ရပ်ဆဲခြင်းပြဌာန်းချက်အတိုင်းဩဂုတ်လ၂၄ရက်နေ့တွင်နောက်ဆုံးလစာ၊သတိပေးလစာ၊လုပ်သက်နစ်နာကြေး၊ဝန်ဆောင်မှု အခကြေးငွေ စုစုပေါင်းကျပ်သိန်း ၁၃၀ကျော် ပေးကာ တရားဝင် အကြောင်းကြား၍ အလုပ်ရပ်စဲခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာအလုပ်သမားရုံးများသို့လည်း တင်ပြခဲ့သည်ဟု သရပါဟိုတယ် တာဝန်ရှိသူများက အောက်တိုဘာလ ၁၆ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ အခြေအနေကျဆင်းလာမှုကြောင့် ၊ဟိုတယ်၏ ဝင်ငွေကျဆင်းလာမှုကို ထိန်းချုပ်ရန် ကဏ္ဍအသီးသီးမှ ချွေတာသည့် အစီအစဉ်များကို ၂၀၁၈ခုနှစ်၊ဧပြီလက စတင်ဆောင်ရွက်ခဲ့ပြီး ဝန်ထမ်းများထဲမှ ၁၀ရာခိုင်နှုန်းကို လျှော့ချခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းအင်အားလျှော့ချရန်အတွက် သက်ဆိုင်ရာဌာနတာဝန်ခံများ၊အလုပ်သမားရေးရာညှိနှိုင်းရေး ကော်မတီများ နှင့် ဩဂုတ်လအတွင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးအလုပ်သမားကိုယ်စားလှယ်များဘက်မှ အကြံပြုလာသော ဝန်ထမ်းအားလုံး သို့မဟုတ် လစာလျှော့ပေး၍ လစာမဲ့ခွင့်ယူခိုင်းခြင်းမှာ ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေများပါ ပြဌာန်းချက်ကို ကျူးလွန်ဖောက်ဖျက်ရာရောက်နေသဖြင့် အင်အားလျှော့ချရေးကိုသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဟိုတယ်တာဝန်ရှိသူများက ပြောကြားထားသည်။

ဟိုတယ်အနေဖြင့်အလုပ်သမားများအားပြန်လည်ခန့်ထားနိုင်မည်မဟုတ်သေးသော်လည်း အလုပ်သမားများနှင့် ပြေလည်အောင် ဆက်လက်ညှိနှိုင်းမှုများ ပြုလုပ်ရန် အသင့်ရှိကြောင်း သရပါဟိုတယ် တာဝန်ရှိသူများထံမှ ဆက်လက်သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper
သရပါဟိုတယ် အလုပ်သမားသမဂ္ဂ သပိတ်အရှိန်မြှင့်မည် သရပါဟိုတယ် အလုပ်သမားသမဂ္ဂ သပိတ်အရှိန်မြှင့်မည် Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.