ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ထူးချွန်ဆရာဆု မသန်စွမ်းဆရာမရရှိ

ဆရာမနဲ့ တပည့်များ ရွာကျောင်းကလေးမှာ
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ထူးချွန်ဆရာဆု ကို ပုဂံမြို့နားက အရှေ့သီရိရွာက မသန်စွမ်း ဆရာမ တယောက်က ဆွတ်ခူးခဲ့ပါတယ်။

အောက်တိုဘာလ ၅ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့မှာ အထက်တန်းကျောင်းခွဲက မသန်စွမ်း ဆရာမဒေါ်အိအိညိမ်းကို မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ထူးချွန်ဆုပေးဖို့ ရွေးချယ် လိုက်ပါတယ်။

မသန်စွမ်းဖြစ်လို့ အစိုးရကျောင်းမှာ ဆရာမ အဖြစ် အလုပ်လျှောက်ခဲ့ပေမယ့် အကြိမ်ကြိမ် ငြင်းပယ်ခဲ့ရတဲ့ စေတနာ့ဝန်ထမ်းဆရာမကို ရွေး ချယ်ခဲ့တာပါ။

သူ့ရွာမှာ လုပ်အားပေး ဆရာမအဖြစ် ကလေးတွေကို ၁ဝ နှစ်ကျော် စာသင်ပေးခဲ့ပါတယ်။

သူ့ရဲ့ ဖြူစင်တဲ့ စေတနာကို အသိအမှတ်ပြုလိုတာနဲ့အတူ မသန်စွမ်းတွေကို ခွဲခြားမှုတွေ ရှိနေတာကို မီးမောင်းထိုးပြချင်လို့ ဒီဆုပေးတာလို့ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဒေါက်တာ ဇော်မျိုးလှိုင်က ပြောပါတယ်။

ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို အောက်တိုဘာ ၇ ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်က ဦးဆောင်ပြီး တောင်ငူမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အစိုးရဝန်ထမ်းကျောင်းဆရာမအဖြစ် ငြင်းပယ်ခံရတုန်းက စိတ်အားငယ်ခဲ့ပေမယ့် စေတနာ့ဝန်ထမ်းကတဆင့် အခုလို အသိအမှတ်ပြုခံရတာကို ဆရာမဒေါ်အိအိညိမ်းက ဝမ်းမြောက်ကြောင်း ပြောပါတယ်။

ရွာမှာ ဆရာမလုံလောက်လို့ လုပ်အားပေးအနေနဲ့ ဝင်လုပ်လာရင်း ဘွဲ့ရတဲ့ ကျောင်းသားတွေ ရှိလာနေသလို သူ့ကိုပဲ နှစ်တိုင်း ပြန်ခေါ်ပေးဖို့ မိဘတွေက တောင်းဆိုတယ်လို့လည်း ဆရာမက ဆိုပါတယ်။

၂၀၁၆ ခုနှစ်ကစပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်က ကမ္ဘာ့ဆရာများနေ့ ရောက်တိုင်း တမူထူးခြားပြီး စံနမူနာဖြစ်ထိုက်တဲ့ ဆရာ၊ ဆရာမတွေကို ရွေးချယ်ပြီး ဆုချီးမြှင့်လာတာပါ။

ကျောင်းသားတွေကို ကဗျာရွတ်ပြီး စာသင်ပေးတဲ့ ပေါက်မြို့နယ်က ဆရာမဒေါ်မြင့်မြင့်ဇော်၊ တိုက်ပွဲမှာ ကလေးတွေကို ကယ်တင်ခဲ့တဲ့ ကချင်ပြည်နယ်က ဆရာမဒေါ်ရူပါငယ်နဲ့ ယာဉ်တိုက်မှုတခုမှာ ကျောင်းသား တယောက်ကို ကယ်ရင်း သေဆုံးသွားတဲ့ မှော်ဘီမြို့က ဒေါ်သန်းသန်းဌေးတို့ အသီးသီးရရှိခဲ့ပါတယ်။
ရွာမှာ ဘွဲ့ရတဲ့ကျောင်းသားတွေ ရှိလာပြီလို့ဆို 
BBC Burmese
https://www.bbc.com/burmese
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ထူးချွန်ဆရာဆု မသန်စွမ်းဆရာမရရှိ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ထူးချွန်ဆရာဆု မသန်စွမ်းဆရာမရရှိ Reviewed by THITHTOOLWIN on 23:03 Rating: 5
Powered by Blogger.