အောင်လ အန်ဆန်ဟာ လက်ဘနွန်က မိုဟာမက် ခရာခီကို အနိုင်ရပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ပြီ

အနိုင်ရပြီးနောက် မြန်မာအလံကို ကိုင်ပြီး အောင်ပွဲခံနေတဲ့ အောင်လ
One Championship သိုင်းပေါင်းစုံပြိုင်ပွဲရဲ့ ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်ဟာ စိန်ခေါ်သူ လက်ဘနွန် နိုင်ငံက မိုဟာမက် ခရာခီ ကို ပထမ အချီမှာတင် အနိုင် ရရှိခဲ့ပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့ ညက ကျင်းပခဲ့တဲ့ ချန်ပီယံကာကွယ်ပွဲမှာ မြန်မာ့ စပါးအုံးလို့လည်း နာမည်ကြီးတဲ့ အောင်လဟာ ပထမအချီစလို့ မကြာခင်မှာပဲ လက်သီးထိုးချက်တွေနဲ့ ပြိုင်ဘက်ကို အနိုင်ယူ ခဲ့ပါတယ်။

ခရာခီ ဟာ အောင်လ ကိုချုပ်ကွက် တွေနဲ့ လှဲသိပ်ဖို့ ကြိုးစားပေမယ့် အောင်လ ရဲ့ ပြင်းထန် တဲ့ လက်သီးချက်တွေကို ကာကွယ် နိုင်ခြင်း မရှိတဲ့ အတွက် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

လက်ဘနွန် နိုင်ငံဖွား မိုဟာမက် ခရာခီ ဟာ သိုင်းပေါင်းစုံ ပြိုင်ပွဲမှာ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ ပြိုင်ဘက် တစ်ယောက်ပါ။ အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မိုဟာမက် ခရာခီဟာ အရှေ့အလယ်ပိုင်း ဒေသရဲ့ အကောင်းဆုံး သိုင်းပေါင်းစုံ ကစားသမားလည်း ဖြစ်ပါတယ်။

အရင်တုန်း က သူဟာ သဲကန္တာရ သိုင်းပေါင်းစုံပြိုင်ပွဲ Desert Force ရဲ့ လိုက်ဟဲဗီးဝိတ် နဲ့ မစ်ဒယ်ဝိတ်တန်းတို့ရဲ့ ချန်ပီယံဟောင်း ဖြစ်ခဲ့ဖူးသူပါ။ သူဟာ ပြိုင်ပွဲ တစ်လျောက်မှာ သုံးပွဲ အလဲထိုး အနိုင်ယူ ခဲ့ဖူးပြီး ကျန်ငါးပွဲမှာတော့ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။

ထူးထူးခြားခြား ကချင်ပုဆိုးဝတ်ထားတဲ့ အောင်လနဲ့ ပြိုင်ဘက် ခရာခီတို ပွဲမစခင် ပရိသတ် ကို နှုတ်ဆက်
ခရာခီဟာ သိုင်းပေါင်းစုံ ပြိုင်ပွဲ တစ်လျောက်မှာ လက်သီး ထိုးအား ပြင်းပြီး ချုပ်ကွက် ကောင်းတဲ့ ခရာခီဟာ နောက်ဆုံး အချီအထိ ထိုးသတ်ခဲ့ပြီး အနိုင်ရခဲ့တဲ့ ပွဲက တစ်ပွဲပဲ ရှိခဲ့ပါတယ်။

မြန်မာ့ စပါးအုံး အောင်လ ကတော့ ဇွန်လ ၂၉ ရက်နေ့တုန်း က ကျင်းပခဲ့တဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ် ကာကွယ်ပွဲ အဖြစ် စိန်ခေါ်သူ ဂျပန် နိုင်ငံသား ခန်ဟစဲ့ ဂါဝါ ကို ၅ ချီ အထိ ထိုးသတ်ပြီး အလဲထိုး အနိုင်ရယူထားသူလည်း ဖြစ်ပါတယ်။

အခုပွဲမှာတော့ ပထမအချီ ၂ မိနစ်ကျော်မှာပဲ ပြီးသွားပေမယ့် အောင်လကတော့ ''ဒါက အစပဲ ရှိသေးတယ်။ ပိုကောင်းတဲ့ ပွဲတွေ လာဦးမယ်''လို့ ပွဲအပြီးမှာ ပြောသွားပါတယ်။

အောင်လဟာ ဒီပြိင်ပွဲမတိုင်ခင်က ဘီဘီစီမြန်မာပိုင်းနဲ့ မေးမြန်းခန်းမှာလည်း အခုပွဲမှာ ၃ ချီအတွင်း နိုင်အောင် ကစားမယ်လို့ ကြုံးဝါးခဲ့ပြီး တကယ့်ပွဲမှာတော့ အဲဒီထက်တောင် ပိုမြန်မြန် ပွဲသိမ်းပြီး ပထမအချီမှာတင် အနိုင်ကစားသွားနိုင်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
အောင်လ အန်ဆန်ဟာ လက်ဘနွန်က မိုဟာမက် ခရာခီကို အနိုင်ရပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ပြီ အောင်လ အန်ဆန်ဟာ လက်ဘနွန်က မိုဟာမက် ခရာခီကို အနိုင်ရပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ပြီ Reviewed by THITHTOOLWIN on 06:56 Rating: 5
Powered by Blogger.