နမ့်ဆန်မြို့နယ်အတွင်း နှစ်ရက်​ဆက်တိုက် မိုင်းပေါက်ကွဲ ရွာသားနှစ်ဦးဒဏ်ရာရ

ဓာတ်ပုံ- Facebook

အောက်တိုဘာ ၁၉ ရက်၊ နမ့်ဆန်။

နမ့်​ဆန်​မြို့နယ်​တွင်​ ​အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက် နှစ်ရက်ဆက်တိုက် မိုင်းပေါက်ကွဲ၍ အောက်မန်ကန်ရွာသား ဦးအိုက်နူးနှင့် ဟိုချောင်းရွာသား မောင်ဝင်းထွေးတို့နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်​။

နမ့်ဆန်မြို့နယ် မန်ကန်ကျေးရွာအုပ်စု အောက်မန်ကန်ကျေးရွာသား ဦးအိုက်နူးသည်​ ယနေ့ ​အောက်​တိုဘာ ၁၉ ရက် နံနက် ၈ နာရီခွဲ ဝန်းကျင်ခန့်တွင် မိုင်းနင်းမိ၍ ညာခြေဖနောက်ပြင်းထန်​စွာ ဒဏ်ရာရရှိခဲ့သည်​။

ဓာတ်ပုံ- Facebook

ဦးအိုက်နူးသည် လက်ဖက်ခူးရန်သွားရာမှ နမ့်ဆန်-မန္တလေးလမ်းမကြီး ၁၂ မိုင်ခွဲ လုံတောက်လမ်းခွဲတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။

ဦးအိုက်နူး၏တူမဖြစ်သူ မသီတာက “အဒေါ်နဲ့ ဦးလေးက လက်ဖက်ခူးသွားတယ်။ မနက် ၉ နာရီလောက် ဦးလေးက မိုင်းနင်းမိတယ်လို့ သတင်းရတယ်။ ညာခြေဖနောက် ထိသွားတယ်” ဟု ပြောသည်။

အလားတူ အောက်တိုဘာလ ၁၈ ရက် ညနေ ၅ နာရီခန့်၌ နမ့်ဆန်မြို့နယ် ဟိုချောင်းကျေးရွာ ပျားအုံရပ်ကွက်နေထိုင်သည့် မောင်ဝင်းထွေးသည် ဆိုင်ကယ်ဖြင့် မြို့ကို ဈေးဝယ်ရန်သွားရာမှ ကြိုးမိုင်းဝင်တိုက်မိ၍ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

၎င်းတို့ နှစ်ဦးကို လူမှုကူညီရေးအသင်းက ဆေးကုသရန် နမ့်ဆန်ဆေးရုံကြီးသို့ ပို့ဆောင်ထားခဲ့ပြီဖြစ်​သည်​။

အဆိုပါ​ဒေသတွင်​ တပ်​မ​တော်​နှင့်​ TNLA တို့ လှုပ်ရှားရာနယ်​​မြေဖြစ်​ပြီး လက်​နက်​ကိုင်​များ သွားလာလှုပ်​ရှားသည်​ကို မမြင်​​တွေ့ရသည်​မှာ ကြာမြင့်ပြီဖြစ်​ပြီး မည်​သည့်​လက်​နက်​ကိုင်​၏ မိုင်း ဖြစ်သည်ကိုမူ မသိရှိကြောင်း ​ဒေသခံများက ​ပြောသည်။

Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
နမ့်ဆန်မြို့နယ်အတွင်း နှစ်ရက်​ဆက်တိုက် မိုင်းပေါက်ကွဲ ရွာသားနှစ်ဦးဒဏ်ရာရ နမ့်ဆန်မြို့နယ်အတွင်း နှစ်ရက်​ဆက်တိုက် မိုင်းပေါက်ကွဲ ရွာသားနှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.