လိင်အကြမ်းဖက်မှုဆန့်ကျင်လှုပ်ရှားသူ ၂ ဦး ငြိမ်းချမ်းရေးနိုဘယ်ဆုရ

Denis Mukwege, Nadia Murad
၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံက ဆရာဝန်တဦးနဲ့ လိင်အကြမ်းဖက်မှု ခံခဲ့ရသူ ရာဇိဒီ အမျိုးသမီးတဦးတို့ကို ပူးတွဲ ချီးမြှင့်ဖို့ ရွေးချယ်လိုက်ပါတယ်။

၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံက ဆရာဝန်တဦးနဲ့ လိင်အကြမ်းဖက်မှု ခံခဲ့ရသူ ရာဇိဒီ အမျိုးသမီးတဦးတို့ကို ပူးတွဲ ချီးမြှင့်ဖို့ ရွေးချယ်လိုက်ပါတယ်။ သူတို့ ၂ ဦးဟာ လိင်အကြမ်းဖက်မှု ကို စစ်လက်နက်တခုအဖြစ် အသုံးပြုတာကို တိုက်ဖျက်တဲ့နေရာမှာ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြတဲ့ အတွက် အခုလိုရွေးချယ် လိုက်တာဖြစ်တယ်လို့ နော်ဝေးနိုဘယ် ကော်မတီက ဆိုပါတယ်။ Jeff Custer ပေးပို့ တဲ့ သတင်းလွှာကိုအခြေခံပြီး အသေးစိတ်ကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

“၂၀၁၈ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို Denis Mukwege နဲ့ Nadia Murad တို့ကိုချီးမြှင့်ဖို့ နော်ဝေး နိုဘယ် ကော်မတီကဆုံးဖြတ်လိုက်ပါတယ်။ လိင်အကြမ်းဖက်မူကို လက်နက်ကိုင် ပဋိပက္ခတွေ အတွင်း စစ်သုံးလက်နက်အဖြစ် အသုံးချမူကို အဆုံးသတ်နိုင်အောင် သူတို့ရဲ့ အားထုတ်မှုအတွက် ဒီလိုရွေးချယ်တာ ဖြစ်ပါတယ်။ ဒီလိုစစ်ရာဇ၀တ်မှုမျိုးကို တိုက်ဖျက်ရေးအတွက် အလေးထားဆောင်ရွက်နေတဲ့နေရာမှာ အခု ဆုရွေးချယ်ခံရသူနှစ်ဦးစလုံးဟာ အရေးကြီးတဲ့နေရာက ပါဝင်ခဲ့ကြပါတယ်။”
နိုဘယ်ဆုကော်မတီဥက္ကဋ္ဌ Berit Reiss-Andersen သောကြာနေ့က stockhom မြို့မှာကြေညာသွားတာ ဖြစ်ပါတယ်။ သူကိုယ်တိုင်စစ်ရာဇ၀တ်မှု ကျူးလွန်ခံရသူတဦးဖြစ်တဲ့ Nadia Murad ဟာ လိင်အကြမ်းဖက်မှု ခံရတာကို ဆက်ပြီးနှုတ်ဆတ်နေကြရတဲ့ အမျိုးသမီးတချို့ရဲ့ လူမှုရေး အစဉ်အလာကိုချိုးဖောက်ငြင်းဆန်ပြီး သူနှင့်တကွ အခြားသူလိုပဲ လိင်အကြမ်းဖက်မူခံရသူရဲ့ကိုယ်စား ဖော်ထုတ်ပြောဆိုခဲ့တာဟာ သူမတူတဲ့ ရဲစွမ်း သတ္တိကို ပြသလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ Nadia Murad ဟာ အီရတ် နိုင်ငံမြောက်ပိုင်းက Yazidi အမျိုးသမီးတဦးဖြစ်ပါတယ်။ ၂၀၁၄ သြဂုတ်လတုန်းက သူတို့နေထိုင်တဲ့ကျေးရွာကို IS အကြမ်းဖက်သမားတွေ တိုက်ခိုက် ပြီး Yazidi တွေကိုမျိုးတုန်းအောင် သတ်ဖြတ်ခဲ့ပါတယ်။ ရာပေါင်းများစွာ ရက်ရက်စက်စက် သတ်ဖြတ်ခံရပြီး ငယ်ရွယ်တဲ့အမျိုးသမီးတွေနဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကိုတော့ လိင်ကျွန်တွေ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ Murad ဟာ IS အကြမ်းဖက်သမားများစွာတို့ရဲ့ အကြိမ်ကြိမ် မုဒိန်းပြုကျင့်တာ၊ တခြားမဖွယ်မရာလုပ်တာတွေကို ခံခဲ့ရပြီးတဲ့နောက် IS တို့အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့အတိုင်း အမုန်းတရားကို အခြေခံပြီး လူမဆန်ရက်စက်တဲ့ အစ္စလာမ်ဘာသာကို မ၀င်ရင် သတ်ပစ်မယ်လို့ ချိန်းခြောက် ခံခဲ့ရသူ ဖြစ်ပါတယ်။ သူ့လိုပဲ ဘ၀တူ Yazidi မိန်းကလေးစုစုပေါင်း ၃၀၀၀ ခန့် ရှိခဲ့ပါတယ်။ နောက် သုံးလအကြာ မှာတော့သူထွက်ပြေးလွတ် မြောက်သွားခဲ့ပြီးတဲ့နောက် သူရဲ့ဆိုးရွားတဲ့အတွေ့အကြုံတွေကို ဖော်ထုတ်ပြောကြားခဲ့တာပါ။
အဲဒီနောက် ၂၀၁၆ ခုနှစ် သူအသက်၂၃ နှစ် အရွယ်မှာ ကုလသမ္မဂ္ဂရဲ့ လူကုန်ကူးခံရသူတွေရဲ့ ဂုဏ်သိက္ခာ ဆိုင်ရာ ဂုဏ်ထူးဆောင်သံအမတ်ကြီး အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ အခု အသက်၂၅ နှစ်အရွယ်မှာတော့ သူဟာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တခြား ရက်စက်ကြမ်းကြုတ်မှုတွေမှာ ဒုက္ခခံခဲ့ရသူ အမျိုးသမီးတွေကို ကူညီဖို့ Nadia Initiative ကို တည်ထောင်ထားသူတဦးလည်းဖြစ်နေပါပြီ သူရဲ့စွမ်းဆောင်ချက်နဲ့ပတ်သက်ပြီး ကုလသမ္မဂ အတွင်းရေးမှူးချုပ် António Guterres ကအခုလို မှတ်ချက်ချပါတယ်။
“Murad ရဲ့ ခွန်အားရှိတဲ့ ဆော်သြမူဟာ ကမ္ဘာ့တ၀န်းမှာရိှတဲ့ တခြားအမျိုးသမီးတွေအများအပြားအပေါ် ကျူးလွန်ခဲ့တဲ့ ဆိုးရွားတဲ့ရာဇ၀တ်မူတွေကို ကုလသမ္မဂ စုံစမ်းစစ်ဆေးရာမှာ အထူးအရေးပါခဲ့ပါတယ်။”
သားဖွားမီးယပ်အထူးကုဆရာဝန်တဦးဖြစ်သူ Denis Mukwege ကတော့ ကွန်ဂိုဒီမိုကရတစ် သမ္မတနိုင်ငံမှာ လိင်အကြမ်းဖက်မှု ခံရတဲ့သူတွေကို ဘ၀တလျှောက်လုံး ကူညီပေးလာခဲ့သူဖြစ်ပါတယ်။ လူပေါင်း ၆ သန်း လောက် သေဆုံးခဲ့ရတဲ့ ကွန်ဂိုနိုင်ငံရဲ့ ရှည်လျားလှတဲ့ ပြည်တွင်းစစ်မှာ လိင်အကြမ်းဖက်မှုခံရသူ ဒုက္ခသည် ထောင်ပေါင်းများစွာတို့ကို အကူအညီ ပေးနေခဲ့ပါတယ်။ ဒါ့အပြင်စစ်ပွဲတွေ လက်နက်ကိုင်ပဍိပက္ခတွေ အတွင်း လိင်အကြမ်းဖက်မှု ကိုအဆုံးသတ်ဖို့ ကမ္ဘာသိအောင်ဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ သူရဲ့ အခြေခံ မူဝါဒကတော့ “Justic is everyone business” တရားမျှတ ရရှိမှုရရှိရေးဟာ လူသားတိုင်းရဲ့တာဝန်ဖြစ်တယ် ဆိုတာပါပဲ။ သူနဲ့ပတ်သက်ပြီးတော့ ကုလသမ္မဂ အတွင်းရေးမှူးချုပ် António Guterres က
“သူဟာလက်နက်ကိုင်ပဍိပက္ခအတွင်း ပိတ်မိပြီး မုဒိန်းကျင့်တာနိုင်ထက်စီးနင်းလုပ်တာနဲ့ ကြောက်မက်ဖွယ် မတော်မတရားမှုတွေကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးတွေရဲ့အခွင့်အရေးအတွက် ကြောက်ရွံ့မှုမရှိဘဲ စွမ်းဆောင်ခဲ့ သူတဦးဖြစ်ပါတယ်။ သူ့အသက်အန္တရာယ်ခြိမ်းခြောက်ခံရမူ တွေကြားက သူရဲ့ ဆေးရုံဟာ မတရားပြုကျင့် ခံရသူတွေရဲ့ ပုန်းခိုစရာဖြစ်ခဲ့ပါတယ်။
ဒီနှစ်ချီးမြှင့်တဲ့ နိုဘယ်ဆုဟာ Alpad Nobel ရဲ့ ဆန္ဒနဲ့ အကိုက်ညီဆုံးဖြစ်အောင် ဖန်တီး ထားတာဖြစ်တယ် လို့လည်း နိုဘယ်ဆုရွေးချယ်ရေးကော်မတီ ရဲ့ ကျေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ လက်ရှိ ဆုကြေး ပမာဏကတော့ အမေရိကန်ဒေါ်လာ ၁.၁သန်း ဖြစ်ပါတယ်ခင်ဗျား။

ဦးကျော်ဇံသာ/ ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
လိင်အကြမ်းဖက်မှုဆန့်ကျင်လှုပ်ရှားသူ ၂ ဦး ငြိမ်းချမ်းရေးနိုဘယ်ဆုရ လိင်အကြမ်းဖက်မှုဆန့်ကျင်လှုပ်ရှားသူ ၂ ဦး ငြိမ်းချမ်းရေးနိုဘယ်ဆုရ Reviewed by THITHTOOLWIN on 09:23 Rating: 5
Powered by Blogger.