ကော့သောင်းတွင် အပျော်စီး ကျွန်းပတ်ရဟတ်ယာဉ်ဝန်ဆောင်မှု စတင်မည်


18.10.2018

အမတဟိုးလ်ဒင်းအများပိုင်ကုမ္ပဏီသည် ကော့သောင်းရှိကျွန်းများတွင် အမေရိကန်အခြေစိုက် ရဟတ်ယာဉ်ကုမ္ပဏီ (Bell Helicopter) မှ ရဟတ်ယာဉ်များဖြင့် ဝန်ဆောင်မှုပေးရန် ညှိနှိုင်းလျက်ရှိသည်ဟု Amata Aviation ၏အကြံပေး ဦးစိုင်းခမ်းပါ့ခ်က မြန်မာတိုင်း(မ်)ကို ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းရှိ ကျွန်းများကိုအခြေပြုပြီး ရေပေါ်တွင် ဆင်းသက်ပျံသန်းနိုင်သည့် (Sea Plane) နှင့် ကျွန်းပေါ်တွင် အလှကြည့်နိုင်သည့် ရဟတ်ယာဉ်များဖြင့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးရန် ရည်ရွယ်ထားသည်ဟု ၄င်းက ပြောသည်။

''ဖြစ်နိုင်ရင်တော့ ဒီနှစ်အကုန်လောက်မှာ ရဟတ်ယာဉ်ဝန်ဆောင်မှုစနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ရဟတ်ယာဉ်ပျံသန်းခွင့်လက်မှတ်ရမှ လုပ်ငန်းစနိုင်မှာဖြစ်တဲ့အတွက် ဌာနနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပြီမို့ လာမယ့်နှစ် အောက်တိုဘာလမှာ ဝန်ဆောင်မှုစပေးနိုင်ဖို့ မှန်းထားတယ်''ဟု ဦးစိုင်းခမ်းပါ့ခ်က ပြောသည်။

ပုဂ္ဂလိကပိုင် ရဟတ်ယာဉ်နှင့် စီးပွားရေးလုပ်ငန်းသုံး ရဟတ်ယာဉ်များအား ပျံသန်းခွင့်လက်မှတ်ထုတ်ပေးရန် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက လိုအပ်သည့် စည်းမျဉ်းဥပဒေများကို ပြင်ဆင်ပြီးမှသာ ပုဂ္ဂလိကလုပ်ငန်းရှင်များကို ရဟတ်ယာဉ်ပျံသန်းခွင့် ထုတ်ပေးနိုင်မည်ဟု ၄င်းက ပြောသည်။

''လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက စည်းမျဉ်းတွေ ပြင်ပြီးသွားရင် ပျံသန်းခွင့်လက်မှတ်ထုတ်ပေးမယ်လို့ ပြောပါတယ်''ဟု ဦးစိုင်းခမ်းပါ့ခ်ဖက ပြောသည်။

Amata Aviation သည် အမတဟိုးလ်ဒင်းအများပိုင်ကုမ္ပဏီ၏ လုပ်ငန်းစုခုနစ်ခုအနက် လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး နိုင်ငံတကာခရီးသွား ဧည့်သည်များ သွားလာရ ခက်ခဲသောနေရာများတွင် ရဟတ်ယာဉ်ဝန်ဆောင်မှုပေးနိုင်ရန် လေကြောင်းပို့ဆောင်ရေးဦးစီးဌာနနှင့် ညှိနှိုင်းလျက်ရှိပြီး တစ်ချိန်တည်းတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ရရန်လည်း ဆောင်ရွက်လျက်ရှိသည်။

အမတဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီသည် မြိတ်ကျွန်းစုအတွင်းရှိ ဘာလားနှင့် ဖိုးနီကျွန်းများပေါ်တွင် အခန်း ၃ဝ မှ အခန်း ၅ဝ ပါ အပန်းဖြေဟိုတယ်နှစ်လုံး တည်ဆောက်လျက်ရှိပြီး ၂ဝ၁၉ တွင် ဖွင့်လှစ်မည်ဖြစ်သည်။ ထိုကျွန်းများပေါ်ရှိ ဟိုတယ်လုပ်ငန်းများကို အခြေပြုပြီး လာရောက်တည်းခိုသည့် ခရီးသွားများအား အချိန်ကုန်သက်သာစေရန် ရဟတ်ယာဉ်ဝန်ဆောင်မှုဖြင့် ကြိုပို့ဆောင်ရွက်ပေးမည်ဟု ၄င်းက ပြောသည်။

ကော့သောင်းရှိ ညောင်ဦးဖီးကျွန်းတွင် သူဌေးကျွန်း အပန်းဖြေဟိုတယ်နှင့် ငခင်ညိုကြီးကျွန်းတွင် Victoria Cliff အပန်းဖြေဟိုတယ်နှစ်လုံး ဖွင့်လှစ်ထားပြီးဖြစ်ပြီး ယခုနှစ်ကုန်နှင့် လာမည့်နှစ်အတွင်း အခန်း ၂ဝ မှ ၅ဝ ဝန်းကျင်ရှိ အပန်းဖြေဟိုတယ်များ ထပ်မံဖွင့်လှစ်ရန်ရှိသည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနအချက်အလက်များအရ ၂ဝ၁၇ ခုနှစ်တွင် ကော့သောင်းသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် ၄၃,ဝဝဝ ကျော်လာရောက်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လကုန်အထိ နိုင်ငံခြားခရီးသွား ၂၈,ဝဝဝ ကျော် ဝင်ရောက်ခဲ့ပြီးဖြစ်သည်။

အများဆုံးလာရောက်သည့် ခရီးသွားများမှာ ထိုင်းနိုင်ငံသား ခရီးသွားများဖြစ်ပြီး မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ကော့သောင်း၊ ဖူးခက် တိုက်ရိုက်ခရီးစဉ်များ မကြာခင် စတင်တော့မည်ဟု Bell Helicopter ၏ မြန်မာကိုယ်စားလှယ်ကုမ္ပဏီ (LTR Pte Ltd) မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးလင်းထက်က မြန်မာတိုင်း(မ်)ကို ပြောသည်။

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေသော ပြည်တွင်းလေဆိပ်သုံးခုတွင် ကော့သောင်းလေဆိပ်သည် တစ်ခုအပါအဝင်ဖြစ်သည်။

''ကော့သောင်းဘက်က ကျွန်းတွေမှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုချက်နဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေကြပြီ။ အခက်အခဲက ကော့သောင်းကနေ သင်္ဘောနဲ့ဆိုရင် အချိန် သုံးနာရီလောက်ကြာမယ်။ ရဟတ်ယာဉ်နဲ့ဆို ၁၅ မိနစ်လောက်နဲ့ ရောက်သွားမယ်။ အဲဒီဘက်က ဟိုတယ်တွေကလည်း ဈေးကြီးတဲ့ အပန်းဖြေဟိုတယ်မျိုးတွေ။ အဲဒီလိုမျိုးဈေးကွက်အတွက် ရဟတ်ယာဉ်ဝန်ဆောင်မှုက လိုအပ်တယ်''ဟု ၄င်းက ပြောသည်။

လက်ရှိတွင် Bell နှင့် ဆွေးနွေးညှိနှိုင်းနေသည့် ကျွန်းပိုင်ရှင်နှင့် ဟိုတယ်လုပ်ငန်းရှင် လေးဦးခန့်ရှိပြီး ထိုအထဲက နှစ်ဦးနှင့် ခရီးသွားလုပ်ငန်းတွင် ရဟတ်ယာဉ်ဝန်ဆောင်မှုနှင့် Sea Plane ဝန်ဆောင်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်ရှိသည်ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း Bell Helicopter မှ အမေရိကန်ဒေါ်လာ သန်း ၁ ဒသမ ၅ သန်းမှ ၂ သန်း တန်းဖိုးရှိ (Bell 505) ရဟတ်ယာဉ်အမျိုးအစားဖြင့် ရန်ကုန်နှင့် နေပြည်တော်လေဆိပ်များတွင် စမ်းသပ်ပျံသန်းပြခဲ့သည်။ အဆိုပါရဟတ်ယာဉ်ဖြင့်ပင် ကော့သောင်းရှိ ကျွန်းများတွင် ဝန်ဆောင်မှုပေးမည်ဖြစ်သည်။

Bell သည် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများတွင် ဝန်ဆောင်မှုပေးလျက်ရှိပြီး မြန်မာနိုင်ငံသည် အနာဂတ်ခရီးသွားလုပ်ငန်းတွင် အလားအလာကောင်း များစွာရှိသောကြောင့် ဈေးကွက်စတင်ရခြင်းဖြစ်သည်ဟု စီးပွားရေးဖွံ့ဖြိုးမှုမန်နေဂျာ မစ္စတာ Eric Ng က ပြောသည်။

''သဘာဝတရားအရ သွားလာရခက်ခဲတဲ့ နေရာတွေရောက်ဖို့၊ လာလည်မယ့် ခရီးသွားဧည့်သည်တွေကို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ဆိုရင် ရဟတ်ယာဉ်ဝန်ဆောင်မှုလိုအပ်ပါတယ်။ မြိတ်ကျွန်းစုရှိ ကျွန်းတွေပေါ်မှာ ပျံသန်းခွင့်ရဖို့နဲ့ လေပိုင်နက်ခွင့်ပြုပေးရေးကိစ္စတွေကို လေကြောင်းပို့ဆောင်ရေးဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်''ဟု Eric Ng က ပြောသည်။

The Myanmar Times Daily Newspaper - Myanmar Version
Myat Htut - Myeik
https://www.facebook.com/pg/Myat-Htut-Myeik-222869948053294
ကော့သောင်းတွင် အပျော်စီး ကျွန်းပတ်ရဟတ်ယာဉ်ဝန်ဆောင်မှု စတင်မည် ကော့သောင်းတွင် အပျော်စီး ကျွန်းပတ်ရဟတ်ယာဉ်ဝန်ဆောင်မှု စတင်မည် Reviewed by THITHTOOLWIN on 12:33 Rating: 5
Powered by Blogger.