မောင်တောမြို့နယ်တွင် တိုင်းရင်းသားလူနည်းစုကျောင်းသားတစ်ဦး သတ်ဖြတ်ခံရ


နိရဉ္စရာ၊ အောက်တိုဘာ ၉

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းတွင် တိုင်းရင်းသား လူနည်းစု တစ်ခုဖြစ်သော ဒိုင်းနက်လူမျိုး ၆ တန်းကျောင်းသားတစ်ဦး အောက်တိုဘာ ၈ ရက်နေ့က သတ်ဖြတ်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

သတ်ဖြတ်ခံရသူ ကျောင်းသားမှာ မောင်တောမြို့နယ်မြောက်ပိုင်း အောင်ဇူစခန်းအပိုင်၊ လှိုင်သီအုပ်စု၊ အောင်စံကျေးရွာမှ ဦးဖြူမောင်၏သား မောင်မြင့်အောင် (၁၆) နှစ် ဖြစ်ကြောင်း အောင်စံကျေးရွာမှ ဒိုင်းနက် လူမျိုး ဦးစိန်ဖိုးစိန်က နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

၎င်းသတ်ဖြတ်မှုကို ကျူးလွန်သူများမှာ ဘင်္ဂလားဒေ့ရှ် မှ ဝင်ရောက်လာသော ဘင်္ဂလီအကြမ်းဖက်သမားမှ ကျူးလွန် သတ်ဖြတ်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“သူကကျောင်းသားတစ်ယောက်ပါ။အကြမ်းဖက်သူ တွေက ဒီကနေထွက်ပြေးသွားတဲ့ ဘင်္ဂလီလူမျိုးတွေပါ။ ဟိုဘက်နယ်စပ်ကနေ ဒီဘက်နိုင်ငံထဲကို ၀င်လာတာပါ။ သူတို့က နယ်စပ်ဖြတ်ကျော်ပြီး နွားရရင် နွားခိုး တယ်။ နွားမရရင် လမ်းမှာတွေ့ တဲ့ တိုင်းရင်းသားတွေကိုသတ်တယ်။ သူတို့က အဲသလို လုပ်နေကြတာပါ” ဟု ဦးစိန်ဖိုးစိန်က ပြောကြားသည်။

မြန်မာနိုင်ငံ မောင်တောနယ်ထဲကို ဘင်္ဂလာဒေ့ရှ်ဘက်က ၀င်ရောက်ရန် လွယ်ကူကြောင်း၊ မောင်တော မြောက်ပိုင်း လှိုင်သီဖက်က တောကျော်လမ်းတွေရှိကြောင်း၊ အကြမ်းဖက် ဘင်္ဂလီများသတ်တာကလွဲပြီး မည်သူမှ သတ်ခြင်း မဖြစ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။

"ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောရရင် သူက မနက် ၉ နာရီခန့်က ခမောင်းဆိပ်ကို ဆိုက်ကယ်ပြင်ဖို့ သွားပါတယ်။ ညနေ ၅ နာရီခန့်မှာ ပြန်လာပြီး လှိုင်သီအုပ်စု အနော်ဘလီ အလွန် တုံးချောင်း မူလတန်းကျောင်း အနောက်မြောက်ဘက် လမ်းမှာဖြစ်တာပါ။ အလောင်းကိုကျတော့ လမ်းအနောက်ဖက်ကရတာပါ။ နောက်ကနေပြီး ခုတ်တယ်ထင်တာဘဲ။ဓားဒဏ်ရာ လည်ပင်းမှာတစ်ချက်၊ ဦးခေါင်းမှာနှစ်ချက်။ ဒီဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့တာပါ" ဟု သူက ပြောသည်။

သတ်ဖြတ်ခံရသူ မောင်မြင့်အောင် (၁၆) နှစ် အလောင်းအား ယနေ့ နံနက်ကိုင်းက မောင်တောပြည်သူ့ ဆေးရုံကြီးသို့ စစ်ဆေးရန် ယူဆောင်သွားကြောင်း သိရသည်။

စက်တင်ဘာ ၁၉ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း၊ သစ်တုံးနားခွဆုံကျေးရွာမှ မြိုတိုင်းရင်းသား ဦးဒူလူ (၄၀)နှစ်ကို ဘင်္ဂလီအကြမ်းဖက်သမားများမှ သတ်ဖြတ်ပစ်ခဲ့သည်။

ဦးဒူလူသည် စက်တင်ဘာ ၁၉ ရက် နေ့လယ်ပိုင်းက နွားကျောင်းနေစဉ် ပျောက်ဆုံးခဲ့ပြီး သူ့အလောင်းကို စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် လည်ပင်းပြတ်ရှ ဒဏ်ရာ အပါအ၀င် ဒဏ်ရာ ၄ ခုဖြင့် နန်းရာကိုင်းရွာအနီး တောစပ်တွင် နောက်တစ်နေ့ ရွာသားများက တွေ့ရှိခဲ့သည်။

ယခု မောင်မြင့်အောင် (၁၆) နှစ် သတ်ဖြတ်ခံရမှုသည် မောင်တောမြို့နယ်တွင် တစ်လအတွင်း ဒုတိယ အကြိမ်မြောက် သတ်ဖြတ်ခံရမှု ဖြစ်သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ ဆက်သွယ်ရာ အဆက်အသွယ် မရရှိခဲ့ပါ။

သိန်းဇော် (မောင်တော)
Narinjara
https://www.facebook.com/Narinjara-151742128171206/
မောင်တောမြို့နယ်တွင် တိုင်းရင်းသားလူနည်းစုကျောင်းသားတစ်ဦး သတ်ဖြတ်ခံရ မောင်တောမြို့နယ်တွင် တိုင်းရင်းသားလူနည်းစုကျောင်းသားတစ်ဦး သတ်ဖြတ်ခံရ Reviewed by THITHTOOLWIN on 09:58 Rating: 5
Powered by Blogger.