တရုတ်မှာ မူကြို ကလေးတွေကို အမျိုးသမီးတစ်ဦးက ဓားနဲ့တိုက်ခိုက်

မူကြိုကျောင်းထဲ အမျိုးသမီးက ဓားကိုင်ပြီး ဝင်လာတာလို့ ရဲတွေကပြော
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချုံကင်းက မူကြိုကျောင်းမှာ တိုက်ခိုက်လို့ ကလေးငယ် ၁၄ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

ကလေးငယ်တွေ ကစားကွင်းထဲမှာ ကစား နေတဲ့ အချိန်မှာ သောကြာနေ့ မနက်က ဘန်နန် ရပ်ကွက်မှာ ရှိတဲ့ မူကြိုကျောင်းထဲကို အသက် ၃၉ နှစ် အရွယ် အမျိုးသမီးတစ်ယောက် ဓားတစ်ချောင်း ကိုင်ပြီး ဝင်လာခဲ့တာလို့ ရဲတွေက ပြောပါတယ်။

ဘာကြောင့် အခုလို တိုက်ခိုက်တယ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လူမှု ကွန်ရက်ပေါ်မှာတော့ အဲဒီ အမျိုးသမီးက အစိုးရကို မကျေမနပ် နာကျည်း နေတာလို့ ပြောနေကြပါတယ်။

မိသားစု နာမည် လျူ လို့ သိထားတဲ့ အဲဒီအမျိုးသမီးကို အခင်းဖြစ်တဲ့ နေရာမှာပဲ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

ချုံကင်းပြမြေပုံ
လူမှု ကွန်ရက်တွေမှာ ဖြန့်ဝေ ဖော်ပြနေတဲ့ ဗီဒီယိုထဲမှာ ဒဏ်ရာရ ကလေးတွေကို ကျောင်းကနေ ခေါ်ထုတ်သွားတာတွေ့နေရပါတယ်။

တချို့ ကလေးတွေ ဆိုရင် မျက်နှာတွေမှာ ဓား ဒဏ်ရာတွေရထားကြပါတယ်။

တချို့ ဗီဒီယိုတွေထဲမှာတော့ တိုက်ခိုက်တဲ့ အမျိုးသမီးကို ရဲတွေက ခေါ်ထုတ်သွားတာ တွေ့ရပါတယ်။

ကလေး နှစ်ယောက် သေဆုံးတယ်လို့ တချို့ လူမှုကွန်ရက်တွေမှာ ပြောနေကြတာတွေကို မဟုတ်မမှန်ကြောင်း ရဲတွေက ပြောပြီး ကောလာဟလ တွေမဖြန့်ဝေကြဖို့လည်း သတိပေးထားပါတယ်။

တရုတ်နိုင်ငံမှာ အကြမ်းနည်းနဲ့ တိုက်ခိုက်တဲ့ ပြစ်မှုမျိုးက ဖြစ်ခဲလှပေမဲ့ မကြာသေးခင် နှစ်တွေ အတွင်းကတော့ စာသင်ကျောင်းတွေနဲ့ မူကြိုကျောင်းတွေမှာ ဓားနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သူတို့က တာဝန်ခံ အရာရှိတွေကိုဖြစ်စေ ပုဂ္ဂိုလ်ရေး အရ မကျေနပ်လို့ လက်စားချေ လိုသူတွေနဲ့ စိတ်ရောဂါ ခံစားနေရသူတွေ ဖြစ်ကြပါတယ်။

ဧပြီလတုန်းက အလယ်တန်းကျောင်းဆင်းလို့ အိမ်ပြန်ချိန်မှာ အသက် ၂၉ နှစ် အရွယ် အမျိုးသားက တိုက်ခိုက်လို့ ကျောင်းသား ၉ ယောက် သေဆုံးခဲ့ပါတယ်။

အဲဒီလူက သူကလေး အရွယ် အဲဒီကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရတယ်လို့ ပြောကြောင်း သိရပါတယ်။

သူ့ကို ပြီးခဲ့တဲ့ စက်တင်ဘာလက ကွပ်မျက်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
တရုတ်မှာ မူကြို ကလေးတွေကို အမျိုးသမီးတစ်ဦးက ဓားနဲ့တိုက်ခိုက် တရုတ်မှာ မူကြို ကလေးတွေကို အမျိုးသမီးတစ်ဦးက ဓားနဲ့တိုက်ခိုက် Reviewed by THITHTOOLWIN on 07:10 Rating: 5
Powered by Blogger.