ဆိုင်ကယ်ကျော်တက်စဉ် ဆဲဆိုစကားများပြီး သေဆုံးသည်အထိဓါးဖြင့်ထိုးသွားသူများအား ဖမ်းဆီးရမိရာ တက္ကသိုလ်ကျောင်းသားများပါဝင်


မန္တလေး၊ အောက်တိုဘာ ၁၇

၁၅-၁၀-၂၀၁၈ ရက်နေ့ ည ၉ နာရီ ၄၅ အချိန် ထက်လွင်မိုးခန့်၊ (ပ)နှစ် သမိုင်း သည် သူငယ်ချင်းဖြစ်သူ ဇင်မင်းသူ ၁၉နှစ်၊ (ပ)နှစ် ပထ၀ီ၊ မြတ်ဘုန်းစံ ၁၉နှစ်၊ (၁၀)တန်း တို့နှင့်အတူ ဆိုင်ကယ် တစ်ယောက်တစ်စီးဖြင့် ၆၉ လမ်းအတိုင်း မောင်းနှင်လာစဉ် ၆၉xသိပ္ပံလမ်းထောင့်ရှိ မီးပွိုင့်အရောက်တွင် ဆိုင်ကယ် ၃ စီးဖြင့် အမျိုးသား ၅ ဦးမှ ကျော်တက်သွားပြီး ထက်လွင်မိုးခန့်အား ဆဲဆိုသဖြင့် ၎င်းတို့မှ ပြန်လည်ဆဲဆိုပြီးနောက် ၆၉xသိပ္ပံလမ်းမှ သိပ္ပံလမ်းအတိုင်း မောင်းနှင်လာစဉ် ၇၃ လမ်းမီးပွိုင့်အနီးအရောက်၌ ဆဲဆိုသွားသည့် အဆိုပါ အမျိုးသား ၅ ဦးသည် ထက်လွင်မိုးခန့် တို့မောင်းနှင်လာသည့် ဆိုင်ကယ်အားရပ်ခိုင်းပြီး အဆိုပါအဖွဲ့မှ အမျိုးသား ၁ ဦးမှ အသင့်ပါလာသည့် ဓါးဖြင့်ထိုးရာ မြတ်ဘုန်းစံ၌ ၀ဲနံဘေးထိုးသွင်းဒဏ်ရာရရှိခဲ့ပြီးကျန် အမျိုးသား ၁ ဦးမှ ဇင်မင်းသူအား ဓါးဖြင့်ထိုးရာ ယာလက် ခလယ်/လက်ညှိုး ပြတ်ရှ၊ ၀မ်းဗိုက်ဝဲဘက်ထိုးသွင်းဒဏ်ရာများ ရရှိခဲ့သဖြင့် မဟာအောင်မြေမြို့မရဲစခန်း (ပ)၇၉၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ အရ အမှုဖွင့်ခဲ့ပြီး ဒဏ်ရာရရှိသူ မြတ်ဘုန်းစံမှာ ၁၆.၁၀.၂၀၁၈ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်တွင် သေဆုံးသွားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့သည်။

အမှုများတရားခံများအား ဖမ်းဆီးရမိရေးအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့၍ အခင်းဖြစ်ရပ် အနီးရှိစည်ပင်ရိပ်သာမှ တပ်ဆင်ထားသော ၆၉လမ်း၊ သိပ္ပံလမ်းဆုံရှိ CCTV မှတ်တမ်းအားကြည့်ရှုရာ ပြစ်မှုကျူးလွန်သူများ စီးနင်းလာသည့်ဆိုင်ကယ်မှ (၃)စီးမဟုတ်ဘဲ (၄)စီး လူ(၄)ဦးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရ၍ ၄င်းဆိုင်ကယ် (၄)စီးအနက်၊ ဆိုင်ကယ်(၁)စီးသာ နံပါတ်တပ်ဆင်ထားပြီး ဆိုင်ကယ်အမှတ်မှ ၆၂ယ/xxxxx ဟွန်ဒါကလစ် နက်/နီရောင်ဆိုင်ကယ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စုံစမ်းရှာဖွေခဲ့ရာ ပြည့်ဖြိုးအောင်၊ နောက်ဆုံးနှစ်(IR)၊ ဆိုသူဖြစ်ကြောင်း သိရသဖြင့် ၄င်း၏နေအိမ်၌ အခင်းဖြစ်စဉ် စီးနင်းအသုံး ပြုခဲ့သည့် နံပါတ်ပြားဖြုတ်ထားသော အတည်ပြုစုံစမ်း ရရှိထားသည့် ၆၂ယ/xxxx ဆိုင်ကယ် နှင့်အတူဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့် ပြည်ဖြိုးအောင်၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ရဲထွန်းလင်း၊ နေဦးလှိုင်နှင့် ဘိုကီးဆိုသူတို့ ပါဝင်ကြောင်းဘီယာဆိုင်များသို့ သွားလာလေ့ရှိကြောင်း သိရသဖြင့် ၄င်းတို့သွားလာတက်သည့်နေရာများသို့ ဆက်လက် စုံစမ်းရာ မန္တလေးမြို့ ၆၇x၆၈၊ ၃၂x၃၃ လမ်းကြားရှိ စားသောက်ဆိုင်ရှေ့ စားပွဲတွင် ရဲထွန်းလင်း၊ ၂၂ နှစ်၊ တတိယနှစ်(ဘူမိဗေဒ)၊ ၁၉ x ၂၀ လမ်းကြား၊ အကွက်(၄၇)၊ အောင်မြေသာစံမြို့နယ်နှင့် နေဦးလှိုင်၊ ၂၂ နှစ်၊ နောက်ဆုံးနှစ်(သင်္ချာ)၊ မဲကင်းကုန်းရွာ၊ ပုသိမ်ကြီးမြို့နယ်တို့(၂)ဦးအား ဘီယာသောက်နေစဉ် ဖမ်းဆီးရမိခဲ့ပြီး ရဲထွန်းလင်း၏ ခန္ဓာကိုယ်အားရှာဖွေရာ ၄င်းဝတ်ဆင်ထားသည့် ဂျင်းဘောင်းဘီယာဘက်အိပ်ကပ်အတွင်းမှ အခင်းဖြစ်အချိန်က အသုံးပြုခဲ့သည့် အရိုးအသွား (၉)လက်မ ကျော်ရှိ၊ အသွားအလယ်တွင် လေကြောင်းပါပြီး မောင်းချဓါး(၁)ချောင်းနှင့် အခင်းဖြစ်စဉ် စီးနင်းခဲ့သည့် ၄၉ယ/xxxxx နံပါတ်ပါ ကလစ်ဆိုင်ကယ် တို့အားသိမ်းဆည်းခဲ့သည်။

ဘိုကီးအားဖမ်းဆီးရမိရေး ၄င်းသွားလာတတ်သည့်နေရာများသို့ ဆက်လက်စုံစမ်းရာ သော်ဇင်လတ်(ခ)ဘိုကီး၊ ၂၁ နှစ်၊ ပထမနှစ်(ပထ၀ီ)အား ၁၉လမ်း၊ သံလမ်းဒေါင့်ရှိ လက်ဖက်ရည်ဆိုင်တွင် ၄င်းစီးနင်းခဲ့သည့် ၃၅ယ/xxxx ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့် ရဲထွန်းလင်းပါ(၄)ဦး၏ ထွက်ဆိုချက်အရ အခင်းဖြစ်ပွားချိန်တွင် ၆၉ လမ်း မီးပွိုင့်အနီးတွင် တရားလို ထက်လွင်မိုး နှင့်အဖွဲ့မှ ဆိုင်ကယ်ဖြင့် အရှေ့မှ ပိတ်စီးသည့် ကိစ္စနှင့်ပတ်သက်၍ ရဲထွန်းလင်းနှင့်အဖွဲ့မှ ဆိုင်ကယ်ဖြင့် ဟွန်းတီးကာ လမ်းတောင်းရာမှ အချင်းချင်း ဆဲဆိုခဲ့ကြောင်း ထက်လွင်မိုး အဖွဲ့မှ တစ်ဦးက ““ မိုက်ရင် တစ်ယောက်ချင်းထိုးမယ် ”” ဟု အော်ဟစ်ပြောဆို ကြိမ်းမောင်းခဲ့ကြောင်း၊ ၆၉ လမ်းမှ သိပ္ပံလမ်းအတိုင်း ၇၈ လမ်းဘက်သို့အသွား ၆၉ လမ်းနှင့် ၇၃ လမ်းကြား၊ MCC အနီး မျက်စောင်းထိုး မြောက်ဘက်ခြမ်း သိပ္ပံလမ်းပေါ်တွင် ရဲထွန်းလင်းနှင့်အဖွဲ့မှ ဆိုင်ကယ်ရပ်ကာ အပေါ့သွားစဉ် ထက်လွင်မိုးနှင့်အဖွဲ့မှ ရောက်ရှိလာပြီး ““ တစ်ယောက် ချင်း ထိုးမလား ”” ဟု စိန်ခေါ်ရာမှ မကျေနပ်၍ ရဲထွန်းလင်းမှ အသင့်ယူဆောင်လာသော နှစ်ဖက်အသွားပါသည့် မောင်းချဓါးဖြင့် ပထမဆုံးတစ်ဦးအား တစ်ချက်ထိုးပြီး နောက်တစ်ဦးအား ဆက်လက်ထိုးခဲ့ကြောင်း နေဦးလှိုင်မှလည်း အသင့်ပါလာသော သုံးဆစ်ချိုးသံတုတ်ဖြင့် ရိုက်ခဲ့ပြီးနောက် သိပ္ပံလမ်းအတိုင်း ၇၈ လမ်းဘက်သို့ မောင်းပြေးခဲ့ကြောင်းသိရသည်။

Mandalay Police
https://www.facebook.com/mandalaypolice
ဆိုင်ကယ်ကျော်တက်စဉ် ဆဲဆိုစကားများပြီး သေဆုံးသည်အထိဓါးဖြင့်ထိုးသွားသူများအား ဖမ်းဆီးရမိရာ တက္ကသိုလ်ကျောင်းသားများပါဝင် ဆိုင်ကယ်ကျော်တက်စဉ် ဆဲဆိုစကားများပြီး သေဆုံးသည်အထိဓါးဖြင့်ထိုးသွားသူများအား ဖမ်းဆီးရမိရာ တက္ကသိုလ်ကျောင်းသားများပါဝင် Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.