နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း အမျိုးသမီး(၁)ဦးကို မီးရှို့သတ်ခဲ့သည့် တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့


နေပြည်တော်၊ အောက်တိုဘာ ၃၀

၂၈-၁၀-၂၀၁၈ရက်နေ့ ည၇ နာရီ ၁၅ မိနစ်အချိန် ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်၊ ကျွန်းချောင်း(၂)လမ်း၊ အိမ်အမှတ်(၂၀၄၂)တွင် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်၍ ဓာတ်လိုက်သေဆုံးကြောင်း သတင်းအရ ဘုရားကုန်းမြို့မရဲစခန်းမှူး ဒုရဲမှူး တင်ဌေးနှင့်တပ်ဖွဲ့ဝင်များသည် သက်သေဥတ္တရသီရိရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးပါ(၃)ဦးတို့နှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဥတ္တရသီရိရပ်ကွက်၊ ကျွန်းချောင်း(၂)လမ်း၊ အိမ်အမှတ်(၂၀၄၂)ရှိ အိပ်ခန်းအတွင်း ရေချိုးခန်းအတွင်း၌ We & We ဆောက်လုပ်ရေးကုမ္ပဏီဒါရိုက်တာ ဒေါ်ခင်ထွေးဝင်းသန်း (ခ)မမီးငယ်(၄၇)နှစ်သည် နေအိမ်အိပ်ခန်းအတွင်း ရေချိုးခန်းထဲတွင် မီးလောင်သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဒေါ်ခင်ထွေးဝင်းသန်း(ခ)မမီးငယ်အား မီးရှို့သတ်ခဲ့သူ တရားခံအား စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန် ဘုရားကုန်းမြို့မရဲစခန်း(ပ)၆၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ အခင်းဖြစ်ရပ်နှင့်ပတ်ဝန်းကျင်အား ကြည့်ရှု့စစ်ဆေးခြင်း၊ အခင်း ဖြစ်ရပ်မှကျန်ရှိသည့်သက်သေခံပစ္စည်းများနှင့် DNAဆိုင်ရာအချက်အလက်များအားရယူ ခြင်းများ ဆောင်ရွက်ပြီး သေဆုံးသူ၏ နေအိမ်မှ လက်တော့(၁)လုံး၊ ဟန်းဖုန်း(၃)လုံးနှင့် YGN/7C-9401 Caldina အဖြူရောင် ယာဉ်အားယူဆောင်သွားသဖြင့် စစ်ဆေးရေး ဂိတ်များအား ဖြတ်သန်းမောင်းနှင် ခြင်းရှိ/မရှိ သတင်းစုံစမ်းခဲ့ရာ ၂၉-၁၀-၂၀၁၈ရက်နေ့ဝ၁၃၀အချိန်ခန့် တပ်ကုန်းမြို့၊ ကင်းသာစစ်ဆေးရေးဂိတ်တွင် YGN/7C-9401 Caldina အမျိုးအစား အဖြူရောင်ယာဉ်အား လူငယ်တစ်ဦး မောင်းနှင်၍ စစ်ဆေးမှုမခံဘဲမောင်းပြေး သွားကြောင်း သတင်းရရှိသဖြင့် မသင်္ကာဖွယ်ရှိသူများ၏ ဓာတ်ပုံအား ပြသအတည်ပြုခဲ့ရာ ယာဉ်မောင်းသူမှာ မျိုးကျော်သက်(၂၅)နှစ်(ယခင် ဒေါ်ခင်ထွေးဝင်းသန်း(ခ)မမီးငယ်၏ လုပ်ငန်းသုံး ကားအား မောင်းနှင်ခဲ့ပြီး အလုပ်မှ ထုတ်ပယ်ခံထားရသူ) ဖြစ်ကြောင်း အတည်ပြုရရှိခဲ့ပြီး ဆက်လက်စုံစမ်းရှာဖွေစဉ် ရန်ကုန်-မန္တလေးလမ်းဟောင်းမိုင်တိုင်အမှတ် (၂၇၃/၄) အနီး ပုဏ္ဏမကျေးရွာ အဝင်မြေသားလမ်းပေါ်တွင် ယာဉ်မောင်းနှင်သူမရှိဘဲ YGN/7C-9401 Caldina အမျိုးအစား အဖြူရောင်ယာဉ်အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

 ပြစ်မှုကျူးလွန်သူ မျိုးကျော်သက် နေထိုင်သည့် ပျဉ်းမနားမြို့နယ်၊ သနပ္ပင်အုပ်စု၊ သနပ္ပင်ဆိပ် (အနောက်)ရွာရှိ နေအိမ်အားစောင့်ကြပ် ကြည့်ရှုခြင်း၊ ၎င်း၏မိဘနှင့် ဆွေမျိုးများအား ပြစ်မှုကျူးလွန်သူ မျိုးကျော်သက်အနေဖြင့် ဥပဒေဘောင်အတွင်းမှ ရင်ဆိုင်ဖြေရှင်း နိုင်ရေးအတွက် စည်းရုံးပြောဆိုခြင်းတို့ဆောင်ရွက်ခဲ့ရာ မျိုးကျော်သက်မှ ၎င်း၏ဖခင်ဖြစ်သူထံ ဖုန်းဖြင့်(viber) ဆက်သွယ်ရာတွင် ဖခင်ဖြစ်သူ၏စည်းရုံးပြောဆိုမှုကြောင့် ၃၀-၁၀-၂၀၁၈ရက်နေ့ နံနက်ဝ၇၁၅အချိန်၌ ၎င်း၏နေအိမ်သို့ပြန်လည် လာရောက်၍ အမှုဖြင့်ဖမ်းဆီးမှုခံယူခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူ မျိုးကျော်သက်အား စစ်ဆေးရာ ၎င်းမှာ ၂၈-၁၀-၂၀၁၈ရက်နေ့ နံနက်(၁၀) နာရီ အချိန်ခန့်တွင် ယခင်အလုပ်လုပ်ခဲ့ဖူးသည့် We&We ကုမ္ပဏီပိုင်ရှင် ဒေါ်ခင်ထွေးဝင်းသန်း(ခ)မမီးငယ်နေအိမ်သို့ သွားရောက်၍ တွေ့ဆုံ၍ အလုပ်ပြန်ခန့်ရန် ညှိနှိုင်းပြောဆိုစဉ် စကားများပြီး ဒေါ်ခင်ထွေးဝင်းသန်း(ခ)မမီးငယ်မှာ အိမ်သာအတွင်းသို့ ပြေးဝင် တံခါးဂျတ်ထိုးရန်ပြုလုပ်စဉ် စိတ်မထိန်းနိုင်ဖြစ်ကာ အိမ်သာတံခါးအား ဆောင့်ကန်ခဲ့ပြီး ဒေါ်ခင်ထွေးဝင်းသန်း(ခ)မမီးငယ်မှာ လှဲကျသွားစဉ် အနီးရှိသစ်သားတုံးဖြင့် ဦးခေါင်းအား ထုနှက်ခြင်း၊ ဘောင်းဘီအိတ်ကပ်ထဲတွင် အသင့်ပါလာသည့် ဓါးမြှောင်ဖြင့် ရင်အုံနှင့် နောက်ကျောတို့အား ထိုးခဲ့ကြောင်း၊ ဆက်လက်၍ ကြံရာမရဖြစ်ပြီး ခန္ဓာကိုယ်ပေါ်သို့ စာရွက်စာတမ်းနှင့်အဝတ်များတင်ကာ သောက်လက်စလက်ကျန်အရက်အား လောင်းချပြီး မီးရှို့ခဲ့ကြောင်း၊ ထို့နောက် ၎င်းလည်း အခန်းအတွင်းရှိ ငွေကျပ်(၄) သိန်းကျော်ခန့်၊ လက်တော့ (၁)လုံး၊ ဟန်းဖုန်း(၃)လုံးတို့အား ယူပြီး ခြံဝန်းအတွင်းရှိ YGN/7C-9401 Caldina အဖြူရောင် ယာဉ်အား စီးနင်းမောင်းနှင်ထွက်ပြေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်
https://www.facebook.com/pg/yezarnimedia
နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း အမျိုးသမီး(၁)ဦးကို မီးရှို့သတ်ခဲ့သည့် တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း အမျိုးသမီး(၁)ဦးကို မီးရှို့သတ်ခဲ့သည့် တရားခံအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ Reviewed by THITHTOOLWIN on 05:38 Rating: 5
Powered by Blogger.