ပါကစ္စတန်က တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြန်တွင် အထူးစီးပွားရေးဇုန် အမြန်တည်ဆောက်လို

ပါကစ္စတန်နိုင်ငံ ၀န်ကြီးချုပ် Imran Khan အား တွေ့ရစဉ်(ဆင်ဟွာ)
အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်မူဘောင်အောက်တွင်  အထူးစီးပွားရေးဇုန်လျှင်မြန်စွာ အကောင် အထည်ဖော်တည်ဆောက်ရန် အလေးထား ဆောင်ရွက်သင့်ကြောင်း ၊ ထိုသို့ လုပ်ဆောင်ခြင်းမှာ နိုင်ငံအတွင်း ထုတ်ကုန်လုပ်ငန်းများ ခေတ်မီတိုးတက်လာစေရန်နှင့် လူငယ်လူရွယ် များအတွက် အလုပ်အကိုင်အခွင့်အလမ်းအများအပြား ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ၀န်ကြီးချုပ်  Imran Khan က အောက်တိုဘာ ၈ ရက်နေ့တွင် ကျင်းပသည့် အစိုးရအဆင့်မြင့်အရာရှိ ဆွေးနွေးပွဲတွင် အလေးအနက်ထား ပြောကြားခဲ့ကြောင်း သိရသည်။

ပါကစ္စတန်ဝန်ကြီးချုပ်ရုံးမှ  ထိုနေ့တွင်ပင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ  ယခုကျင်းပသည့် ဆွေးနွေးပွဲတွင် ၀န်ကြီးချုပ် Imran Khanက တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်နှင့်ဆက်စပ်သည့် စီမံကိန်းများကို လျှင်မြန်စွာ အကောင်အထည်ဖော်ခြင်းသည် တရုတ်-ပါကစ္စတန် နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေး အလားအလာကောင်းများကို  အထောက်အကူပြုနိုင်မည်ဖြစ်သလို ဒေသတစ်ခုလုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ပေးနိုင်မည်ဖြစ်ကြောင်း ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ စီးပွားရေးစင်္ကြန်အတွင်း ပါဝင်လာရန် နှိုးဆော်ကြောင်း  ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အပြင် ၀န်ကြီးချုပ် Imran Khanက တရုတ်-ပါကစ္စတန် နှစ်နိုင်ငံ၏ခိုင်မာသော မဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေးသည် ပါကစ္စတန်နိုင်ငံ သံတမန်ဆက်ဆံရေး၏ အခြေခံအုတ်မြစ်ဖြစ်သည် ဟု ထပ်လောင်းပြောကြားခဲ့ကြောင်း အဆိုပါကြေညာချက် တွင် ဖော်ပြထားသည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်တည်ဆောက်မှုသည် ပါကစ္စတန်နိုင်ငံ၏ လူမှုရေး၊ လယ်ယာ စိုက်ပျိုးရေး နှင့် အခြားကဏ္ဍများတွင် တရုတ်နိုင်ငံထံမှ အတူယူလေ့လာရန် အခွင့်အလမ်းကောင်း ဖြစ်ကြောင်း ၊ အထူးသဖြင့် လယ်ယာကဏ္ဍတွင် တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ နည်းပညာများကို လေ့လာလာကာ လယ်ယာထွက်ကုန်ပမာဏကို တိုးမြှင့်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 

(Xinhua)
http://www.xinhuamyanmar.com
ပါကစ္စတန်က တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြန်တွင် အထူးစီးပွားရေးဇုန် အမြန်တည်ဆောက်လို ပါကစ္စတန်က တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြန်တွင် အထူးစီးပွားရေးဇုန် အမြန်တည်ဆောက်လို Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.