နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂျင်နာ တို့ ၂ဝ၁၈ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က တွေ့ဆုံစဉ် / Photo: Myanmar State Counsellor Office
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဘက်က ကူညီဆောင်ရွက်ပေးနိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက RFA ကို ပြောပါတယ်။

"ဒီနေ့မနက်က အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ပါတယ်၊ ရခိုင်ကိစ္စတွေ ဘာတွေ ဆွေးနွေးတာပေါ့၊ ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂက ဘယ်လိုမျိုး ကူညီဆောင်ရွက်ပေးမလဲဆိုတဲ့ဟာတွေ အဓိက ဆွေးနွေးတာပေါ့၊ မနက်ဖြန် သတင်းထဲမှာလည်း ပါပါမယ်"

Mrs. Burgener ဟာ အောက်တိုဘာလ ၁ဝ ရက်နေ့က နေပြည်တော်ကို ရောက်ရှိခဲ့ပြီး ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ မနေ့က တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံရာမှာ ကလေးသူငယ်တွေ စစ်မှုထမ်းတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ ဆက်သွယ်ဆောင်ရွက်နေမှုတွေ အပါအ၀င် ရခိုင်အရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီခရီးစဉ်အတွင်းမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ ပြည်ထောင်စုရှေ့နေချုပ်တို့နဲ့ တွေ့ဆုံဖို့ရှိသလို ရခိုင်ပြည်နယ်ကို သွားရောက်ပြီး ပြည်နယ်အစိုးရနဲ့တွေ့ဖို့ ညှိနှိုင်းဆောင်ရွက်နေကြောင်းလည်း ဦးချမ်းအေးက ပြောပါတယ်။

သူမဟာ ၂ဝ၁၈ ဧပြီလ ၂၆ ရက်နေ့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် တာဝန်ပေးအပ်ခံရပြီးနောက်ပိုင်း မြန်မာနိုင်ငံကို ၂ ကြိမ် လာရောက်ခဲ့ဖူးပါတယ်။

ဒီတစ်ကြိမ်ဟာ Mrs. Burgener ရဲ့ တတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး အချိန်တစ်ပတ် ကြာမြင့်မယ် လို့လည်း သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွေ့ဆုံ နိုင်ငံတော်အတိုင်ပင်ခံနဲ့ ကုလရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွေ့ဆုံ Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.