နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့တွေ အင်ဒိုနီးရှားကနေ ထွက်ခွာဖို့ အစိုးရညွှန်ကြား


အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ ပြီးခဲ့တဲ့ လကုန်က ငလျင်နဲ့ ဆူနာမိရေလှိုင်းတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တဲ့ နောက်ပိုင်း အကူညီပေးဖို့ လာရောက်တဲ့ နိုင်ငံခြားသားကယ်ဆယ်ကူညီရေး လုပ်သားတွေ နိုင်ငံတွင်းကနေ ပြန်လည်ထွက်ခွါကြဖို့ အင်ဒိုနီးရှား အစိုးရက ပြောကြားလိုက်ပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့က အားပြင်းငလျင်လှုပ်ခဲ့သလို ရိုက်ခတ်လာတဲ့ ဆူနာမိရေလှိုင်းတွေကြောင့် သေဆုံးရသူ ၂ ထောင်လောက် ရှိပြီး ပျောက်ဆုံးနေသူ ၅ ထောင်ကျော်ကတော့ သေဆုံးဖို့ များနေပါတယ်။ လူပေါင်း ၇ သောင်းကတော့ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

အင်ဒိုနီးရှား အမျိုးသား သဘာဝဘေးအန္တရာယ် လျော့ပါးရေး အေဂျင်စီ (BNBP) က နိုင်ငံတကာ NGO အဖွဲ့တွေအတွက် စည်းမျဉ်းစည်းကမ်း အသစ်တွေ ထုတ်ပြန်လိုက်တာ ဖြစ်ပြီး နိုင်ငံရပ်ခြား NGO အဖွဲ့တွေက အင်ဒိုနီးရှားမှာ တာဝန်ချထားတဲ့ သူတို့ရဲ့ နိုင်ငံခြားသားအဖွဲ့ဝင်တွေကို ချက်ချင်း ပြန်ခေါ်ကြဖို့ အကြံပေးထားတာပါ။ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်တဲ့ လုပ်ငန်းတွေ အဆုံးမသတ်ခင်မှာ အခုလို ကြေညာခဲ့တာ ဖြစ်ပြီး အဆုံးသတ် ရက်ကတော့ ကြာသပတေးနေ့ ဖြစ်ပါတယ်။ ဒါဟာ ရောဂါပိုးတွေ ပြန့်နှံ့မယ့် အန္တရာယ်ကို စိုးရိမ်တာကြောင့်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အကူညီပေးတဲ့ အဖွဲ့တချို့ကတော့ အင်ဒိုနီးရှားနိုင်ငံထဲကို သူတို့ရဲ့ ဝန်ထမ်းတွေနဲ့ စက်ပစ္စည်းတွေယူလာရေး ခွင့်ပြုချက်ရဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ပြောပေမယ့် အစိုးရကတော့ NGO တွေ အနေနဲ့ အကူအညီတွေကို အင်ဒိုနီးရှား ကြက်ခြေနီအဖွဲ့ကနေ တဆင့် ပေးပို့ကူညီဖို့ ညွှန်ကြားချက် ထုတ်ထားပါတယ်။

အင်ဒိုနီးရှား အစိုးရဟာ ပြည်တွင်း သဘာဝဘေးအန္တရာယ်တွေ အတွက် နိုင်ငံရပ်ခြား အကူညီပေါ် မှီခိုဖို့တုန့်ဆိုင်းနေတတ်ပြီး ဒီနှစ်အစောပိုင်း Lombok ကျွန်းမှာ ငလျင်ဒဏ်ခံရတုန်းက ပြင်ပ အကူအညီ ယူဖို့ငြင်းဆန်ခဲ့တာပါ။ ဒါပေမယ့် အခု ဆူလာဝေစီ မှာ ပြင်းအား ၇.၅ ငလျင်လှုပ်ခဲ့ရာမှာတော့ အကူညီယူခဲ့ပါတယ်။

အမေရိကန်အစိုးရက ငလျင်နဲ့ ဆူနာမိဒဏ်ခံရတဲ့ အင်ဒိုနီးရှားသဘာဝ ဘေးအန္တရာယ်အတွက် အမေရိကန်ဒေါ်လာ ၃.၇ သန်းဖို့ အကူအညီတွေ ပေးခဲ့ပြီး ဒုက္ခသည်တွေ ကူညီရေးအတွက် အင်ဒိုနီးရှား အစိုးနဲ့ အနီးကပ်လက်တွဲ ဆောင်ရွက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့တွေ အင်ဒိုနီးရှားကနေ ထွက်ခွာဖို့ အစိုးရညွှန်ကြား နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့တွေ အင်ဒိုနီးရှားကနေ ထွက်ခွာဖို့ အစိုးရညွှန်ကြား Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.