ဘားအံမြို့နယ်တွင် ယာဉ်လမ်းရှင်းလင်းနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ညစောင့်ဝန်ထမ်းတစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရ၊ ပစ်ခတ်သူအား ချက်ချင်းဖမ်းဆီးရမိ


ဘားအံ အောက်တိုဘာ ၂၇

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ယာဉ်ကြောရှင်းလင်းရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဆောက်လုပ်ရေးဝန်ထမ်း တစ်ဦးကို ယနေ့ မွန်းလွဲပိုင်းက အမျိုးသားတစ်ဦး ဆိုင်ကယ်ဖြင့် လာရောက်ကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး နောင်လုံတံတားဆောက်လုပ်ရေးရုံးညစောင့် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၇ ရက် မွန်းတည့် ၁၂ နာရီခန့်က ဘားအံမြို့နယ် နောင်လုံတံတားတွင် ယာဉ်လမ်းရှင်းလင်းရေး ဆောင်ရွက်နေသည့် အိန္ဒု နယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ် မျိုးဇော်အောင်အား နံပါတ်မပါဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် အမျိုး သားတစ်ဦးက သေနတ်အတိုဖြင့် အနီးကပ်ပစ်ခတ် ခဲ့ကြောင်း၊ ပစ်ခတ်သည့်ကျည်ဆန်မှာ ရဲဒုတပ်ကြပ် မျိုးဇော်အောင်၏ ဝဲရင်ဘတ်မှ ကျည်ဝင်ပြီး နောက်ကျောသို့ ဖောက်ထွက်ကာ လုံခြုံရေးတဲပေါ်ရှိ ခုံတန်းတွင် ထမင်းစားနေသည့် နောင်လုံတံတား ဆောက်လုပ်ရေးရုံး ညစောင့်ဖြစ်သူ ကိုသက်လွင် (၄၆နှစ်) နောင်လုံကျေးရွာ ဘားအံမြို့နယ်နေသူ၏ ဝဲဘက်လက်မောင်းပါ ကျည်ဖောက်ထွက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား ဘားအံ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ရဲဒုတပ်ကြပ် မျိုးဇော်အောင်မှာ ရရှိခဲ့သည့် သေနတ်ဒဏ်ရာကြောင့် ဘားအံ ဆေးရုံကြီးတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်သူအား နောင်လုံတံတား ဖြတ်သန်းသွားရန် ရောက်ရှိလာသည့် ဘားအံ မြို့နယ် အိန္ဒုကျေးရွာ ကျိုက်ပွန်ကျောင်းဆရာတော် ဘဒ္ဒန္တကုသလ၊ အကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်းမှ ဦးအောင်ဝင်း(ခ) အညာသား၊ မြဝတီ မြို့နေသူ၊ ရဲမှုထမ်းအငြိမ်းစား ဦးလှဝင်းနှင့် ဦးသန်းကျော်စိုးတို့က ဝိုင်းဝန်းဖမ်းဆီးရာ သေနတ် ဖြင့် ပစ်ခတ်သူ စောသန်းနိုင်(၅၂ နှစ်) ကျော့ကေးကီး ကျေးရွာ ဟတ္တလိုက်ကျေးရွာအုပ်စု ဘားအံမြို့နယ် နေသူကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့နောက် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များထံ အပ်နှံခဲ့သဖြင့် အိန္ဒု နယ်မြေ ရဲစခန်းမှူး ရဲအုပ်မင်းအောင်ထွန်းက ဆက်လက်စစ်ဆေးခဲ့ရာ စောသန်းနိုင်ထံမှ လူဂါ အမျိုးအစား အနက်ရောင်ပစ္စတို သေနတ်တစ်လက်၊ ယင်းကျည်ကတ်တစ်ခု၊ ၉ မမ အမျိုးအစား ကျည်ခုနစ် တောင့်၊ ကျည်ခွံတစ်ခုတို့ကို ရှာဖွေသိမ်းဆည်းရရှိခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး အိန္ဒုနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရ သည်။

မင်းသူ(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ဘားအံမြို့နယ်တွင် ယာဉ်လမ်းရှင်းလင်းနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ညစောင့်ဝန်ထမ်းတစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရ၊ ပစ်ခတ်သူအား ချက်ချင်းဖမ်းဆီးရမိ ဘားအံမြို့နယ်တွင် ယာဉ်လမ်းရှင်းလင်းနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် ညစောင့်ဝန်ထမ်းတစ်ဦး  သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရ၊ ပစ်ခတ်သူအား ချက်ချင်းဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 10:33 Rating: 5
Powered by Blogger.