အိန္ဒိယ က ကမ္ဘာ့အမြင့်ဆုံး ရုပ်တု ဖွင့်ပွဲ ဒေသခံတွေ မကျေနပ်

(Statue of Unity တည်ဆောက်ရေးလုပ်ငန်းခွင်ကို တွေ့ရစဉ်)
အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့အမြင့်ဆုံး ရုပ်တုနဲ့ပတ်သက်ပြီး ၀န်ကြီးချုပ် နရင်ဒရာ မိုဒီ နဲ့ ဒေသခံတွေကြား အခြေအနေ တင်းမာနေပါတယ်။

၁၉၄၇ ခုနှစ် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရအပြီး နိုင်ငံကို စုစည်းခဲ့ရာမှာ အဓိကအခန်းက ပါဝင်ခဲ့တဲ့ အမျိုးသား သူရဲကောင်း ဆာဒါ ၀ါလာာဘိုင် ပတေး ကို ဂုဏ်ပြုတဲ့အနေနဲ့ ဂူဂျာရတ်ပြည်နယ်မှာ ၀န်ကြီးချုပ် မိုဒီ က ကမကထပြု တည်ဆောက်ခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ သန်းလေးရာ ကုန်ကျတဲ့ အဲဒီ Statue of Unity ညီညွတ်ရေးရုပ်တုဟာ ပေ ၆၀၀ အမြင့် ရှိပြီး အမေရိကန်ပြည်ထောင်စုက လစ်ဘာတီရုပ်တု ထက် နှစ်ဆ ပိုမိုကြီးမားပါတယ်။ တရုတ်ပြည်က ပေ ၄၂၀ မြင့်တဲ့ ဗုဒ္ဓရုပ်ပွားတော်ထက်လည်း ပိုပြီးမြင့်တာကြောင့် ကမ္ဘာ့အမြင့်ဆုံး ရုပ်တု ဖြစ်သွားခဲ့ပါတယ်။

အဲဒီရုပ်တုကြီး ဖွင့်ပွဲကို ၀န်ကြီးချုပ် မိုဒီ က လာမယ့် ဗုဒ္ဓဟူးနေ့မှာ အခမ်းအနားနဲ့ ဖွင့်လှစ်မှာပါ။

ဒါပေမဲ့ ဒေသခံတွေကတော့ အဲဒီရုပ်တုကြီး တည်ဆောက်တဲ့အတွက် ဒေသတွင်း သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရတဲ့အတွက် စိတ်ဆိုးဒေါသထွက်နေကြပါတယ်။

ဒေသခံရွာပေါင်း ၂၂ ရွာက အကြီးအကဲတွေက ဒေသအုပ်ချုပ်ရေးအဖွဲ့ထံ စာတစ်စောင်ပေးပို့ခဲ့ရာမှာ ဒီရုပ်တု ဖွင့်ပွဲကို ၀န်ကြီးချုပ် မိုဒီ မလာရောက်စေလိုကြောင်း၊ ဒီရုပ်တုကြီးနဲ့ အနီးက တာဒါ ဆရိုဗာ ဆည်ကြောင့် အိန္ဒိယရဲ့ ပဉ္စမမြောက် အရှည်ဆုံးဖြစ်တဲ့ နာမဒါ မြစ်ကြီး ထိခိုက်ပျက်စီးသွားခဲ့ရကြောင်း၊ ဒေသတွင်းမှာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ သောက်ရေသန့်တွေ လုံလုံလောက်လောက် မရှိတဲ့အခြေအနေမှာ အခုလို ငွေသန်းချီကုန်တဲ့ ရုပ်တုဖွင့်ပွဲကို မိုဒီ မလာရောက်စေလိုကြောင်း ဖေါ်ပြထားပါတယ်။

မနေ့က ရုပ်တုဖွင့်ပွဲ အခမ်းအနားအတွက် ပြင်ဆင်ထားတဲ့အနီးမှာ ၀န်ကြီးချုပ် မိုဒီ နဲ့ ပြည်နယ် ၀န်ကြီးချုပ် တို့ရဲ့ ရုပ်ပုံတွေ ဖျက်ဆီးခံခဲ့ရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အိန္ဒိယ က ကမ္ဘာ့အမြင့်ဆုံး ရုပ်တု ဖွင့်ပွဲ ဒေသခံတွေ မကျေနပ် အိန္ဒိယ က ကမ္ဘာ့အမြင့်ဆုံး ရုပ်တု ဖွင့်ပွဲ ဒေသခံတွေ မကျေနပ် Reviewed by THITHTOOLWIN on 09:51 Rating: 5
Powered by Blogger.