ပလက်ဝတွင် အစိုးရ၀န်ထမ်းဓာတ်မှန်မှူးတစ်ဦး အေအေနှင့်ဆက်စပ်မှု ရှိ/မရှိ ခေါ်ယူစစ်ဆေးမေးမြန်းခံရ


နိရဉ္စရာ၊ အောက်တိုဘာ ၂၃

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ပရဟိတလုပ်သူ အစိုးရဝန်ထမ်း ဓာတ်မှန်မှူးတစ်ဦးအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးမေးမြန်းမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မေးမြန်းခံရသူမှာ ပလက်ဝမြို့တွင် ပရဟိတလုပ်ကိုင်နေသူ ဆေးဖက်ကျွမ်းကျင် (၃) ဓာတ်မှန်မှူး ကိုတင်ထွန်းအောင်ဖြစ်ပြီး အောက်တိုဘာ ၁၉ ရက်နေ့က ပလက်ဝမြို့နယ် ဆေးရုံတွင် တာဝန် ထမ်းဆောင်နေသည့် ဆရာဝန် ၃ ဦးမှ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့သည်ဟု သိရသည်။

“စစ်ဆေးမေးမြန်းတာက သူတို့ သံသယရှိလို့စစ်ဆေးမေးမြန်းတာပါ။ မေးခွန်း ၂၂ ခုလောက်မေးပါတယ်။ မေးခွန်း မိတ္တူကိုတော့ ကျွန်တော်ကို မပေးဘူး။ သူတို့အဓိက မေးတာက ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက် ဆက်နွယ်မှုရှိတယ်ဆိုတဲ့အထင်နဲ့ မေးခွန်းတွေ အများအပြားမေးကြတယ်။ ပြီးတော့ ဒီပရဟိတ လုပ်တာ ဘယ်ကရန်ပုံငွေနဲ့ လုပ်တာလဲ။ ဘယ်က ကူညီထောက်ပံ့ပေးတာလဲပေါ့။ အဲဒါတွေကို အဓိကထားမေးပါတယ်”ဟု ဓာတ်မှန်မှူး ကိုတင်ထွန်းအောင်က နိရဉ္စရာ သတင်းဌာနသို့ပြောသည်။

မေးမြန်းစစ်ဆေးသည့် ဆရာဝန်များမှာ ပလက်ဝမြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး၊ လက်ထောက်ဆရာဝန် ဒေါက်တာဝေယံပိုင်နှင့် သွားဖက်ဆိုင်ရာဆရာဝန် ဒေါက်တာ အေးကျော် တို့ဖြစ်ကြောင်း သူက ပြောကြားသည်။

“ စစ်ဆေးမေးမြန်းတာကို အောက်တိုဘာ ၁၉ ရက် မွန်းလွဲ၂ နာရီခန့်မှာ ပြုလုပ်ခဲ့တယ်။ အချိန်တစ်နာရီ ခွဲခန့် လောက်ကြာပါတယ်။ စစ်ဆေးမေးမြန်းတဲ့အပေါ် ဖြေရှင်းချက် တစ်ချို့လည်း ပေးခဲ့ရပါတယ်။ လက်မှတ်လည်း ၅ စောင်ထိုးပေးခဲ့ရတယ်။ စစ်ဆေးတွေ့ရှိချက်ကို ပြည်နယ်တင်ရမယ်လို့ ပြောပါတယ်” ဟု ကိုတင်ထွန်းအောင်က ပြောသည်။

စစ်ဆေးမေးမြန်းချက်တွေကို ချင်းပြည်နယ်အစိုးရ၏ ညွှန်ကြားချက်အရ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မေးခွန်းများ ကိုလည်း ပြည်နယ်အစိုးရမှပင် ပေးပို့မေးမြန်းစေခဲ့သည်ဟု ဆိုသည်။

ဖြေရှင်းချက်ပေးရာတွင် သံသယဖြင့် AAနှင့် ပတ်သက်နေသည်ဆိုသော စွပ်စွဲချက် အပေါ် ဖြေချင်းချက် ပေးရခြင်း၊ ပလက်ဝမြို့ နယ် ပြည်သူ့ လူထုများအား သွေးထိုးနှိုးဆော်မှုများ ပြုလုပ်နေသည်ဟု မဟုတ်မမှန် သတင်းများအား သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနသို့ တင်ပြထားသည့်အတွက် ဖြေချင်းချက်ပေးရခြင်း ၊ “ပလက်ဝမြို့ နယ်သည် ချင်းပြည်နယ်ကို လက်ခံသည်/ သမိုင်းသည် ချင်းပြည်နယ်မဟုတ်” စာသားပါ အကျီ င်္ ကိစ္စ ဖြေရှင်းချက်ပေးရခြင်း၊ ပလက်ဝမြို့ ပြည်ခိုင်ဖြိုးပါတီရုံးရှေ့တွင် စစ်ဘေးရှောင်ဆိုင်ဘုတ်တွင် ရခိုင်တံဆိပ်နှင့် ရခိုင်အလံပါရှိသည့်အတွက် ပြည်ခိုင်ဖြိုးပါတီဝင်တာဝန်ရှိသူမှ လူမျိုးတစ်မျိုး၏ အမှတ်အသား တံဆိပ်အား ပုတ်ခတ် ပြောဆိုမှုအား Fbပေါ်တင်ပြခဲ့သည့်အတွက် ဖြေချင်းချက်ပေးရခြင်း၊ တင်ထွန်းအောင် ပရဟိတလူငယ်အဖွဲ့ အား ရခိုင်လူမျိုးစွဲပရဟိတအဖွဲ့ ဟု မဟုတ်မမှန် စွပ်စွဲ ထားသဖြင့် လူမျိုးဘာသာမရွေး ကူညီထောက်ပံ့ထားခြင်းများရှိသည်အပေါ် စစ်ဘေးရှောင် ကျေးရွာစာရင်းနှင့် လူမျိုးစာရင်းအမည်များနှင့်အတူ ဖြေရှင်းချက်ပေးရခြင်း ဖြစ်ကြောင်း ကိုတင်ထွန်းအောင်က ပြောသည်။

တင်ထွန်းအောင် ရဟိတလူငယ်အဖွဲ့ အမည်တပ်ပြီး ကူညီပေးရခြင်းမှာ ယခင်က ရခိုင်မျိုးချစ်လူငယ် ပရဟိတ အဖွဲ့နာမည်ဖြင့် ပရဟိတ အလုပ်များ လုပ်ဆောင်ခဲ့ကြပြီး စစ်ပြေးရှောင်ပြည်သူလူထုသို့ ဖြန့်ဝေမည့် ဆန်များသယ်ဆောင် ခွင့်မပေးသည့်အတွက် တင်ထွန်းအောင်ပရဟိတ လူငယ်အဖွဲ့ ဟု နာမည်ပေးခဲ့ရပြီး ၂၀၁၇ နိုဝင်ဘာလ အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ကြောင့် စစ်ဘေးရှောင်ပြည်သူ ၈၀ ခန့်ကို ကူညီပေးခဲ့ကြောင်းသိရသည်။

ကိုတင်ထွန်းအောင်အား စစ်ဆေးမှုနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းသူ ပြည်နယ် ဆရာဝန်သုံဦးမှ လက်ထောက် ဆရာဝန် ဒေါက်တာ ဝေယံပိုင်အား ဆက်သွယ်မေးမြန်းခဲ့ရာ ၄င်းက အလုပ်များနေကြောင့် မအားသေးတာကြောင့် နောက်မှဘဲ မေးပါဟု ဖြေကြားကာ ဖုန်းချသွားခဲ့သည်။

သိန်းဇော်(မောင်တော)
Narinjara
https://www.facebook.com/pg/Narinjara-151742128171206
ပလက်ဝတွင် အစိုးရ၀န်ထမ်းဓာတ်မှန်မှူးတစ်ဦး အေအေနှင့်ဆက်စပ်မှု ရှိ/မရှိ ခေါ်ယူစစ်ဆေးမေးမြန်းခံရ ပလက်ဝတွင် အစိုးရ၀န်ထမ်းဓာတ်မှန်မှူးတစ်ဦး အေအေနှင့်ဆက်စပ်မှု ရှိ/မရှိ ခေါ်ယူစစ်ဆေးမေးမြန်းခံရ Reviewed by THITHTOOLWIN on 09:10 Rating: 5
Powered by Blogger.