ကျောက်တော်မြို့လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ကြံ့ခိုင်ရေးပါတီမှ အဆောက်အဦးဆောက်လုပ်မှု ဒေသခံပြည်သူများကန့်ကွက်
(လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ အဆောက်အအုံ ဆောက်လုပ်နေမှု မြင်ကွင်း) |
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်ကွင်းတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အဆောက်အဦးဆောက်လုပ်နေမှုကို ဒေသခံပြည်သူများမှ ကန့်ကွက်ထားကြောင်း သတင်းရရှိသည်။
၎င်းလွတ်လပ်ရေးကျောက်တိုင်ကွင်းမှာ အများပြည်သူပိုင် မြေဖြစ်ပြီး ၎င်းလွတ်လပ်ရေး အထိမ်းအမှတ် ကျောက်တိုင်ကွင်း မြေပေါ်တွင် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ တစ်ပါတီမှ အဆောက်အဦး ဆောက်လုပ်ခြင်းကို လက်မခံနိုင်သဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ကျောက်တော် ဒေသခံ ဦးဇော်ဝင်းက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။
“ ဒီမြေက အများပြည်သူပိုင်မြေဖြစ်ပါတယ်။ သမိုင်းဝင် မြေဖြစ်တယ်။ ဒါကို ကြံ့ခိုင်ရေး ပါတီက ဟိုတုန်းကတည်းက မြေငှား ဂရမ်လုပ်ပြီး အဆောက်အဦးဆောက်လုပ်နေပါတယ်။ ဒါကို မြို့ခံလူတွေက မကျေနပ်တဲ့ အတွက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဆီစာရေးပြီး ကန့်ကွက်ထားပါတယ်။ စာကို နိုင်ငံတော် သမ္မတကြီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါအ၀င် ၀န်ကြီးဌာနတွေကို မိတ္တူပေးထားပါတယ်” ဟု သူက ဆိုသည်။
၎င်းမြေပေါ်တွင် ကျောက်တော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ (၃၀* ၆၀) ပေ RC ၂ ထပ် အဆောက်အဦး တစ်ခုကို ဆောက်လုပ်နေကြောင်း၊ ၎င်းမြေပေါ်တွင် အဆောင်များဆောက်ပြီး ဈေးဆိုင်အဖြစ်ငှားရမ်းထားမှုများလည်းရှိကြောင်း သူက ပြောဆိုသည်။
“ ဒီမြေပေါ်မှာ အဆောက်အဦးဆောက်လုပ်တာကို ကျောက်တော်ဒေသခံတွေက ကန့်ကွက်တော့ ဦးမင်းအောင် ပြည်နယ် စည်ပင်ဝန်ကြီးဖြစ်တုန်းက ဒီလွတ်လပ်ရေး ကျောက်တိုင်ကွင်း မြေပေါ်မှာ အဆောက်အဦးဆောက်လုပ်တာကို ရပ်ဆိုင်းဖို့ ညွှန်ကြားခဲ့တယ်။ အခု သိပ်မကြာခင်က ပြန်ပြီး ဆောက်နေတာကို တွေ့ရတယ်။ ပြည်နယ် စည်ပင်ညွှန်မှူးက ကန့်ကွက်စရာ မရှိလို စာထုတ်တဲ့ နောက်ပိုင်းမှာ အခုလို အဆောက်အဦးကို ဆောက်လုပ်လာတယ်လို့ သိရပါတယ်” ဟု ကိုဇော်ဝင်းက ပြောကြားသည်။
ထိုသို့ ကျောက်တော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီမှ အဆောက်အဦးဆောက်လုပ်နေသဖြင့် ကျောက်တော်မြို့သူ မြို့သားများမှ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံသို့ စာရေးပြီး ယခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့က ပေးပို့ခဲ့သည်ဟု သိရသည်။
၎င်းစာထဲတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ (၉-၆-၂၀၁၇) ရက်နေ့ ကျင်းပပြုလုပ်သော အစည်းအဝေး အမှတ်စဉ် (၃၄/၂၀၁၇)ဆုံးဖြတ်ချက် အပိုဒ်(၄) အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ်(၃၇) အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပေ (၃၀*၆၀) ရှိ RC ၂ ထပ်အဆောက်အဦးဆောက်လုပ်နေမှုအား ရပ်ဆိုင်းထားရန်နှင့် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေး စာရင်းအင်းဦးစီးဌာနမှ မြေရာဇ၀င် စီစစ်တင်ပြရန် ဆုံးဖြတ်ထားခဲ့ကြောင်း၊ သို့သော် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွတ်လပ်ရေး ကျောက်တိုင် မြေနေရာအား ၎င်းတို့အနေဖြင့် မြေငှားဂရန် ရရှိထားသည်ဟုဆိုကာအဆောက်အဦးများ ဆက်လက်ဆောက်လုပ်နေကြောင်း ပါရှိသည်။
၎င်းပြင် စာထဲတွင် ကျောက်တော်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်ကို ကွယ်ဖျောက်ကြပြီး ကျောက်တိုင်မြေနေရာတွင် မိမိတို့ကိုယ်ကျိုးအတွက် နေအိမ်ဆောက်လုပ်နေထိုင်ကြခြင်း၊ ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေခြင်း ပြုလုပ်နေကြသူများကို မြန်နိုင်ငံ၏ တည်ဆဲ ဥပဒေများနှင့် အညီ ဖယ်ရှားပေးရန်လည်း တောင်းဆိုထားသည်။
အဆိုပါ မြေကိစ္စနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် စည်ပင် ဥက္ကဋ္ဌ ဦးမောင်ဝင်းအား နိရဉ္စရာ သတင်းဌာနက ဆက်သွယ်ရာ သူက “ ကျွန်တော်တို့ လေ ၂၀၁၇ ခုနှစ်က ကျွန်တော်က စည်ပင် ကော်မတီ အဖွဲ့ဝင်ပါ။ ယင်းအချိန်မှာ သူတို့မှာ မြေစာရင်းက မြေငှားဂရမ်ရှိပါတယ်။ သူတို့မှာက အနီးပတ်ဝန်းကျင်က ထောက်ခံချက်ပေးတယ်။ ကျွန်တော်တို့ စည်ပင်ကို ဆောက်လုပ်ခွင့် တောင်းပါတယ်။ စည်ပင်က နေရာပေးတာ မဟုတ်ပါ။ ဆောက်လုပ်ခွင့် ပိုင်ဆိုင်မှု တစ်စုံတစ်ရာ ရှိရင် ဆောက်လုပ်ခွင့်ကို ထောက်ခံပေးတဲ့ သဘော ဖြစ်ပါတယ်။ အဲဒီအချိန်က လုပ်ထုံးလုပ်နည်းနဲ့ ညီရင် ကန့်ကွက်စရာ မရှိပါကြောင်း ထောက်ခံချက်ပေးခဲ့ရပါတယ်။ အဲဒီတုန်းက စလို့ ဆောက်ပါတယ်” ဟု ပြောသည်။
၎င်းနောက်ပိုင်း ဦးမင်းအောင်စည်ပင် ၀န်ကြီးအဖြစ် ရှိစဉ်ကို ၂၀၁၇ ခုနှစ်က ၎င်းမြေနေရာတွင် အဆောက်အဦးဆောက်လုပ်ခြင်း ရပ်နားထားရန် ညွှန်ကြားခဲ့ကြောင်း၊ ဦးမင်းအောင် တာဝန်မှ ရပ်စဲခံရပြီးနောက် ပြည်နယ် စည်ပင်က ခွင့်ပြုချက်ရသည်ဟု ဆိုကာ ဆက်လက် ဆောက်လုပ်လာခြင်း ဖြစ်ကြောင်း သူက ပြောသည်။
“ ကျွန်တော်ကို ကြံ့ခိုင်ရေး ဗဟိုအီးစီ အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးလှထွန်းက ကျွန်တော်ကို နုတ်နဲ့ လာပြောပါတယ်။ ဒီနေရာမှာ စည်ပင်ပြည်နယ်ညွှန်မှူးက ဆောက်ခွင့်ပြုပါတယ်။ ကျွန်တော်တို့ စဆောက်တော့မယ်လို့ ပြောပါတယ်။ ကျွန်တော်က အမှုဆောင်အရာရှိကို နုတ်နဲ့ ပြောလို့ မရဘူး။ ကျွန်တော်က တားခိုင်းပါတယ်။ သူတို့ အဲဒီနေရာမှာ သဲဖြည့်ပါတယ်။ အမှုဆောင်အရာရှိက နုတ်နဲ့ တားတော့ သူတို့က ခွင့်ပြုချက်မရဆိုတာကို သိသွားပါတယ်။ ဒါနဲ့ သူတို့ ပြည်နယ်ကို ထပ်ပြီး လိုက်ပါတယ်” ဟု စည်ပင် ဥက္ကဋ္ဌ ဦးမောင်ဝင်းက ပြောကြားသည်။
ရခိုင်ပြည်နယ် စည်ပင်ညွှန်မှူးမှ မြေရာဇ၀င်သည် လယ်ယာမြေစီစစ်ရေး ကော်မတီကို တင်ပြထားကြောင်း၊ ၎င်းမြေမှာ တရားဝင်ဟု ဆိုလျှင် ပြည်နယ် စည်ပင်အနေဖြင့် ကန့်ကွက်စရာ တစ်စုံတစ်ရာမရှိပါကြောင်း စာထုတ်သဖြင့် ၎င်းစာအပေါ် အခြေခံပြီး ကြံ့ခိုင်ရေးပါတီမှ ဆက်လက် အဆောက်အဦး ဆောက်လုပ် နေခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
မြို့နယ် မြေစာရင်း၏ သတင်းအရ ကြံ့ခိုင်ရေး ပါတီ၏ မြေငှားဂရမ်မှာ ၂၀၁၈ ၈ လပိုင်းတွင် အငှားဂရမ် ကုန်ပြီဟု သိရကြောင်း၊ သို့အတွက် မြို့ခံများမှ ဤနေရာသည် ပါတီ တစ်ခု၏ အသုံးပြု မြေနေရာ မဖြစ်သင့်ကြောင်းဟု ဆိုကာ ပြည်နယ်ဝန်ကြီးချုပ်ထံစာရေး တိုင်ကြားခြင်း ဖြစ်ကြောင်း သိရသည်။
လက်မှတ်ရေးထိုးစာတင်ရာတွင် လူပေါင်း ၇၀၀ ကျော်ထိ ပါဝင်ပြီး ပြည်နယ် အစိုးရ၏ ဆုံးဖြတ်ချက်ကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်လျက် ရှိနေကြောင်း ဦးဇော်ဝင်းမှ ပြောကြားသည်။
ကျောက်တော်မြို့နယ် ကြံ့ခိုင်ရေး ပါတီ တာဝန်ရှိသူများသို့ ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။
Narinjara
https://www.facebook.com/pg/Narinjara
ကျောက်တော်မြို့လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ကြံ့ခိုင်ရေးပါတီမှ အဆောက်အဦးဆောက်လုပ်မှု ဒေသခံပြည်သူများကန့်ကွက်
Reviewed by THITHTOOLWIN
on
20:47
Rating: