ကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့်တန်သော တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ မီးရှို့ ဖျက်ဆီး

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အဖွင့်မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)
 နေပြည်တော်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

     တောရိုင်းတိရစ္ဆာန်များကို တရားမဝင် ဖမ်းဆီး သတ်ဖြတ်ခြင်းအား ဥပဒေအရ ထိရောက်စွာ အရေးယူ တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့သည့် ဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများအနက် အချို့ အား မီးရှို့ဖျက်ဆီးခြင်းကို နေပြည်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ယာဉ်ရပ်နားစခန်းတွင် ယနေ့ နံနက် ပြုလုပ်ခဲ့ရာ စုစုပေါင်းခန့်မှန်း တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဆင်စွယ် ၂၇၇ ချောင်း၊ ဆင်အရိုးနှင့် တိရစ္ဆာန်အရိုးမျိုးစုံ ၂၂၇ ချောင်း၊ တိရစ္ဆာန် သားရေမျိုးစုံ ၄၅ ချပ်၊ ဦးချိုမျိုးစုံ ၁၅၄၄ ချောင်း၊ သင်းခွေချပ် အကြေးခွံ ၄၅ ကီလိုဂရမ်နှင့် အခြား တောရိုင်တိရစ္ဆာန် အစိတ်အပိုင်းမျိုးစုံ ၁၂၈ ခု၊ စုစုပေါင်း အလေးချိန် ၈၄၉ ဒသမ၂၆ ကီလိုဂရမ်အား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ၊ ယင်းတို့၏ အစိတ်အပိုင်းများ တရားမဝင် ကူးသန်းရောင်းဝယ်မှုကို ထိရောက်စွာ တားဆီးနှိမ်နင်းရေး လုပ်ငန်းစဉ်ကို ပြည်သူတို့ ပိုမို သိရှိလာစေရန်၊ ထိုတရားမဝင် လုပ်ငန်းများနှင့် ပတ်သက်သည့် ပြည်တွင်းဈေးကွက်များ ပိတ်သိမ်းခြင်း၊ အရေးယူဆောင်ရွက်ခြင်းတို့အတွက် အသိပေး ကြေညာနိုင်ရန်၊ မြန်မာနိုင်ငံ၏ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို နိုင်ငံတကာမှ သိရှိလာပြီး ပူးပေါင်း ဆောငိရွက်မှုများ တိုးတက်လာစေရန် ရည်ရွယ်၍ မီးရို့ဖျက်ဆီးရခြင်းတို့ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့ မီးရှို့ ဖျက်ဆီးခြင်း အခမ်းအနားတွင် ရှင်းလင်းပြောကြားခဲ့သည်။
သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် ရှင်းလင်းတင်ပြစဉ် (ဆင်ဟွာ)
ဖမ်းဆီးရမိ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများမီးရှို့ဖျက်ဆီးခြင်းအခမ်းအနားသို့ တက်ရောက်လာသူများများအားတွေ့ရစဉ် (ဆင်ဟွာ)
ဖမ်းဆီးရမိ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများမီးရှို့ဖျက်ဆီးနေစဉ် (ဆင်ဟွာ)
အဆိုပါ အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံတကာမှ သံတမန်များ၊ UN အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ INGOs, NGOs များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုနှင့် ဈေးကွက်အခြေအနေများ ဖမ်းဆီးအရေးယူမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

(Xinhua)
http://www.xinhuamyanmar.com
ကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့်တန်သော တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ မီးရှို့ ဖျက်ဆီး ကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့်တန်သော တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ မီးရှို့ ဖျက်ဆီး Reviewed by THITHTOOLWIN on 12:26 Rating: 5
Powered by Blogger.