တစ်နေ့တည်း နွား၁၄ကောင် တစ်ဖက်နိုင်ငံသို့ခိုးယူခံရ

(ဓာတ်ပုံ- မောင်တောဒေသမှ ဒေသခံများ မွေးမြူထားသောနွားများကို တွေ့ရစဉ်)

နိရဉ္စရာ၊ အောက်တိုဘာ ၂၂

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာမှ တစ်နေ့တည်း နွား ၁၄ ကောင်ကို တစ်ဖက် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ခိုးယူသွားခြင်းခံရသဖြင့် ဒေသခံ တိုင်းရင်းသားများ၏ လုပ်ကိုင်စားသောက်နေထိုင်ရေးမှာ လုံခြုံမှု မရှိသလို ခံစားနေကြရကြောင်း ဒေသခံများက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ ကျွန်တော်တို့ရွာမှာ ဒီကနေ့ တစ်နေ့တည်း နွား ၁၄ ကောင်ကို ခိုးယူပြီး တစ်ဘက်နိုင်ငံကို ယူဆောင် သွားကြပါတယ်။ နယ်စပ်မှတ်တိုင် ၄၁ နဲ့ ၄၂ ကြားကနေ ယူဆောင်သွားတယ်လို့ သိရပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ လိုက်ပါသွားပေမယ့် မရလိုက်တော့ပါဘူး။ အခုလို ခဏခဏ ဖြစ်နေတော့ နေထိုင်လုပ်ကိုင်စားသောက်ရတာ လုံခြုံမှု မရှိသလို ခံစားနေရပါတယ်” ဟု အောင်သပြေ ကျေးရွာ လူကြီး တစ်ဦးက ပြောသည်။

ခိုးယူခံရသော နွားများမှာ အောင်သပြေကျေးရွာမှ ဦးမောင်ထွန်းလှတွင် ၆ ကောင်၊ ဒေါ်လုံးမ မိသားစုတွင် ၆ ကောင်၊ ဦးကျော်သာထွန်းတွင် ၁ ကောင်နှင့် ဦးမောင်ချမ်းသာတွင် ၁ ကောင်ဟု သိရသည်။

“ ဦးမောင်ထွန်းလှတွင် နွား ၇ကောင်မှာ တစ်ကောင်ဘဲ ပြန်ရပါတယ်။ ၆ ကောင်ပါသွားပါတယ်။ နွားမတွေရော၊ နွားထီးတွေရော အကုန် ယူဆောင်သွားပါတယ်။ ဒီနှစ်ပေါက်တဲ့ နွားကလေးတွေဘဲ ကျန်နေခဲ့ပါတယ်” ဟု ရွာသားတစ်ဦးက ပြောဆိုသည်။

ယခုနွားများကို ရွာအနီး လွတ်မွေးရာမှ ခိုးယူခံရခြင်းဖြစ်ပြီး အောင်ဇူးနယ်ခြားစောင့်စခန်းနှင့် ခမောင်းဆိတ် နယ်ခြားစောင့်စခန်း ကြားနယ်မြေမှ တစ်ဆင့် ၀င်လာပြီး ခိုးယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

အမည်မဖော်လိုသူ အစိုးရ၀န်ထမ်း တစ်ဦးမှ ပြောသည်မှာ စခန်းအသီးသီးသို့ ဆက်သွယ်ပြီး နယ်စပ်ကို ပိတ်ဆို့ ရှာဖွေသော်လည်း ဖမ်းမမိလိုက်ဘဲ တစ်ဖက်နိုင်ငံသို့ ယူဆောင်သွားခဲ့ကြသည်ဟု ဆိုသည်။

“ ဒီမှာပိုဆိုးနေတာက ကြာအင်းဆိုတာရှိပါတယ်။ ဟိုတစ်လောက ဒိုင်းနက်လူငယ်တစ်ဦး အသတ်ခံရတဲ့ နေရာပါ။ အဲဒီနေရာမှာ လုံခြုံရေး စခန်းမရှိတော့ တစ်ဖက်နိုင်ငံကနေ ၀င်ချင်သလိုဝင် ထွက်ချင်သလို ထွက်ပြီး လုပ်နေကြပါတယ်။ အဲဒီနေရာဟာ ဒီပတ်ဝန်းကျင်မှာ အန္တရာယ် အရှိဆုံးနေရာတစ်ခု ဖြစ်နေပါတယ်” ဟု ၎င်းအစိုးရ ၀န်ထမ်းက ပြောကြားသည်။

ကြာအင်းဆိုသည်မှာ အင်းတွင် ကြာပေါက်နေ၍ ကြာအင်းဟု ခေါ်ဆိုခြင်း ဖြစ်ပြီး ၎င်းနေရာကို မဏ္ဍိုင်ဟုလည်း ခေါ်ကြောင်း၊ တောင်ကျော်လမ်းဖြစ်ကြောင်း၊ လမ်းပြတ်သောနေရာ ဖြစ်ကြောင်း၊ ၎င်းနေရာမှာ ၎င်းနေရာတွင် ပြသနာ သုံးလေးခေါက် ဖြစ်ပွားခဲ့ပြီ ဖြစ်ကြောင်း၊ လုံခြုံရေး စခန်းမရှိ၍ တရားဝင် ၀င်ထွက်သွားလာမှုများရှိနေကြောင်း ဒေသခံ တစ်ဦးကလည်း ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး အောင်သပြေ နယ်ခြားစောင့် စခန်းသို့ ဆက်သွယ်ရာ အဆက်အသွယ် မရရှိခဲ့ပါ။

အောင်သပြေကျေးရွာမှ ကျောင်းဆရာတစ်ဦးကမူ မောင်တောမြောက်ပိုင်းတွင် ဒေသခံတိုင်းရင်းသားများ၏ နွားများ မကြာခဏအခိုးခံနေရပြီး သက်ဆိုင်ရာမှ တာဝန်ခံမှု တာဝန်ယူမှုလည်း မရှိကြောင်း၊ ပျောက်လျှင် ပျောက်သူမှာ အဆုံးဖြစ်နေကြောင်း၊ ယခုကဲ့သို့ နယ်စပ် ဖြတ်ကျော် နွားခိုးယူနေမှုအပေါ် ဘင်္ဂလာဒေ့ရှ် အစိုးရကို တရားကန့်ကွက်မှု ပြုလုပ်သင့်ကြောင်း ပြောဆိုသည်။

Narinjara
https://www.facebook.com/Narinjara-151742128171206/
တစ်နေ့တည်း နွား၁၄ကောင် တစ်ဖက်နိုင်ငံသို့ခိုးယူခံရ တစ်နေ့တည်း နွား၁၄ကောင် တစ်ဖက်နိုင်ငံသို့ခိုးယူခံရ Reviewed by THITHTOOLWIN on 09:25 Rating: 5
Powered by Blogger.