တစ်ရွာလုံးကို မီးရှို့သတ်ပစ်မည်ဟု ကြိမ်းဝါးသူအား အမျိုးသား (၁၄)ဦးမှ ဝိုင်းရိုက်သတ်မှုဖြစ်ပွား


မုနိမြီ၊ အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဥ့်ကူးမြို့နယ်၊ သာယာဝတီရွာအနောက်ဘက် (၃) ဖာလုံခန့်အကွာ သာယာဝတီ-မြစိမ်းရွာသွားကွန်ကရစ်လမ်းမပေါ်တွင် အောက်တိုဘာလ ၂၆ ရက် နံနက် ၆ နာရီ ၄၀ မိနစ်ခန့်မှ ချစ်မဲ(ခ)ကျော်ကျော်ထိုက်၊ (၂၄)နှစ်၊ မြစိမ်းအနောက်ကုန်းရွာ၊ စဥ့်ကူးမြို့နယ်နေသူမှာ ဒဏ်ရာများဖြင့် မှောက်လျက်သေဆုံးနေသည်ဟု ၎င်း၏ဖခင် ဦးသန်းလွင်၊ (၅၃)နှစ်မှ ထုံးကြီး နယ်မြေရဲစခန်းသို့ တိုင်တန်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရပါသည်။

အခင်းဖြစ်ပွားသည့် နေရာသို့ တာဝန်ရှိသူများ သွားရောက်စစ်ဆေးစဉ် ချစ်မဲ(ခ)ကျော်ကျော်ထိုက်၏ ဦးခေါင်းနောက်စေ့ ဝဲ/ယာ၊ ယာချိုစောင်း/ပါး စောင်း/နားရွက်ပေါက်ပြဲ၊ ဝဲလက်ပြင်ကျောကုန်းပေါ်/ ကျောပြင် အလယ်ညိုမဲဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ထုံးကြီးနယ်မြေရဲစခန်းက (ပ)၁၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ အရ အမှုဖွင့်ခဲ့ကာ ပြစ်မှုကျူးလွန်သူများအား စုံစမ်းခဲ့ကြောင်း သိရှိရသည်။

စုံစမ်းချက်အရ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၈ နာရီခွဲခန့်တွင် တစ်ရွာတည်းနေ မောင်ဇော်(ခ)ထွန်းဇော်ပါ (၁၄)ဦးခန့်မှ သေဆုံးသူ ချစ်မဲ(ခ)ကျော်ကျော်ထိုက်အား နေအိမ်ခြံဝန်းအတွင်း၌ တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ပြီး ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ရခြင်းမှာ သေဆုံးသူ ချစ်မဲ(ခ)ကျော်ကျော်ထိုက်သည် တစ်ရွာတည်းနေ ဦးစိန်မောင်၊ (၇၃)နှစ်၏ သမီးဖြစ်သူပိုင်သည့် ကုန်စုံဆိုင်ရှေ့၌ ဆဲရေးတိုင်းထွာပြီး တစ်ရွာလုံး မီးရှို့သတ်ပစ်မည်ဟု ကြိမ်းဝါးသဖြင့် ဦးစိန်မောင်နေအိမ်အနီးရှိ လူတစ်ချို့မှ သေဆုံးသူ ချစ်မဲ(ခ)ကျော်ကျော်ထိုက်အား ဝိုင်း၍လိုက်သဖြင့် ၎င်းနေထိုင်ရာ နေအိမ်ခြံဝန်းအတွင်းသို့ ထွက်ပြေးခဲ့ကြောင်း၊ ချစ်မဲ(ခ)ကျော်ကျော်ထိုက်ကို ၎င်းနေအိမ်ရှေ့တွင် တွေ့ရှိရ၍ မောင်ဇော်မှ ဝါးတုတ်နှင့် ရိုက်လိုက်ရာ လဲကျသွားပြီး မောင်ဇော်နောက်တွင် လိုက်ပါလာသည့် တစ်ရွာတည်းနေ ဖိုးလုံး(ခ)ချစ် ကိုကိုအောင်နှင့် ဇော်ထက်(ခ)ဟိန်းထက်အောင်တို့ ဦးဆောင်သည့် (၁၄)ဦးခန့်မှလည်း ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး ရွာအပြင်သို့ ထမ်းထုတ်သွားကာ ရွာအပြင်ရှိ အခင်းဖြစ်နေရာတွင် ထပ်မံရိုက်နှက်ခဲ့ကြ သဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ ပြစ်မှုကျူးလွန်သူများ၏ နေအိမ်များအား အောက်တိုဘာလ ၂၇ ရက်တွင် ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာ မြစိမ်းအရှေ့ကုန်းရွာနေ မောင်ဇော်(ခ)ထွန်းဇော်၊ (၃၈)နှစ်၊ တရုတ်ကြီး(ခ)ထက်ကိုကိုအောင်၊ (၂၁)နှစ်၊ ဖိုးလုံး(ခ)ချစ်ကိုကိုမောင်၊ (၂၅)နှစ်၊ ဇော်ထက်(ခ)ဟိန်းထက်အောင်၊ (၂၇)နှစ်၊ သက်ကိုအောင်၊ (၂၅)နှစ်၊ ဝေလင်းအောင်၊ (၂၇)နှစ်၊ သိန်းသန်းဝင်း(ခ)ကြည်လှိုင်၊ (၂၂)နှစ်၊ သိန်းသန်းထွန်း(ခ)မွှေးနီ၊ (၁၈)နှစ်၊ အောင်ဆန်းမိုး(ခ)အာကာ၊ (၂၈)နှစ်၊ မင်းဇော်ဦး၊ (၂၃)နှစ်၊ ငပိန်(ခ) မျိုးအောင်၊ (၂၂)နှစ်၊ ကိုမောင်တင့်၊ (၄၅)နှစ်၊ ဦးစိန်မောင်၊ (၇၃)နှစ်၊ ဇော်ဇော်အောင်၊ (၃၀)နှစ် စုစုပေါင်း ၁၄ ဦးအား ဖမ်းဆီးရမိ၍ စစ်ဆေးလျှက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

သုတ(မုနိမြီ)
Munimary News Agency
https://www.facebook.com/munimarynews/
တစ်ရွာလုံးကို မီးရှို့သတ်ပစ်မည်ဟု ကြိမ်းဝါးသူအား အမျိုးသား (၁၄)ဦးမှ ဝိုင်းရိုက်သတ်မှုဖြစ်ပွား တစ်ရွာလုံးကို မီးရှို့သတ်ပစ်မည်ဟု ကြိမ်းဝါးသူအား အမျိုးသား (၁၄)ဦးမှ ဝိုင်းရိုက်သတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.